(Z+U) Season (4)_ အပိုင်း(17)

990 52 0
                                    

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(17) -ပထမပိုင်း

ဘာလိုလိုနှင့် မိုးစက် အလုပ်လုပ်လာခဲ့သည်မှ တစ်လပြည့်လေပြီ။ ဒီကာလအတွင်း အကိုနှင်းထန်နှင့်လည်း ခဏခဏ ဆွေးနွေးရသည်။ အကိုနှင်းထန်က ရုံးတွင် မိမိနှင့်ပတ်သတ်မှုကို တရားဝင်ဖော်ထုတ်ချင်သည်။ ပြီးတော့ တရားဝင်ကို မိမိကို ပွဲထုတ်ချင်သည်။ ဒါကို မိုးစက်က ခါးခါးသီးသီးငြင်းသဖြင့် ထိုအကြောင်း စကားစလျှင် နှစ်ယောက်သား စကားများရတော့သည်။

မိုးစက်က သူ့ကို စိတ်၇ှည်စွာ၇ှင်းပြသည်။ နှစ်ယောက်သား နားလည်မှုရှိစွာနှင့် အတူနေလာခဲ့ပြီပဲ။ တပါးသူ အသိမှတ် ပြုခြင်း ၊ မပြုခြင်းက ဘာအရေးကြီးလို့လဲဟု မိုးစက်ခံယူသည်။ လောလောဆည် မိမိတို့နိုင်ငံက ဒီလို လိင်တူ အချစ်ကို လက်ခံစပြုလာသော်လည်း အများစုက ရှေးရိုးစွဲမမြင်ဖြင့် ရှိနေသေးသည်။ လူအများ အမြင်တွင် မျက်စိစပါးမွေးစူး အောင်ကြေငြာပြီး မနေချင်ပါ။

လိင်တူဖြစ်စေ၊ လိင်ကွဲဖြစ်စေ လူနှစ်ဦးချစ်ကြလျှင် အရင်ဆုံး တစ်ယောက်နှင့်တစ်ယောက်အတွေးအခေါ် အယူအဆ ကိုညှိယူရသည်။ ပြီးတော့ အတူနေပြီး ဘ၀ခရီးကို လျှောက်လှမ်းရင်း တစ်ယောက်ကို တစ်ယောက် ဖေးမကူညီရင်း တိုင်ပင်ဖော်တိုင်ပင်ဖက် အဖြစ်သေသည်အထိ အတူနေသွားကြမည်။ နာကျင်မှု၊ ပျော်ရွင်မှုကို အတူမျှဝေကြမည်။ မနက်တိုင်းကို အတူ နိုးထလာပြီး ညအိပ်ယာဝင်တိုင်း ဘေးတွင်အတူရှိနေမည်။ စိတ်အားငယ်သည့်အခါ ရင်ဖွင့်လို့ရမည်။ နာကျင်ခံစားရသည့်အခါ သူ့ရင်ခွင်ထဲကို တိုးဝင်ဖက်ထားပြီး အခက်ခဲကိုဆက်လက် ရင်ဆိုင်ဖို့ အားအင်တွေကို ကူးယူမည်။ ဒါက ချစ်သူတွေရဲ့ ဘ၀လို့ မိုးစက် ခံယူထားသည်။

ထို့ကြောင့် လူသိရှင်ကြား လက်ထပ်ခြင်း၊ လက်မထပ်ခြင်း၊ ပိုင်ဆိုင်မှု၊ ပွဲတက်တရားဝင် လက်တွဲဖော် ဘာတွေကိုမှ မိုးးစက် ကရုမစိုက်ပါ။ လူသိရှင်ကြားမဖြစ်လို့ကော အချစ်စစ်နဲ့ မချစ်ရတော့ဘူးလား။ ထို့ကြောင့် မိုးစက်သည် တရားဝင် လူသိရှင်ကြားလက်ထပ်မည့် အကြောင်းကို ပြောတိုင်း အကိုနှင့် ပြင်းပြင်းထန်ထန် စကားများ ခြင်းဖြစ်သည်။

ပြီးတော့ မိုးစက်က အလုပ်ခွင်ထဲတွင် မိမိနှင့် သူ၏ ပတ်သတ်မှုကို တရားဝင် ဖွင့်မပြောစေချင်ပါ။ လူအများကို သူ့အရှိန်နှင့် အလုပ်များကိုခြယ်လှယ်နေသည်ဆိုသည့် အမြင်မျိုးမ၀င်စေချင်ပါ။ အရာရာကို မိမိအရည်အချင်းနှင့်ပဲ တည်ဆောက်ချင်သည်၊ ထို့ကြောင့် သူက ဒါ၇ိုက်တာ ရာထူးပေးသည်ကို ခါးသီးစွာ ငြင်းပယ်ကာ အနုပညာဆိုင်ရာ Project Manager ဆိုသည့် ရာထူးကိုပဲ လက်ခံကာ အလုပ်ကို လုပ်နေခြင်းဖြစ်သည်။
တရားဝင် မဖော်ထုတ်တာတောင် အလုပ်ထဲတွင် လူအများ၏ အကြည့်စိမ်းနှင့် တစ်ဖက်စောင်းနင်း ယူဆချက်ကို မနည်း ဖြိုနေ၇သည်။ သူတို့ထင်တာ မှားသည်ဆိုတာကို မိုးစက် သက်သေပြနိုင်ရန် အလုပ်ကို ကြိုးစားသည်။ ယခု ထန်အုပ်စုမှ ထုတ်သည့် product အတွက် ၀သုန်နှင့် ရိုက်မည့် ကြေငြာအပြင် Company Image ကို မြှင့်တင်နိုင်မည့် Promotion Video အတွက် Idea များကို စဉ်းစားရသည်။ အများလုပ်နေသည့် ပုံစံကို မိုးစက် လုံးဝမကြိုက်ပါ။
ထို့ကြောင့် သူများမလုပ်ဖူးတာကို လုပ်ရန် အားချိန်တိုင်း Internet ပေါ်တွင် အချိန်ဖြုန်းကာ လေ့လာနေသည်။ ၀သုန်နှင့်လည်း ဆွေးနွေးသည်။ ထိုစဉ် သူ့ထံမှ ဖုန်းဝင်လာခဲ့သည်။

"ကိုယ်အောက်မှာ ရောက်နေပြီ မိုးစက်။ အခု ဆင်းခဲ့တော့။"
ဝသုန်က မိုးစက် မျက်နှာရှုံ့သွားသည်ကို တွေ့တော့ တဟားဟားရယ်ကာ နှစ်သိမ့်လိုက်သည်။
"အကိုနှင်းထန်ကို နားလည်ပေးပါကွာ။ "
မိုးစက် ဖိုင်များကို သိမ်းကာ ၀သုန်ကိုဘုကြည့်ကြည့်ရင်းပြောသည်။

"ဘာကိုနားလည်ပေးရမှာလဲ။ ငါက ရုံးဆင်းချိန်မှန်မှန်ဆင်းပြီး အိမ်ကို ပြန်နေတာကို မင်းက ၀မ်းသာနေတာလား။"
ဝသုန်က မိုးစက်ကိုပွင့်လင်းစွာပြန်ဖြေလိုက်သည်။

"အေး... ၀မ်းသာတယ်ကွ။ မင်းက အိမ်ထောင်သည်လေ မိုးစက်။ မင်း ဘယ်လောက် အလုပ်ကို လုပ်ချင်ပါစေ။ မင်းရဲ့ လက်တွဲဖော်ကို အချိန်ပေးရမယ်။ အလုပ်က အရေးကြီးတယ် ဆိုပေမယ့် ကိုယ်ချစ်တဲ့သူနဲ့ အတူတည်ဆောက် ထားတဲ့ အိမ်ထောင်ရေးကို ပြိုကွဲစေတဲ့အထိ မလုပ်သင့်ပါဘူးကွာ။"
မိုးစက် သက်ပြင်းချလိုက်သည်။ ၀သုန်ကို ရှင်းပြလည်း ဒီကောင် နားလည်မည်မဟုတ်ပေ။ နောက်မှ ပြောတော့မည်၊ ယခု ချက်ချင်းဆင်းမလာလျှင် အကိုနှင်းထန်နှင့် စကားများနေရဦးမည်။

"မနက်ဖြန် မင်းရိုက်ကွင်းရှိတယ်နော် ၀သုန် ။ နောက်မကျစေနဲ့။ ငါ အဲ့ကိုလာမှာ။"
ဝသုန်က မိုးစက်ကို ဘုကြည့်ကြည့်ကာ ပြောလိုက်သည်။

"မင်းက ဘာလာလုပ်မှာလဲ။"

"မင်း သရုပ်ဆောင်တာ လာကြည့်မလို့ပေါ့ကွ။ မင်း ကိုပြောထားပြီးသား။ ပေါ်ပင်ပုံစံတွေ သိပ်မလုပ်နဲ့။"

"ပေါ်ပင်က လူကြိုက်များတယ်ဆိုတာ မင်းမသိဘူးလား။"

မိုးစက် ၀သုန့်စကားကို ပြန်ချေပမည်အပြု သူ့ထံမှ နောက်ထပ် ဖုန်းဝင်လာသဖြင့် မိုးစက် သက်ပြင်းချကာ ၀သုန့်ကို နူတ်ဆက်ကာ အောက်ကိုဆင်းလာခဲ့သည်။
နှင်းထန်သည် ရုံးထဲမှ ထွက်လာသော မိုးစက်ကို ပြုံးကာကြည့်နေသည်။ မိုးစက် ဆင်းမလာမခြင်း ဖုန်းဆက်ကာခေါ်နေ သဖြင့် ချာတိတ်လေး မျက်နှာသိပ်မကြည်ပေ။

"ချာတိတ်.... ဒီနေ့ အလုပ်ဘယ်လိုလဲ.... "

"မဆိုးပါဘူး။ စိတ်တိုင်းတော့ မကျဘူး။ ၀သုန်နဲ့ အခြား သရုပ်ဆောင်တွေနဲ့ ရိုက်ထားတာကို ပြန်ကြည့်နေတာ။ ကျွန်တော် အားမရဘူး။"
မိုးစက် သည် ထိုင်ခုံခါးပတ်ကို ပတ်ရင်း ပြန်ဖြေသည်။ မိုးစက် စကားကိုနားထောင်ရင်း နှင်းထန် စဉ်းစားနေမိသည်။ မိုးစက်သည် တကယ့်ကို အလုပ်ကို စိတ်ထဲထည့်ထားသူပါလားဟု တွေးကာ ကားကို တနေရာသို့မောင်းလာခဲ့သည်။

"အိမ်မပြန်ဘူးလား အကို။"

"ညနေစာကို အပြင်မှာစားမလို့ ... ရှုခင်းကောင်းတဲ့နေရာလေးကို ခေါ်သွားမလို့ ။ ချာတိတ်လေးလည်း အကြံ ကောင်းလေးများရမလားလို့... ကိုယ့်ကလေးလေးလည်း အလုပ်နဲ့ အိမ်နဲ့ ဆိုတော့ စိတ်အပန်းပြေအောင် လုပ်ပေးမလို့။"
မိုးစက်သည် အကိုနှင်းထန်ပြောမှ သတိဝင်လာသည်။ အကို့ကို မိမိပစ်ထားသလိုဖြစ်နေပြီ။ ထို့ကြောင့် ကားမောင်းနေသော အကို့ဘက်ကို ယိမ်းကာ ပါးကို ဖြတ်ခနဲနမ်းလိုက်သည်။
နှင်းထန် အံ့သြသွားသည်။ မိုးစက် ဘာစိတ်ကူးပေါက်ပြီး မိမိကို လာနမ်းတာပါလိမ့်ဟုတွေးနေမိသည်။ ၀မ်းလည်းသာ သွားသည်။ မိုးစက်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

"ဘာလို့လဲ ချာတိတ်..."
မိုးစက်က သူ မလုပ်ထားသလို အပြင်ကို ငေးကာ ဖြေလိုက်သည်။

"ခုရက် အကို့ကို ပစ်ထားမိလို့ အလျော်ပေးတာ..."
နှင်းထန် သဘောကျစွာရယ်မောကာ ပြောလိုက်သည်.။

"ဟေး... ဒီလောက်နဲ့ မရဘူးလေ။ ညတိုင်း ကိုယ့်ကို တယောက်တည်း ပစ်ထားပြီး အလုပ်ထဲမှာ နစ်နေတာ အနမ်းလေးနဲ့ ရမလား။"
မိုးစက်က သူ့ကို မျက်မှောင်ကုတ်ကြည့်ကာ ပြန်ဖြေလိုက်သည်။

"ဘယ်မှာ ပစ်ထားလို့လဲ။ ညတိုင်း အကိုနဲ့ အတူအိပ်တဲ့ဟာကို... ည ၁၁ နာရီဆိုရင် လူကို အတင်းလာပွေ့ခေါ်သွား တာပဲ မလား။"
နှင်းထန် တဟဲဟဲရယ်ကာ မိုးစက်ကို အူယားစွာကြည့်နေမိသည်။

"ချာတိတ်က ညနက်မှ အိပ်ယာဝင်တော့ ကိုယ့်အတွက် တစ်ခါတည်းပဲ အချိန်၇တော့တာလေကွာ။"
မိုးစက် သူ့ကို မကျေမနပ်ကြည့်ကာ စူပွပွရေရွတ်လိုက်မိသည်။

"တစ်ခါတည်းမဟုတ်လို့ အကိုက ဘယ်နှစ်ခါ ဖြစ်ချင်ရတာတုံးဗျ။ ခုဟာက ညတိုင်း ခွင့်ပေးထား တော်ရောပေါ့။ တော်ပြီ။ ဒါဆို အခန်းပြန်ခွဲအိပ်တော့မယ်။"
မိုးစက်ပြောလိုက်သည်နှင့် နှင်းထန်က ကားကိုလမ်းဘေးကပ်ရပ်ကာ မိုးစက်ကို ဆွဲယူပြီး နူတ်ခမ်းပါးလေးကို ဒဏ်ခတ်ကာ ပြောလိုက်သည်။

"အခန်းခွဲမယ် ထပ်ပြောကြည့်။ ညတိုင်း ကောင်းကောင်းမအိပ်ရအောင်ကို လုပ်မယ်။"
မိုးစက်က သူ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"ခြိမ်းခြောက်တာလား အကိုက..."
နှင်းထန်က မျက်နှာထားကို လျော့ကာ ချော့လိုက်သည်။

"မခြမ်းခြောက်ပါဘူး။ အကို လုပ်ချင်တာကိုပြောတာ။ ကိုယ်က တနေကုန် ချာတိတ်ကိုလွမ်းနေတာ တခါတည်းနဲ့ အားမရဘူး။ ကိုယ့်ကို မသနားဘူးလားကွာ။"
မိုးစက်သည် သူ့ကို နှာခေါင်းရှုံ့ကြည့်ကာ ပြောလိုက်သည်။

"အကိုကလည်းဗျာ။ ညတိုင်း တစ်ခါ တော်ရောပေါ့။ ကျွန်တော်တို့ က တယောက်ကို တယောက်ချစ်နေကြတာပဲ လေဗျာ။ ပြီးတော့ ကျွန်တော်က မနက်ဆို စောစောထရတာ ဆိုတော့ အိပ်ေ၇းပျက်လို့ မဖြစ်ဘူးလေ။"
နှင်းထန်က မိုးစက်ကို စိုက်ကြည့်ကာ ပြောပြီးကားကို ဆက်မောင်းလာခဲ့သည်။

"မင်းကို ငဲ့လို့ ကိုယ့်စိတ်ကို ထိန်းထားတာပေါ့ကွ။ ကိုယ့်ချစ်တဲ့သူနဲ့မို့ ကိုယ်က အကြာကြိးချစ်ချင်လို့ပြောတာပါ။ ကိုယ်က သွေးသားကို တောင့်တလွန်းနေတာ မဟုတ်ဘူး။ ချာတိတ်ကိုပဲ တောင့်တနေတာ။"
သူပြောသည်ကို မိုးစက် နားလည်ပါသည်။ လက်လည်းခံပါသည်။ သို့သော် တချို့သော အရာက ပုံမှန်နည်းနည်ခြင်းပဲ ကောင်းသည်ဟု မိုးစက် လက်ခံထားသည်။ ထို့ကြောင့် အကိုနှင်းထန်ကို မလိုက်လျောခြင်းဖြစ်သည်။
မြစ်ကမ်းနားတွင် ဖွင့်ထားသည့် စားသောက်ဆိုင်လေးသည် တကယ်ကို အေးချမ်းတိတ်ဆိတ်ကာ စားစရာများလည်းအ ရသာရှိလှသည်၊ အဓိက ကတော့ နေ၀င်ဆည်းဆာ အလှက မိုးစက်ကို ဆွဲဆောင်နေသည်။ မိုးစက်သည် မြစ်ရေပြင်ကို ပုစွန်ဆီရောင်ပြောင်းလဲသွားစေသော နေ၀င်ဆည်းဆာအလှကို ငေးကြည့်ကာ ခဏက သူနှင့် စကားများထားသည်ကိုပင်မေ့သွားသည်။
"လှလိုက်တာ အကိုရာ။ တကယ့်ကို စိတ်ကို လန်းသွားတာပဲ..."
မိုးစက် ပြောရင်း သူ့လက်ကို ဆုပ်ကိုင်ထားမိသည်။ နှင်းထန်သည် မိုးစက်၏ လက်လေးကို ပြန်လည်ဆုပ်ကိုင်ထားကာ စကားမပြောပဲ ဆည်းဆာအလှကို အတူငေးကြည့်နေမိသည်။ ယခုလို ချစ်သူလေး၏ လက်ကို ဆုပ်ကိုင်က သဘာဝအလှကို ကြည့်နေခွင့်ရသည့် အချိန်လေးကို ထာဝရ ရပ်တန့်ထားလိုက်ချင်တော့သည်။ ရှားပါးလှသော အေးချမ်းကာ အမှတ်တရ အချိန်လေး မဟုတ်လား။
နံလေးမှ မိုးစက်ကို ကြည့်လိုက်တော့ မိုးစက်က အနားသပ်တောက်ပသည့် တိမ်များ၏အလှကို ငေးနေသည်။ မိုးစက်၏ မျက်နှာကို ဆည်းဆာနေခြည်နုနုက ပက်ဖြန်းထားသဖြင့် ပန်းသွေးကြွနေသည်။ သဘာဝ အလှတွင် စီးမျှော ပျော်ဝင်ကာ မိမိကိုပင် မော့လျော့နေလောက်အောင်ကို ဆည်းဆာနှင့် တစ်သားတည်းဖြစ်နေသော မိုးစက်ကို ကြည့်ကာ နှင်းထန် ချစ်စိတ်တို့ ပိုမိုတိုးလာခဲ့သည်။

"ချစ်တယ် မိုးစက်။မင်းကိုအရမ်းချစ်တယ်။ ကိုယ့်အသက်ထက် မင်းကို ပိုချစ်တယ် မိုးစက်လေး။"
နှင်းထန် စိတ်ထဲမှ ရေရွတ်နေမိသည်။ ချစ်သူလေး အနှောက်ယှက်ဖြစ်အောင် နူတ်မှ ဖွင့်မပြောတော့ပါ။ ချစ်သူလေး ၏ ပျော်ရွင်မှုကို မနှောက်ယှက်ရက်ပါ။ ဒါက နှင်းထန်၏ အချစ်ပါ။ မိုးစက်ကို ပျော်အောင်ထားမည်။ မိမိအချစ်သည် သူ့အတွက် အကျဉ်းထောင် တစ်ခု မဖြစ်စေရဟု ဆုံးဖြတ်လိုက်သည်။
မိုးစက်သည် ဆည်းဆာအရောင်ဖျော့သွားသည်အထိ သတိလက်လွှတ်ငေးကြည့်ပြီးမှ သတိဝင်လာခဲ့သည်။ အကို့ကို ကြည့်လိုက်တော့ မိမိကို ငေးနေသည်ကို တွေ့လိုက်ရသည်။

"အကို..."
အကိုနှင်းထန်၏ အကြည့်၊ အကို့မျက်ဝန်းစကားအရ မိမိကို ဘယ်လောက်ချစ်သည်ကို မိုးစက် ကောင်းကောင်း သိပါသည်။ ထို့ကြောင့် အကို့ကို တိုးတိုးခေါ်လိုက်သည်။ အကိုလည်း မိမိကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးသည်ကို မိုးစက် သိပါသည်။ ထို့ကြောင့် ညတိုင်း မိမိက သူ့အလိုက်ကိုလိုက်လျောနေခြင်းဖြစ်သည်။

"ဗျာ.... "
နှင်းထန် သူ့ကို ပြန်ထုးလို်က်သည်။ ရောမ ရုပ်ထုလို အပြစ်ကင်းကာ မိမိအသက်ထက် ချစ်ရသည့် ကလေးလေး၏ အလှတွင် နစ်မျောနေရာမှ ကလေးလေး ခေါ်လို့ ပြန်ထူးလိုက်ခြင်းဖြစ်သည်။

"အကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို ချစ်ပေးလို့..."
နှင်းထန်က ရယ်မောကာ ပြောလိုက်သည်။

"ကျေးဇူးတင်ရင်ပိုချစ်ပေးပါကွာ။"

"ဟုတ်ကဲ့။ "
မိုးစက် သူ့ကို အေးအေးဆေးဆေးပြန်ပြောလိုက်သည်။ နှင်းထန်သည် မိုးစက်၏ စကားကြောင့် မအောင့်နိုင်တော့ပဲ မိုးစက်ကို လှမ်းဖက်ထားလိုက်တော့သည်။ မိုးစက်က တချက်ရယ်ကာ သူ့ကို ပြောလိုက်သည်။
"အကို .... လူတွေနဲ့လေ...။ အိမ်ကျမှ ဖက်ဗျာ..."
နှင်းထန်က ရယ်ကာ ပြန်လွှတ်ပေးလိုက်သည်။ ချစ်သူ့ စကားက မိမိအတွက်အမိန့်ပဲ မဟုတ်လား။
အပိုင်း(17) -ဒုတိယပိုင်း

မိုးစက်နှင့် နားလည်မှုရရန် နှင်းထန် အတတ်နိုင်ဆုံးကြိုးစားသည်။ ချစ်လွန်းလို့ အခက်ခဲများကိုရင်ဆိုင်ကာ အတူနေထိုင်ရန်ကြိုးစားခဲ့သူ မဟုတ်လား။ မိမိအချစ်က သူ့အတွက် စိတ်အနှောက်ယှက်မဖြစ်စေရန် အတတ်နိုင် ဆုံး ကြိုးစားရမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။
ခက်တာက မိမိ၏ စိတ်ဖြစ်သည်။ မိုးစက်ကို အလုပ်ထဲတွင် တပါးသူနှင့် လိုသည်ထက် ရင်းနှီးသွားမည်ကို ကြောက် နေမိသည်။ ထိုစိတ်က မိုးစက်ကို မယုံသလိုဖြစ်နေမည်ကိုသိသော်လည်း နှင်းထန် ထိန်းလို့မ၇နိုင် အောင်ဖြစ်နေမိသည်။

ယခုလည်းကြည့်။ တနင်္ဂနွေပိတ်ရက်လေး အိမ်တွင် မိုးစက်နှင့် အေးအေးဆေးဆေး နေမည်ဟု စဉ်းစားကာ အစီအစဉ် များဆွဲထားသမျှ ညရောက်တော့ ဒင်းကလေးက ရုတ်တရက်ပြောလာခဲ့သည်။

"အကို မနက်ဖြန် ကျွန်တော် ၀သုန့်ရိုက်ကွင်းကို လိုက်ကြည့်မယ်နော်။"

"ပိတ်ရက်ကို သွားမလို့လား။ ကိုယ်က ချာတိတ်နဲ့ အတူနေမလို့တွေးထားတာကိုကွာ။"

"ကျွန်တော်တို့အဆင့်က ပိတ်၇က်ဆိုတာ သတ်သတ်မှတ်မှတ် မရှိဘူးလေဗျာ။ ပိတ်ရက်တိုင်းတော့ မဟုတ်ပါဘူး။ အခုက ၀သုန်ရဲ့ စီးရီးအတွက် ရိုက်တာလေးကို သွားကြည့်ချင်လို့ပါ။ သူ့ သီချင်းလေးတွေက ကောင်းတယ်။ ဘယ်လိုလေး ရိုက်မလဲဆိုတာ သိချင်လို့ပါ။"

"သိချင်ရင် ရိုက်ပြီးသားကို အိမ်လာပို့ခိုင်းလိုက်မယ်ကွာ။"

နှင်းထန်က အပြတ်ဖြတ်ပြောလိုက်သည်။ မိုးစက်က တချက်ရယ်ကာ အကိုနှင့် မျက်နှာချင်းဆိုင်တွင် ၀င်ထိုင်ရင်း မျက်နှာပုပ်နေသော အကို့ကို ဖြောင့်ဖြလိုက်သည်။

"အကိုကလည်း... ကျွန်တော်က ဒါရိုက်တာရဲ့ အရည်ချင်းကို သိချင်လို့ပါ။ အဲ့ဒါရိုက်တာကို ကျွန်တော်တို့ company မှာ ရိုက်သမျှ ကြေငြာတွေအတွက် ဌားမယ်လို့ ရည်၇ွယ်ထားတယ် မလား။ အဲ့ဒါ သူဘယ်လောက်ထိ တီထွင်ဖန်တီး နိုင်စွမ်းရှိတယ်ဆိုတာကို သိချင်လို့ သူ့ရိုက်ကွင်းကို လိုက်ကြည့်ချင်တာပါ။"

နှင်းထန်သည် အလုပ်အတွက် ထိုဒါရိုက်တာ ၏ အရည်အချင်းကို မိုးစက်သေချာသိချင်နေသည်ကို သိလိုက်သော်လည်း မိမိတို့ရုံးချူပ်မှ ဒါရိုက်တာ တစ်ဦးထောက်ခံထားသည့် လူဖြစ်သည့်အပြင် လောလော ဆည် နာမည်ကြိးနေသည့် လူငယ်ဒါရိုက်တာ တစ်ဦးဖြစ်သောကြောင့် နှင်းထန် ထိုလူငယ်ကို လက်လွှတ်မခံချင်ပေ။ ထို့ကြောင့်မိုးစက်ကို သေချာပြန်ဖြေလိုက်သည်။

"ဒါရိုက်တာ ကြယ်ပြာက လောလောလတ်လတ် အကယ်ဒမီဆုရထားတဲ့သူပါကွ။ သူ့၇ိုကိချက်တွေက မဆိုးပါဘူး။ ကိုယ် ကြည့်ဖူးတယ်။ "

မိုးစက် အကို့စကားကို မငြင်းပါ။ သို့သော် အကိုနားလည်အောင် အတတ်နိုင်ဆုံးရှင်းပြလိုက်သည်။

"ကျွန်တော်က ဒါရိုက်တာ ကြယ်ပြာကို မတော်ဘူးလို့ မပြောပါဘူး။ ဒါပေမယ့် သူကျွမ်းကျင်တဲ့အပိုင်းက ကျွန်တော်တို့ လိုချင်တဲ့အရာကို ပုံဖော်တဲ့နေရာနဲ့ ကိုက်ညီပါ့မလားဆိုတာ သိချင်လို့ပါ။ နော်... အကိုလည်း လိုက်ခဲ့လေ။ ညနေစာကို ကျွန်တော် လိုက်ကျွေးပါ့မယ်။ "

နှင်းထန်က မျက်နှာချိုသွေးကာ ပြောနေသော မိုးစက်၏ မျက်နှာထက်က အပြုံးချိုချိုကိုစိုက်ကြည့်ကာ ရှုတည်တည် နှင့်ပြောလိုက်သည်။

"၀သုန်လည်းပါမှာလား။ ညနေစာ သွားစားတာ။"

မိုးစက်က ရယ်မောကာ သူ့ကို ဖြေလိုက်သည်။

"မပါပါဘူး။ အကိုနဲ့ ကျွန်တော် နှစ်ယောက်တည်း။ အလုပ်လုပ်တာ တစ်လပြည့်သွားပြီဆိုတော့ အကို့ကို တခုခုလိုက်ကျွေးချင်နေတာ အတော်ပဲ။"

မိုးစက် ဥာဏ်များလိုက်ရသည်။ တကယ်တော့ အကိုနှင်းထန် မိမိကို သွားခွင့်ပြောရန် လျှောက်ပြောလိုက်ခြင်း ဖြစ်သည်။ နှင်းထန်က မိုးစက်၏ အပြောကြောင့် အင်တင်တင်နှင့် သဘောတူလိုက်ရသည်။

"အင်း....ဒါဆိုလည်းပြီးရောလေ...ကိုယ်က ချာတိတ်နဲ့ အိမ်မှာ အေးအေးဆေးဆေးနားမလားလို့ပါကွာ။ ခုတော့..."

နှင်းထန် ခပ်ညည်းညည်းပြောကာ ခွင့်ပြုလိုက်သည်။ ခွင့်မပြုလို့လည်းမရပေ။ အလုပ်သရဲလေးက အကျိုးသင့် အကြောင်းသင့် ပြောနေသည့်တိုင် မိမိက ခွင့်မပြုလျှင် ချာတိတ်က ကြည်မည် မဟုတ်ပေ။ သူလုပ်ချင်တာများ မလုပ်ရလျှင် ည မိမိကို သူ ခွင်ပြုမည် မဟုတ်ပေ။ ထို့ကြောင့်နှင်းထန်က မိုးစက်ကို လိုက်လျောပေးလိုက်ခြင်း ဖြစ်သည် ။

ပြီးတော့ ဒင်းကလေး၏ အပြုံးက မိမိကို မငြင်းနိုင်အောင် ညှို့ငင်နေသည် မဟုတ်လား။ နေဦး။ ဒင်းကလေး ခဏနေမှ တွေ့မည်ဟု တွေးလိုက်သည်။

"ကဲ..... ဒါဆို ကိုယ့်အိပ်ချင်ပြီ။ အိပ်ကြစို့။"

မိုးစက်က သူ့ကို တချက်ကြည့်ကာ ပြောလိုက်သည်။

"အကိုကလည်း အစောကြိးရှိသေးတယ်လေဗျာ။ အိပ်ချင် ကိုယ့်ဖာသာသွားအိပ်လေ ။ ကျွန်တော် ဇာတ်ကားကြည့်ဦးမယ်။ ဒီနေ့ ကျွန်တော် ကြိုက်တဲ့ စီးရီးလာမယ်ဗျ။"

မိုးစက်ပါးစပ်ထဲရှိတာ ပြောပြီး TV Channel လိုင်းကို ဖွင့်လိုက်သည်။ နှင်းထန်က သက်ပြင်းချကာ အောင့်သက်သက် နှင့် မိုးစက်ဘေးတွင် ၀င်ထိုင်ကာ ကြည့်နေလိုက်သည်။

"အကို အိပ်ချင်တယ်ဆို။ သွားအိပ်လေ."

"တယောက်တည်း မအိပ်ချင်ဘူး။ မင်းနဲ့မှ အတူအိပ်မယ်။"

"အင်း... သဘော..."

မိုးစက်က ညစ်ကျယ်ကျယ်ပြုံးကာ တကယ်ပင် တစ်ကားပြိးအောင်ထိုင်ကြည့်နေလိုက်သည်။ ဇာတ်ကားလည်း ပြီးရော နှင်းထန်က TV ကိုပိတ်လိုက်ပြီး မိုးစက်ကို ဆတ်ခနဲ ပွေ့ချီသွားတော့သည်။

"အာ... အကို ချပေးဦးလေဗျာ။"

"မင်းကိုစောင့်နေရတာ ကြာလို့ကွ။ လာတော့...."

နှင်းထန် ခေါ်ဆောင်ရာသို့ မိုးစက် ပါသွားတော့သည်။ သိသည်။ အကို မိိမိကို တမင်စောင့်နေသည်ဆိုတာကို။ မိုးစက် သူ့လည်ပင်းကို ဖက်ကာ လိုက်ပါသွားတော့သည်။

"အကိုကလည်း..... ကလေးလည်း မဟုတ်တော့တာဗျာ။"

"ကျုပ်အတွက် မင်းက ကလေးပဲ။ စကားမများနဲ့။ "

"ဟုတ်ကဲ့ပါ ခင်ဗျာ။"
မိုးစက် နောက်တောက်တောက်လေးပြောလိုက်သည်။ နှင်းထန်သည် မိုးစက်၏ ပြောဟန်ကို အူယားကာ အနမ်းဖြင့် ပိတ်လိုက်တော့သည်၊ အခန်းလေးထဲ ချစ်ခြင်း၏ ပန်းပွင့်များဖူးပွင့်လာတော့သည်။

ဝသုန်က မိုးစက်နှင့်အတူ အကိုနှင်းထန်ပါလိုက်လာသည်ကိုတွေ့သော် သူငယ်ချင်းကိုလက်မြှေက်သွားတော့သည်။

"တယ်တော်တဲ့ မိုးစက်။ ချစ်ချစ်ကြိးကို တခါတည်းစည်းရုံးနိုင်ခဲ့တယ်။ "
ဝသုန် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ အလုပ်စွဲသူငယ်ချင်းကို အကိုနှင်းထန် မထိန်းနိုင်တော့ဘူးထင်သည်။

မိုးစက်သည် ၀သုန့်ကို နူတ်ဆက်ကာ ရိုက်ကွင်းစသည်နှင့် သေချာကို ကရုစိုက်ကာ ကြည့်သည်။ ဒါရိုက်တာ ကြယ်ပြာကလည်း မလာစဖူး ဒေါက်တာနှင်းထန်ကိုယ်တိုင် သူ့ချစ်သူလေးနှင့် အတူ ရိုက်ကွင်းကို လာကြည့်သည်ကို တွေ့သော် ထူးဆန်းနေသည်။ ကိုရီးယားမင်းသားလေးလို ချောမွေ့သည့် မိုးးစက်ဆိုသည့် သူဌေး၏ ချစ်သူ ကောင်လေးကို ကြယ်ပြာ စိတ်ဝင်စားနေမိသည်။

မိုးစက်၏ မျက်လုံးက အင်မတန်ကို အသက်ဝင်ကာ သူ့အပြုံးက စွဲဆောင်မှုရှိသည်ကို သတိပြုမိလိုက်သည်။ မိုးစက်သာ မော်ဒယ် လုပ်လျှင် ....

ထိုအတွေးကြောင့် ကြယ်ပြာ မိုးစက်ကို စိတ်ဝင်စားကာ အကဲခတ်နေမိသည်။ မိမိက မိုးစက်ကို စိတ်ဝင်စားကာ လိုက်ကြည့်နေသဖြင့် မိမိကို သဘောမကျသည့်ပုံနှင့် တချက်တချက်ကြည့်နေသော သူဌေ.း ဒေါက်တာ နှင်းထန်ကို သတိမထားမိလို်က်ပေ။

နှင်းထန်က ထိန်းထားသည့်ကြားက ဒေါသ ဖြည်းဖြည်းခြင်းထွက်လာသည်။ ဘာလဲ။ ကြယ်ပြာဆိုသည့် အကောင် မိုးစက်ကို စူးစိုက်ကြည့်နေပုံက မိမိချစ်သူမှန်း သိလျက်နှင့် အတင့်ရဲလှသည်ဟု တွေးမိသည်။ သဘောမကျသလိုလည်း ခံစားလိုက်ရသည်။

ကြယ်ပြာက မိုးစက်ကို ဘာကြောင့် စိတ်ဝင်စားသည်ကို တွေးနေမိသည်။

မိုးစက်ကတော့ မိမိဘာဖြစ်နေသည်ကို ၇ိပ်မိဟန်မတူပါ။ ရိုက်ကွင်းမှ ၀သုန်သရုပ်ဆောင်သည်ကို စိုက်ကြည့်နေသည်။ မိုးစက်၏ အာရုံက ရိုက်ကွင်းတွင် အပြည့်ရှိနေသည် မဟုတ်လား။ မိမိအာရုံကတော့ မိုးစက်ထံနှင့် ကြယ်ပြာထံ ရောက်နေသည်။

ရိုက်ကွင်းပြီးသည်နှင့် မိုးစက်က ၀သုန့်ကို နူတ်ဆက်ကာ မိမိနှင့်ချက်ချင်းပြန်လာသဖြင့် နှင်းထန် ကျေနပ်သွားသည်။ ကြယ်ပြာကို မိုးစက် စိတ်မ၀င်စားသည်ကို နှင်းထန် ကျိတ်ပြီးကျေနပ်နေမိသည်။ တော်သေးသည်။ လူငယ် ဒါရိုက်တာလေးကို မိုးစက် စိတ်မ၀င်စားလို့ဟု တွေးကာ သက်ပြင်းချလိုက်မိသည်။

အချစ်စစ်၏တည်နေရာ- Season (4)Where stories live. Discover now