(Z+U) Season (4) - အပိုင်း(12)

1.1K 72 0
                                    

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(12) -

နှင်းထန်သည် မိုးစက်နှင့်အတူတူ အေးချမ်းစွာ ၃ ရက်နားနေသည်။ ထိုရက်များအတွင်း မိုးစက်ကို နေရာများစွာကို လိုက်ပို့သည်။ ညနေစာများကို အပြင်ထွက်စားသည်။ မိုးစက်က အိမ်တွင်စား၇န်ပြောသော်လည်း နှင်းထန်က လက်မခံပါ။ ချစ်သူနှင့် အတူအပြင်သွားချင်သည်။ အတူစားချင်သည်။ မိုးစက်နှင့် နေ့လည်များတွင် အတူအချိန်ဖြုန်း သည်။

မိုးစက် သူ့စေတနာကို နားလည်ပါသည်။ သူ့အချစ်ကိုလည်း သိပါသည်။ နေ့တိုင်း အလုပ်မရှိပဲ အိပ်လိုက်၊ စားလိုက်၊ လည်ပတ်လိုက်နှင့် နေရတာကို ပျင်းလာသည်။ ၀သုန်ဆိုလျှင် အလုပ်ရှိသည်။ မိမိလည်းအလုပ်လုပ်သင့်ပြီထင်သည်။ ပြီးတော့ မိမိက သူ့အရိပ်ကို ခိုကာဘာမှ မလုပ်ပဲ နေတာကို စိတ်မလုံပါ။

"အကို ကျွန်တော် အလုပ်လုပ်ပါရစေ။ "

မိုးစက်သူ့ကို တောင်းဆိုလိုက်သည်။ သူ ဘာပြောမည်ကို ကြိုတွေးမိပြီဖြစ်သည်။

"ဘာဖြစ်လို့လဲ မိုးစက်လေး။ အကိုက မင်းကို ခိုင်းစားစရာမလိုပါဘူး။ မင်းကို ဘာအလုပ်မှ မလုပ်ခိုင်းပဲ အေးချမ်းတဲ့ ဘ၀ကို ပေးမယ်လို့ ဆုံးဖြတ်ထားတာ။ အကို့ရင်ခွင်ထဲမှာ အေးအေးချမ်းချမ်းနေပါကွာ။ ချာတိတ်ဘာမှ ပင်ပန်းစရာမလိုပါဘူး။"

နှင်းထန်လည်း မိုးစက် ပြောလာမည်ကို သိပြီးထားပြီးဖြစ်သည်။ မိုးစက်ပြောမည်ကို စောင့်နေခြင်းဖြစ်သည်။

"မဟုတ်ဘူး အကို။ ကျွန်တော်အလုပ်လုပ်ချင်တယ်ဆိုတာ ဒီလို တယောက်တည်း အလုပ်အကိုင်မရှိပဲ နေရတာကို မကြိုက်လို့ပါ။ ကျွန်တော် အလုပ်လုပ်ချင်တယ် အကို။ ရာထူးကြီးဖို့မလိုဘူး။ အလုပ်လုပ်ပါရစေ။ ရုံးခွဲမှာပဲ ဖြစ်ဖြစ် ကျွန်တော့်ကို ခန့်ပါ။ "

မိုးစက် စိတ်ရှည်စွာဖြင့် သူ့ကို ခွင့်တောင်းလိုက်သည်။ သူ့ကို နားလည်အောင်ရှင်းပြရအုံးမည်။ သူ့သဘောကိုလည်း မိိမိသိသည်။ မိမိကို ခြေမွေးမီးမလောင် လက်မွေးမီးမလောင်ထားခြင်းဖြင့် သူ့အချစ်ကိုပြချင်နေခြင်းဖြစ်သည်။

"မခန့်နိုင်ဘူး။ မင်း အလုပ်အရမ်းစွဲနေတာကို အကို မကြိုက်လို့ပါ။ မင်းကို အကိုကြည့်နေတာ ဟိုဘက်မှာ မင်း အလုပ်ကို အရမ်းလုပ်လွန်းတယ်။ မင်းရဲ့ မူလပုံစံတောင်ပျောက်သွားအောင်ကို မင်း အလုပ်ကိုစွဲနေတယ် မိုးစက်။ မင်းကို အကို အလုပ်နွံထဲက ဆွဲထုတ်ချင်တယ်။ "

နှင်းထန် သည် မိုးစက်ကို ကြည့်ကာ ပြတ်သားစွာပြောလိုက်သည်။ ဟုတ်သည်။ ဘယ်နည်းနှင့်မှ မိုးစက်ကို မိမိအလုပ်မခိုင်းနိုင်ပါ။

"အကို အထင်လွဲနေပြီထင်တယ်၊ အလုပ်ကို စွဲတာ မဟုတ်ပါဘူး။ ကျွန်တော် နိုင်သလောက်ပဲ လုပ်တာပါ။ ပြီးတော့် တကယ်တမ်းပြောရရင် အလုပ်လုပ်နေတာ ကိုယ်က လူရာဝင်တယ်ဆိုတဲ့ခံစားချက်ကို ကျွန်တော်ကြိုက်တယ်။ အကို့စေတနာကိုလေးစားပါတယ်။ သဘောလည်းပေါက်ပါတယ်။ ဒါပေမယ့် ကျွန်တော့် သဘောကိုလည်း တင်ပြပါရစေ။ ကျွန်တော် အလုပ်လုပ်ချင်တယ် အကို။ အလုပ်လုပ်ပါရစေ။"

မိုးစက်သည် သူ့ကို ထပ်ပြီးရှင်းပြလိုက်သည်။ စိတ်ကိုလည်း အတော့်ကို ရှည်ရှည်ထားရသည်။ ဒီလိုပဲ လူနှစ်ယောက် အတူ နေလျှင် မည်မျှချစ်သည် ဖြစ်ပါစေ သူ့အယူအဆ၊ ကိုယ်အယူအဆကို ညှိရသည်ကို မိုးစက် နားလည်ခဲ့ပြီးဖြစ်သည်။

သူပြောတာက သူ့အနေနှင့် မှန်ကောင်းမှန်နိုင်သည်။ သူ့နေရာ သူ့ခံစားချက်အနေနှင့်ကိုး။ သို့သော် မိမိနေရာက ကြည့်လျှင် အဆင်မပြေနိုင်တော့ပေ။ မိမိဆိုလိုသည်ကို သူလက်ခံလာအောင် ပြောပြ ရုံပဲ ရှိသည် မဟုတ်လား။ မုန်းလို့ ပြောနေသူကိုရှင်းရတာ လွယ်သည်။ သို့သော် ချစ်လို့ပြောလာသူဆိုတော့ သူလည်းစိတ်မဆင်းရဲသွားအောင် ပြောတတ်ဖို့တော့လိုသည်။

"ခွင့်မပြုနိုင်ဘူးကွာ။ မင်းကို အလုပ်လုပ်ခိုင်းရင် လူတွေက ကဲ့ရဲ့ကြလိမ့်မယ်။"

နှင်းထန်သည် မိမိပြောသည်ကို လက်မခံပဲ သူလိုချင်သည်ကို ထပ်ခါထပ်ခါ ရှင်းပြကာ ပြောနေသည် မိုးစက်ကို ကြည့်ကာ နည်းနည်းစိတ်တိုချင်လာသည်။ မိုးစက် ဘာပြောပြော စနေ၏ အတွေးအခေါ်များလွှမ်းမိုးနေသည်ကို မိမိမနှစ်သက်ပေ။ နားခါးသည်။ မိမိက ချစ်လို့ ထားသည်ကို သူက ဘာလို့ စကားရှည်နေရတာလဲ။ မိမိစေတနာထက် အရာကို ဘာလို့ ဂရုစိုက်ချင်ရတာလဲ။ တကယ်ဆိုလျှင် မိမိက နေဆို နေလိုက်ဖို့ကောင်းသည် မဟုတ်လား။ အခုတော့ မိမိကို လေသံအေးအေးနှင့် ရှင်းပြနေပုံက နှင်းထန်ကို ဒေါပွလာစေသည်။ နှင်းထန်သည် မိုးစက်ကို မျက်မှောင်ကုတ် ကြည့်ကာ ပြောလိုက်မိသည်။

"အလုပ်မလုပ်ပဲ ထိုင်စားရင်လူတွေ ကျွန်တော့်ကို ဘယ်လိုမြင်ကြမလဲ။ အကို့စည်းစိမ်းကို မက်လို့ ယောက်ျားခြင်း ပိုင်းစားနေတယ်လို့ မြင်ကြလိမ့်မယ်ဗျ။"

မိုးစက်လည်း မိမိအမြင်ကို ပြတ်သားစွာပြောချလိုက်သည်။ ဟုတ်သည်လေ။ ယောကျာ်းခြင်းချစ်တာကို လက်မခံရသည့်ကြားထဲ မိမိက ဘာအလုပ်မှ မလုပ်ပဲ နေလျှင် လူတွေမြင်မှာ တစ်ခုတည်းဖြစ်သည်။ ဒါကို သူထည့် မတွေးမိဘူးတဲ့လား။

မိုးစက်၏ စကားကိုကြားသော် နှင်းထန် ရင်ထဲ အောင့်သွားပြီး ပြန်ပြောရန်ပြင်လိုက်စဉ် ဖုန်းဝင်လာခဲ့သဖြင့် နှင်းထန် သက်ပြင်းချကာ ဖုန်းကိုင်လိုက်သည်။ ခဏပြောပြီးနောက် နှင်းထန်ကမိုးစက်ကို တောင်းပန်သည်။
"ဆောရီး ချာတိတ်။ ဆောက်လုပ်ရေးဆိုက်က အရေးကြီး ကိစ္စပေါ်လို့ အပြင်သွားလိုက်ဦးမယ်။ ပြန်လာမှ ဆက်ဆွေးနွေးကြတာပေါ့နော်။ "

မိုးစက်လည်း သူ့အလုပ် အရေးကြီးနေသဖြင့် စိတ်အနှောက်ယှက် မပေးချင်သောကြောင့် ခေါင်းငြိမ့်ကာ အိမ်တွင်ကျန်ရစ်ခဲ့သည်။ သူလည်းထွက်သွားတော့ မိုးစက်ပျင်းလာသည်။ ၀သုန်ထံကို ဖုန်းဆက်ကြည့်တော့ သူနားသည်ဆိုတော့ သူ့တိုက်ခန်းကို ထွက် လာခဲ့သည်။

"မင်း အားလို့လား။ မင်း လာတော့ မင်း ဘိုးတော်က ငါ့ကို ပြောနေပါ့မယ်ကွာ. သူက မင်းရှိလို့ အလုပ်ကိုတောင်မလာဘူး။ သူ့ဖားသားကြီး ပွက်နေတယ်လို့ကြားတယ်ကွ။ "

ဝသုန်က မိုးစက်ကို ဆီးကာ ပြောလိုက်သည်။ မိုးစက် ပြန်မဖြေသေးပဲ ဆိုဖာပေါ်လှဲချကာ စားပွဲပေါ်မှ အယ်လ်ဘမ် စာအုပ်ကို ယူကြည့်ရင်းဖြေလိုက်သည်။

"သူက အလုပ်ကိစ္စ အရေးကြီးလို့ ထွက်သွားတယ်။ ဦးမင်းထန်ကလည်း ပြန်မလာသေးပါဘူးကွ။ သူ ဘယ်လိုပွက်နိုင်မှာလဲကွ..."

မိုးစက် ပျင်းရိစွာပြောလိုက်သည်။ ဘာမဟုတ်သည့် အကြောင်းများကို ပြောရတာ ကို ပျင်းလာသည်။

"ပြင်သစ်ကနေ လှမ်းပြောတာတဲ့ကွ။"

ဝသုန်က မိုးစက်အတွက် ဘီယာဗူးကိုဖောက်ပေးပြီး ပြောလိုက်သည်.။

"မင်းက သိလှချည်လား။ ငါတောင် ဘာမှ မသိဘူး။ အကို ဘာမှ မပြောဘူးကွ။"

မိုးစက်သည် ဘီယာကို တငုံသောက်ကာ ပြောလိုက်သည်။ မျက်လုံးကတော့ အင်မတန်ကို ကြည့်ကောင်းလာသော ၀သုန်၏ ပုံများကို ကြည့်နေသည်။ စိတ်ကလည်း အကဲဖြတ်နေမိသည်။ မိမိသူငယ်ချင်း ၀သုန်၏ အကြည့်နှင့် မျက်နှာပေးက ဆွဲဆောင်မှုရှိလာသည် မဟုတ်လား။

"မင်းကို သူက ဘယ်အသိခံပါ့မလဲ။ ငါက အလုပ်ခွင်ထဲဆိုတော့ ကြားနေရတာပေါ့။ ကဲ ပြောပါဦး။ မျက်နှာလည်း မသာမယာနဲ့။ ဘာဖြစ်လာပြန်တာလဲ။"

ဝသုန်သည် မိုးစက်အနားကိုလာထိုင်ရင်း မေးလိုက်သည်။

"ဘာမှ မဖြစ်ပါဘူးကွာ။ ပျင်းလို့။ သူလည်းမရှိဘူးဆိုတော့ မင်းဆီထွက်လာတာ။"

မိုးစက်က ဘီယာကိုမော့သောက်ပြိး ၀သုန့်ကို မော့ကြည့်ကာ ဖြေလိုက်သည်။

ဝသုန်သည် သူငယ်ချင်းကို ကြည့်ကာ အကဲခတ်နေသည်။ ကြည့်ရတာ အနားယူသည့် တပတ်အတွင်း မိုးစက်ပိုပင်ပန်းနေသည့် ပုံပေါ်နေသည်။ တက်ကြွမှုကင်းနေသည်။ အရာရာကို ငြီးငွေ့နေပုံပေါ်နေသည်။

မိုးစက်က ၀သုန်၏ ဓါတ်ပုံစာအုပ်ကို ယူကြည့်နေရင်း မိမိကို ၀သုန်အကဲခတ်နေသည်ကို သိတော့ မော့မကြည့်ပဲ
လှမ်းမေးလိုက်သည်။

"မင်းကငါ့ကို မမြင်ဖူးလို့ ကြည့်နေတာလား။ ဘာလဲ အရမ်းချောလာလို့လား။"

"မင်းအခွက်က တက်ကြွမှုကင်းလို့ဟ။ ဘာဖြစ်ရတာတုန်း။ ချစ်သူနဲ့ အတူတူနေတာတောင် မျက်နှာက အီးမှန်ထားသလိုပဲ။ သြော် သိပြီ...."

ဝသုန် မျက်နှာရှုံ့သွားသည်။ လုပ်ပြီ။ ဒီအကောင်တော့။ နည်းနည်းတော့ကြပ်လိုက်ဦးမည်ဆိုပြီး ပေါက်ကရ ပြောလိုက်သည်။

မိုးစက် သည် ၀သုန်၏ မှတ်ချက်စကားကြောင့် နှာတွေးတွေးတော့မည်ကို သိကာ မော့ကြည့်ပြီးပြောလိုက်သည်။း

"ဟေ့ကောင်... မင်းထင်သလို မဟုတ်ဘူးကွ။ ကိုယ်ဖြစ်ချင်တာကို လှိမ့်တွေးမနေနဲ့။"

မိုးစက် မျက်နှာ နည်းနည်းနီနေသည်။ ပျာပျာသလဲငြင်းပုံကို ကြည့်ကာ ၀သုန် မအောင့်နိုင်ပဲ အော်ရယ်လိုက်သည်။. မိုးစက်သည် အကိုနှင်းထန်ကို ချစ်သော်လည်း အတူနေတာ ကြာပြီးဖြစ်သော်လည်း မိမိပြောလိုက်တိုင်း မျက်နှာနီသွား စမြဲပင်။

"ကဲ ပြောစမ်းပါဦး။ အခုက ဒေါက်တာနဲ့ ဘာဖြစ်လာတာလဲ။ စကားများတာလား။"

ဝသုန်က မိုးစက်ကို စိတ်ရှည်စွာမေးလိုက်သည်။

"အင်း ဆိုပါတော့။"

မိုးစက် စိတ်မပါ လက်မပါဟန်ဖြင့် ဖြေသည်။ ၀သုန် အံ့သြသွားသည်။ မိုးစက်နှင့် အကိုနှင်းထန် ရန်ဖြစ်စကားများစရာ ဘာမှ မရှိနိုင်ဟုတွက်ထားမိသည် မဟုတ်လား။ သူတို့အချစ်က အခက်အခဲများကို ကျော်ဖြတ်ပြီး မှတ်ကျောက်တင်ခဲ့ ပြိးဖြစ်သည်။

"နေပါဦး။ ရောက်တာမှ တပတ်မရှိသေးဘူး။ ဘာ စကားများစရာရှိလို့လဲ။"

ဝသုန် စိတ်ဝင်စားစွာမေးလိုက်သည်။
"အလုပ်လုပ် ချင်လို့ပြောရင်း စကားများကြတာပါ။ ဘာမှ မဟုတ်ပါဘူး။"

မိုးစက် တိုတို တုတ်တုတ်ဖြေလိုက်သည်။ ဖြေရင်း သူ့ကို နည်းနည်းစိတ်တိုချင်လာသည်။

"သြော် သိပြီ။ မင်း မရွှင်လန်းနေတာ ပျင်းလို့ကိုး။ သူ အလုပ်မသွားပဲ အဖော်ပြုပေးနေတာပဲကွာ။ ပျင်းချိန်ရသေးလို့လား။"

ဝသုန်ရယ်ရင်း ပြောလိုက်သည်။ မိုးစက် စိတ်ညစ်နေသည်ကို နည်းနည်းပြေသွားအောင်လုပ်လိုက်ခြင်းဖြစ်သည်။

"အလုပ်မလုပ်ရပဲ တနေ့တနေ့ အိပ်လိုက်၊ စားလိုက်၊ လျှောက်လည်လိုက်နဲ့ ပျင်းလို့သေတော့မယ်။ "

မိုးစက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဟ.. မင်း နေရာကို လိုချင်တဲ့သူတွေ ပေါလွန်းလို့။ စည်းစိမ်အပြည့်နဲ့ နေစမ်းပါကွာ။ မင်း ကလည်း ဆင်းရဲကိုလိုက်ရှာလိုက်တာ မိုးစက်ရာ။"

ဝသုန် မျက်ခုံးပင့်ကာ ပြောလိုက်သည်။ တကယ့်ကောင်။ မိမိသူငယ်ချင်းကတော့ ဂေါက်သွားပြီဟု တွေးလိုက်မိ သည်။ ဘယ့်နှယ်။ သူ့ကျမှ အလုပ်မလုပ်ရလို့ စိတ်ဆင်းရဲသည်တဲ့လေ။

"အလုပ်လုပ်တာ ဆင်းရဲ မဟုတ်ဘူး ၀သုန်။ အလုပ်မလုပ်ပဲ နေတာက ဆင်းရဲကွ။ မင်းစဉ်းစားကြည့်။ ငါက ခြေလက် အကောင်းအတိုင်းရှိတယ်။ လုပ်နိုင်တဲ့ ခွန်အားလည်း ရှိတယ်။ လုပ်ချင်စိတ်လည်းရှိတယ်။ အဲ့ဒါကို အလုပ်မလုပ်ပဲ ငါက အချိန်နဲ့ နုပျိုမှုကို ဖြုန်းတီးရမှာလား။ ပြီးတော့ ကိုယ့် ခွန်အားကြောင့်ရလာတာ မဟုတ်တဲ့ စည်းစိမ်ကို ခံစားနေရာတာကို ငါ စိတ်မသန့်ဘူး။ "

မိုးစက် စိတ်ပေါက်ပေါက်နှင့် ထပ်ရှင်းပြရပြန်သည်.။ မိမိသူငယ်ချင်း အရင်းခေါက်ခေါက်ကိုပင် နားလည်အောင်ပြောနေရသည် ဆိုကတည်းက မဟုတ်တော့ပေ။ ဘာတွေလည်း။ အလုပ်လုပ်တာကို ဘာလို့ဒီလောက်ကြောက်နေရတာလဲ ဟုတွေးမိသည်။

"ဘာမသန့်စရာရှိလို့လဲကွာ။ မင်းကလည်း အတွေးခေါင်တာ။ "

ဝသုန် ကမိုးစက် ကိုဖြောင့်ဖြရန်ကြိုးစားလိုက်သည်.

"အတွေးခေါင်တာ မဟုတ်ဘူးကွ။ အလကားရလာတဲ့ အရာဆိုတာ လောကမှာ မရှိဘူး။ ငါက ကိုယ့်ခွန်အားကို မရင်းရင် အဲ့လို စည်းစိမ်ခံမှုအတွက် ငါ့ သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ရင်းရလိမ့်မယ်။ လူတွေက ယောက်ျားခြင်း ပိုင်းစားတယ်လို့ ပြောကြလိမ့်မယ်ကွ။"

မိုးစက်ကတော့ မရပေ။. သူ့ခံယူချက်အတိုင်းပြတ်သားစွာပြောလိုက်သည်။

"မင်းကတော့ကွာ။ ဘယ်သူမှ မပြောပါဘူးကွ။ "

ဝသုန်က လေပျော့လေးနှင့် ပြောလိုက်သည်။ မိုးစက်ကို ကြည့်ရတာ တကယ်ကို စိတ်တိုနေပုံရသည် မဟုတ်လား။

"ပါးစပ်က မပြောရင်တောင် မျက်လုံးကပြောတယ်ကွ။"

မိုးစက် စိတ်တိုတိုနှင့် သူငယ်ချင်းကို ဟောက်ရင်းပြောလိုက်သည်.။ စိတ်လည်းတကယ်တိုလာပြီ။ သူငယ်ချင်းကော ဘာကော နားမလည်တော့ ။ လေသံက နည်းနည်းမာလာချင်သည်။

"ဟုတ်မှ မဟုတ်တာကွာ။ ခေါက်ထားလိုက်စမ်းပါ။ "

ဝသုန်ကတော့ သူငယ်ချင်းအကြောင်းကို သိသူပီပီဆက်နှစ်သိမ့်နေသည်။ ဒီအကောင် ဒီည ဒေါသပိုပိုကြီးလာမှ မြင်ယောင်သေးသည်။

မိုးစက်သည် ၀သုန်၏ စကားကို ပြန်ပြောမည်မပြု ဖုန်းဝင်လာသဖြင့် နံပတ်ကို ကြည့်လိုက်သည် ။ နံပါတ်ကို မြင်သည်နှင့် ဒေါသများပင်လွင့်သွားတော့သည်။

"ဟယ်လို အကိုကြီး..."

မိုးစက် ပြုံးကာ ထူးလိုက်သည်။ မိမိ၏ ဒေါသများလည်း လျော့ပါးသွားတော့သည်။ အကိုကြီးက မိမိကို အဲ့လောက်ကိုလွှမ်းမိုးနိုင်လွန်းသည် မဟုတ်လား။

မိုးစက်သည် အကိုကြီးနှင့် ဖုန်းပြောလိုက်စဉ် ရင်ထဲမှ မကျေနပ်မှုတို့ လျော့ပါးသွားသလို ခံစားရသည်။ အကိုကြီးက မိမိရင်ဆိုင်နေရသော အခက်ခဲအားလုံးကို ဖြေရှင်းပေးလိမ့်မည်ဟု ထင်နေမိဆဲဖြစ်သည်။

"အကိုကြီး"

မိုးစက် ၀မ်းသာစွာဖြင့်ထူးလိုက်သည်။ အကိုကြီး၏ အသံကို ကြားလိုက်သည်နှင့် မိုးစက်အားတက်သွားသည်။

"ချာတိတ်လေး။ အခု ဘာကို အလိုမကျဖြစ်နေတာလဲ။"

စနေထွဋ်ခေါင်က မိုးစက်ကို ချက်ချင်းတန်းမေးလိုက်သည်။ ညီလေး၏ အသံက ပုံမှန်မဟုတ်ပေ။ သေချာတာက မိုးစက်တခုခုကို စိတ်အလိုမကျဖြစ်နေသည်။

"အကိုကြီး ဘယ်လိုသိတာလဲ။ ကျွန်တော် စိတ်ရှုပ်နေတာကို..."

မိုးစက် အနည်းငယ်လန့်သွားပြိးပြန်မေးလိုက်သည်။

"မင်းရဲ့လေသံကိုနားထောင်ပြိး မင်းဘာဖြစ်နေတယ်ဆိုတာကို မသိရင် မင်းရဲ့ အကိုကြီးမလုပ်တော့ဘူး မိုးစက်လေး။ ပြော အကိုကြီးကို ။ ညီလေး ဘာအဆင်မပြေဖြစ်နေလဲ။"

စနေထွဋ်ခေါင်က သဘောကျစွာပြုံးကာ မေးလိုက်သည်။ ကလေးလေး ဘာတွေဖြစ်နေသည်ကို နားထောင်ချင်သည်။

"ဟင့်အင်း။ ဘာမှ မဖြစ်ဘူး။"

မိုးစက် ဗြောင်ငြင်းလိုက်သည်။ အကိုကြီး ကို ၀န်မခံချင်သေးပါ။

"မင်း အကိုကြီးကို ဘယ်တုန်းက လိမ်လို့ရလို့လဲ ကလေးလေး။ ပြောပါ။ အကိုကြီးမင်းကို ဘယ်လိုမှ မထင်ဘူး။ အကိုကြီးကို အကိုရင်းလို သဘောထားရင်ပြောပါ။"

စနေထွဋ်ခေါင်က မိုးစက်ကို ချော့ကာ မေးလိုက်သည်။ သူ မိမိဆူမှာစိုးလို့ မပြောသည်ကို သိလိုက်သည်။

"ကျနော် အလုပ်လုပ်ချင်တယ် အကိုကြီး။ အကိုကြီးရဲ့ company ခွဲ ရန်ကုန်မှာ လာမဖွင့်ဘူးလား။ ကျွန်တော့်ကို အလုပ်ခန့်ပါဗျာ။"

မိုးစက် အင်တင်တင်နှင့်ပြောလိုက်သည်။

"မင်း ဒေါက်တာနှင်းထန်ကို ပြောပြီးပြီလား။ "

စနေသည် မိမိကြိုတွက်ထားပြီးသည့်အတိုင်းဖြစ်လာသဖြင့် ပြုံးမိသည်။

"ဟုတ်ကဲ့။သူက လုပ်ခွင့်မပေးဘူး အကိုကြီး။ ကျွန်တော့်ကို ချစ်လို့ လိုလေသေးမရှိထားမယ်တဲ့။ ကျွန်တော် မှီခိုရတဲ့ ဘ၀မှာ မနေချင်ဘူး။ ကျွန်တော် အလုပ်လုပ်ပါရစေ အကိုကြီး။ ကျွန်တော့်ကို အလုပ်ပေးပါ။"

မိုးစက် အကိုကြိးကို ဖွင့်ပြောကာ ပူဆာလိုက်သည်။ အကိုကြီးသာဆိုရင် မိမိကို ကူညီနိုင်သည်ကို သိသည်။

"ညီလေး မိုးစက်။ မင်း ဒေါက်တာ နှင်းထန်ကို သေချာ ခွင့်တောင်းပြီးပြီလား။ သေချာဆွေးနွေးပြီးပြီလား။ မင်း ဘာကြောင့် အလုပ်လုပ်ချင်တယ်။ သူက ချစ်လို့အလုပ်လုပ်ခွင့်မပေးပေမယ့် သူ့လုပ်စာထိုင်စားရတာ မင်း ဘယ်လို ခံစားရတယ်ဆိုတာကို သူသိအောင် မင်းသေချာ ပြောပြဖူးရဲ့လား."

စနေထွဋ်ခေါင်က မိုးစက်ကို သေသေချာချာ မေးလိုက်သည်။ လေသံက ပေါ့ပေါ့ပါးပါးမှ အလုပ်အကြောင်းပြော သလိုဖြစ်သွားသည်။

"ပြောတယ် အကိုကြီး။"

မိုးးစက်လည်း ရိပ်မိသဖြင့် သေချာပြန်ဖြေလိုက်သည်။

"သေသေချာချာ နှစ်ယောက်ထိုင်ပြိး ဆွေးနွေးဖူးရဲ့လား။"

အကိုကြီးက တိတိကျကျမေးလာသောအခါ မိုးစက် သက်ပြင်းရှိုက်မိလိုက်သည်။ ဟုတ်သားပဲ။ မိမိ သေချာ ထိုင်ပြီး သူနှင့် မဆွေးနွေးရသေးပါလား ဟု တွေးမိသည်။

"အဲ့လိုတော့ မပြောဖြစ်ဘူး အကိုကြီး ။ပြောရင်းနဲ့ စကားများနေတာ။ အဲ့ချိန် သူ အလုပ်ပေါ်လို့ အပြင်ထွက် သွားတယ်... အကိုကြီး။"

မိုးစက် လေသံပျော့လေးနှင့် ပြန်ဖြေလိုက်မိသည်။

"မင်း အများကြီးလိုသေးတယ် မိုးစက်။ မင်းလည်း လုပ်ငန်းတခုကို ဥိးစီးဖူးတာပဲ။ လုပ်ငန်းထဲမှာ ထဖက်သားနဲ့ကိုယ် သဘောထားတွေ ညှိနှိုင်းတာ၊ ကို မင်းဘယ်လိုလုပ်ခဲ့တာလဲ။ မင်းမေ့သွားပြီလား။"

စနေထွဋ်ခေါင်က မိုးစက်ကို ဆူလိုက်သည်။ မိမိသင်ပေးထားလို့ သူကိုယ်တိုင်လုပ်ခဲ့သည်ကို ပြန်သွားလို့ တပတ်လောက်ပဲ ရှိသေးသည် မေ့ပစ်လိုက်တာကို စိတ်တိုမိသည်။

"အကိုကြီး အဲ့ဒါ လုပ်ငန်းပိုင်းလေ။ အခုက ချစ်သူတွေကြားဗျ။ အဲ့လိုညှိဖို့လိုလို့လား။"

မိုးစက် အနည်းငယ်တော့ အကိုကြိးကို စောဒက တက်လိုက်သည်။.

"လိုတာပေါ့ကွ။ မိုးစက် မင်းအတော် နားဝေးတာပဲ။ ချစ်သူလည်း လူပဲလေ။ လုပ်ငန်းပိုင်းလုပ်တဲ့သူတွေတောင် လုပ်ငန်းလုပ်ကိုင်တာ အဆင်ပြေဖို့မင်း သေချာ အစည်းဝေးခန်းမထဲတောင် ထိုင်ပြီး အခြေတင် အကျေလည်း ညှိရ သေးတာပဲ။ မင်း နဲ့ ကိုနှင်းထန် စာကြည့်ခန်းထဲ ခဏထိုင်ပြီး သေချာညှိသင့်တယ် မထင်ဘူးလား။ သူပြောတာလည်း သေချာနားထောင်။ ပြီး၇င် မင်း ပြောချင်တာကို သေချာပြော။ ဘယ်လိုပြောရမယ်အထိ ပြန်သင်ပေးရအုံးမလား မိုးစက်။"

စနေထွဋ်ခေါင်က စိတ်တိုလာပြီး မိုးစက်ကို သေချာပြောကာ ဆူလိုက်သည်။

"မဟုတ်ပါဘူး အကိုကြီး။ ကျွန်တော်သဘောပေါက်ပါပြီ။"

မိုးစက်က အကိုကြိး တကယ်စိတ်တိုလာသည်ကို သိတော့ လေသံလျော့သွားပြိး တောင်းပန်လိုက်သည်။ ဟုတ်သည်လေ။ မိမိကလည်းလိုသွားသည် မဟုတ်လား။ ချစ်သူတွေပဲဆိုပြီး မိမိပြောလျှင် ချက်ချင်းရမည်လို့ ထင်ခဲ့မိသည်။ သူကလည်း မိမိကိုသူ့ချစ်သူဆိုတော့ အပိုင်ပေါက်တွက်ပုံရသည်။ မိမိလည်း သူ့ကို အပိုင်ပေါက် တွက်သည်ဆိုတော့ အဲ့မှာ တွေ့ကြသည်ဟုထင်သည်။

"အကိုကြီးက မင်း လုပ်ချင်တယ်ဆိုရင် Company တခု ချက်ချင်းထောင်ပေးလို့ရတယ်။ ဒါပေမယ့် စည်းဆိုတာ ရှိတယ်။ မင်း က လောလောဆည် ဒေါက်တာနှင်းထန်ရဲ့ ချစ်သူ။ သူနဲ့ အတူနေနေတယ် ။ အရင်ဆုံး မင်း သူ့ကို အသေအချာ ရှင်းပြပါ။ သူက လုံးဝကို နားမထောင်ဘူး။ လက်မခံဘူးဆိုရင် ပြော။ အကိုကြီး မင်း ကို Company တခုထောင်ပေးမယ်။"

စနေထွဋ်ခေါင်က မိုးစက်ကို လေသံအေးအေးဖြင့် ပြန်ချော့လိုက်သည်။ အကျိုးသင့်အကြောင်းသင့်လည်း ပြန်ပြောလိုက်သည်။

"အကိုကြိး တကယ်နော်။"

မိုးစက်ဝမ်းသာသွားသည်။ အဆူခံရကြိုးနပ်သွားသည်။ အကိုနှင်းထန် မိမိကို အလုပ်မပေးလျှင် အကိုကြီး မိမိကို အလုပ်ပေးနိုင်သည် မဟုတ်လား။

"အကိုကြိး မင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ။"

စနေထွဋ်ခေါင်က ပြုံးကာ ပြန်ဖြေလိုက်သည်။ မိုးစက်လေး ပျော်သွားသည်ကို မိမိဖုန်းထဲမှ လေလိုင်းထဲမှ ခံစားမိလိုက်သည် မဟုတ်လား။ ချစ်သော ညီလေးအတွက်မိမိဘာမဆိုလုပ်နိုင်ပါသည်။ သို့သော် မိမိ စေတနာ ရှိတိုင်း လုပ်ပေးလို့မရပါ။ သူက ယခု သူများချစ်သူဖြစ်နေသည် မဟုတ်လား။

"အဲ့သဘော ပြောတာ မဟုတ်ပါဘူး။ ကျွန်တော် ၀မ်းသာသွားလို့ပါ။"

မိုးစက် သည် အကိုကြိးကို ရယ်မောကာ ပြန်ဖြေလိုက်သည်။

"ညကျရင် သူနဲ့ သေချာဆွေးနွေးလိုက်ပါ့မယ် အကိုကြီး။"

မိုးစက် ကျေနပ်စွာပြောလိုက်သည်။ သူနှင့် အခြားအကြောင်းကို ခဏပြောပြီးဖုန်းချလိုက်သည်။ စိတ်လည်း အတော့်ကို ပေါ့ပါးသွားတော့သည်။ ပျော်သည် အရမ်းကို ပျော်သည်။ အကိုကြီးက မိမိကို အမြဲပျော်အောင်လုပ်ပေး နိုင်သည်ကို ယုံကြည်သည်။

မိုးစက်ဖုန်းချပြိးသည်နှင့် အရင်ဆုံး ပြူးပြဲကာ စိုက်ကြည့်နေသော ၀သုန်နင့် ရင်ဆိုင်တိုးမိသည်။

"ဘာကြည့်တာတုံးကွ။ မမြင်ဖူးဘူးလားး။"

မိုးစက်ဟန်ကိုယ့်ဖို့ နှင့် ဆီးဟောက်လိုက်သည်။ ဒိကောင်က မလွယ်ပေ။ မိမိကို ပြောမှ သေချာသည်။

"သြော် မင်းမျက်နှာ ခွေးတက်လျက်လို့ရတယ် ချိုနေလို့လေ။"

ဝသုန်က ထင်သည့် အတိုင်းကောတော့သည်။ မိုးစက် အသံတိတ်ဆဲလိုက်သည်။

"ဘာဖြစ်ရတာတုံး အေပေး။ "

မိုးစက် က ၀သုန်ကို မနာအောင်ထိုးကာ ပြောလိုက်သည်။

"သြော် မင်း ဟိုလူကြီးကို အတော်ချစ်တာပဲနော် မိုးစက်။ မင်းဖုန်းပြောတာကို ကြည့်နေတာ ပြုံးချိုနေတာပဲကွ။"

မိုးစက် သူ့ကို တွေတွေငေးငေးကြည့်ကာ မေးလိုက်သည်။.

"မင်း ငါနဲ့ အကိုကြိးကို တခုခုထင်နေတာလား။"

ဝသုန်ငြင်းလိုက်သည်။

"မထင်ပါဘူး။ မင်း တို့ သံယောဇဉ် အရမ်းကြီးကြတာကို ပြောတာပါ။ သူကလည်း မင်းအတွက် ဘာမဆိုလုပ်ပေး မယ့်ပုံပဲကွ။"

မိုးစက် ငြိမ်သွားသည်။ ပြီးမှ ၀သုန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ငါ ဟိုမှာ အရမ်းပျော်ခဲ့တယ် ၀သုန်။ အကိုကြီးက ငါ့ကို ပျော်အောင်ထားခဲ့တယ်။ ငါ အလုပ်လုပ်တယ်။ ကိုယ် ဘယ်လောက် အသုံးကျတယ်ဆိုတာကို လက်တွေ့သိရတယ် -၀သုန်။ ငါ အလုပ်လုပ်ရလို့ပျော်တယ်"

ဝသုန်သည် သူငယ်ချင်း၏ ခံစားချက်ကို နားလည်သွားသည်။ ထို့ကြောင့်သက်ပြင်းရှိုက်ကာ ကြည့်နေမိသည်။ အကိုနှင်းထန်သာ မိုးစက်၏ စိတ်ကိုနားမလည်လျှင် မိုးစက်၏ အချစ်ကို ဆံုးရှုံးရနိုင်သည်ကိုတွေးနေမိသည်။
မဖြစ်စေချင်ပါ။ သူတို့လည်း တကယ်ကိုချစ်ခဲ့ကြသည် မဟုတ်လား။ မိမိ ၀င်ပါမှ ဖြစ်တော့မည်။ အကိုနှင်းထန်ကို ကူပြောပေးရမည် ဟု တွေးမိသည်။

အချစ်စစ်၏တည်နေရာ- Season (4)Where stories live. Discover now