(Z+U) Season (4)_ အပိုင်း(32)

1.1K 58 1
                                    

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(32)

မိုးစက်သည် အကိုကြီးနှင့် တွေ့ ပြီးရင်ဖွင့်ပြောလိုက်ရသဖြင့် အတော်ကိုပေါ့သွားသည်။ အကိုနှင်းထန်၏ လက်ကို တွဲကာ ဖြစ်လာသမျှကို ရင်ဆိုင်မည်ဆိုသည့် ဆုံးဖြတ်ချက်လည်းပိုခိုင်မာလာခဲ့သည်။ ယခင်က မိမိကို အကိုမည်မျှ ချစ်ခဲ့သည်၊ မည်ပေးဆပ်ခဲ့သည်ကို ပြန်လည်မြင်ယောင်လာခဲ့သည်။

"ကျွန်တော့်ကို ချစ်ခဲ့လို့ အကိုဘယ်တော့မှနောင်တ မရစေရဘူး...အကို .. အကိုက ကျွန်တော့်ကို ချစ်ခြင်းရဲ့ လှပမှုတွေကို ပြသပေးခဲ့သူပါ။ ပြီးတော့ ကျွန်တော် အကို့ကို ချစ်တယ်။"

မိုးစက် သည် ရန်ကုန်တွင် ကျန်ရစ်ခဲ့သည့် အကို့ကို စိတ်ထဲမှ တိုင်တည်ပြောနေမိသည်။

စနေသည် သားဖြစ်သူ အတုလကို စိုက်ကြည့်ကာ သားသူ့ဖာသာ ဖွင့်ပြောလာမည်ကို စိတ်ရှည်စွာစောင့်နေသည်။ ဘာလိုလိုနှင့် မိမိမျက်စိရှေ့မှာ သားပင် အရွယ်ရောက်လာခဲ့လေပြီ။ ပြီးတော့ အချစ်ဆိုသည့်အရာကို သား ရှာဖွေတွေ့ ရှိခဲ့လေပြီ။ တစ်ခုပဲရှိသည်။ သားချစ်နေသော သူက မိန်းကလေး မဟုတ်ပဲ ယောက်ျားလေးဖြစ်နေတာပဲ ရှိသည်။

စနေကတော့ လိင်နဲ့ပတ်သတ်လို့ အစွဲလန်းမထားပါ။ ယောက်ျားလေးဖြစ်လို့ မိန်းကလေးပဲ ချစ်လို့ရသည်ဆိုသည့် ကျဉ်းမြောင်းသော အတွေးမရှိပါ။ လွတ်လပ်သည့် လူလူချင်း မည်သူမဆို ချစ်ခွင့်ရှိသည်။ တခုပဲရှိသည်။ ပိုင်ရှင်ရှိပြီးသားလူ၊ အိမ်ထောင်ရှိသည့်လူကို ချစ်မိလျှင်တော့ မိမိထိုချစ်ခြင်းကို တားမြစ်ရလိမ့်မည်။ အတုလကို အပြစ်ကင်းသည့် ချစ်ခြင်းကိုသာ ပိုင်ဆိုင်စေချင်သည်။

"ဒယ်ဒီ ကျွန်တော့်ကို စိတ်ဆိုးလားဟင်..."

အတုလက ဒယ်ဒီ့ကို မေးလိုက်သည်။ ဒယ်ဒီက ဘာမှမပြောပဲ စိတ်ရှည်လက်ရှည်နှင့် မိမိကို ကြည့်နေသည် မဟုတ်လား။ စနေက ခေါင်းခါကာ သေချာ ထပ်မေးလိုက်သည်။

"၀သုန်က လွတ်လပ်တဲ့လူပဲ။ သား သူ့ကို ချစ်တာကို ဒယ်ဒီဘာလို့ စိတ်ဆိုးရမှာလဲ။ တစ်ခုပဲရှိတယ်။ သူက သားကို ချစ်ရဲ့လား။"

"အဲ့ဒါတော့ ကျွန်တော်မသိဘူး ဒယ်ဒီ။"

အတုလ ရိုးသားစွာဖြေလိုက်သည်။ ဟုတ်သည်။ မိမိကို ၀သုန်က နွေးထွေးသည်။ ကြင်နာသည်။ ဂရုစိုက်သည် ဆိုတာကလည်း သူငယ်ချင်းလို ခင်လို့လည်းဖြစ်နိုင်သည်။ မိမိက သူ့ကို ချစ်တိုင်း သူက မိမိကို ချစ်လို့ ထိုသို့လုပ်ပေးနေသည်ဆိုပြီး ပေါတောတော နဲ့ မထင်တတ်ပါ။

"အင်း.... မင်းဘက်က ချစ်ရင်တော့ ကိုယ့်စိတ်ကို ပြင်ဆင်ထားပေါ့။ လိင်တူ ချစ်ခြင်းဆိုပြီး မင်းရဲ့ အချစ်က ဘာမှ တွန့်ဆုတ်စရာမလိုဘူး။ ဖြူစင်တဲ့ချစ်ခြင်းက အေးချမ်းပါတယ် သား။"

စနေက အတုလကို စိတ်ထားတတ်အောင်ပြောပြလိုက်သည်။ မိုးစက်သည် အကိုကြီးနှင့်အတုလ ပြော နေသည်ကို နားထောင်ပြီးနောက် ၀င်ပြောလိုက်သည်။

"အကိုကြီးကို ကျွန်တော် သဘောကျတာ အဲ့လို သဘောထားကြီးတာ လည်းပါတယ်ဗျ။ "

စနေက ပြုံးရယ်ကာ မိုးစက်ကိုကြည့်နေလိုက်သည်။ မိုးစက်ပြောချင်တာကို မိမိသိသည်။ မိုးစက် မိမိကို တခါက ပြောဖူးသည် မဟုတ်လား။ အခုလည်းထပ်ပြောပြန်ပြီ။

"သဘောထားကြီးတယ် ဟုတ်လား မိုးစက်။ "

"အင်းလေ... အကိုကြီးက ကျား၊မ ခွဲခြားစိတ်နဲ့ ဘောင်ကျဉ်းကျဉ်းထဲမှာ စိတ်ကိုပိတ်လှောင်မထားဘူး။ အရင်က ငါ အကိုနဲ့ပတ်သတ်ပြီး စိတ်ဆင်းလွန်းလို့ နာကျင်ရတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်နေမိတယ်။ မိန်းကလေး တစ်ယောက်ကိုသာ ချစ်မိရင် ငါ အဲ့လို နာကျင်ရမှာမဟုတ်ဘူး။ အဲ့လောက် အခက်ခဲများမှာ မဟုတ်ဘူး။ အခုတော့ အကိုနှင်းထန်လာချစ်တာကို လက်ခံမိလို့။ သူ့ကိုပြန်ချစ်မိလို့ လူကြားထဲ ဖွင့်ပြောမရပဲ နာကျင်ခံစားခဲ့ရတယ်ဆိုပြီး အပြစ်စွဲစိတ်ဖြစ်လာတယ်။ "

"အာ.... မင်းကလည်း ဆိုင်မှ မဆိုင်တာ...."

အတုလက မိုးစက်ကို ပြောလိုက်သည်။ မိုးစက်က ပြုံးကာ ပြန်ဖြေသည်။

"အဲ့တုန်းက စောမြ၀တီနဲ့ သူက ကလေး တစ်ယောက်ရပြီ။ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေ အားလုံး က သူတို့ မိသားစု ပျော်ရွှင်ပါစေဆိုပြီး ဆုမွန်ကောင်းတောင်းပေးနေတယ်။ ငါက သူတို့ကြားကို ၀င်သွားမိတဲ့ အပိုလူသက်သက်လို စကားတင်းတွေဆိုကြတယ်။ အဲ့ဒဏ်ကို ငါ အတော်ခံရတယ်။ အဲ့ချိန် အကိုကြီးက ငါ့ကို ပြောခဲ့တဲ့စကားတွေကြောင့် ငါရှေ့ဆက်နိုင်ခဲ့တာ။"

အတုလက မိုးစက်ကို သိချင်စိတ်နှင့်မေးလိုက်သည်။

"ဒယ်ဒီက ဘယ်လိုပြောခဲ့တာလဲဟင်။"

မိုးစက်သည် မိမိကို ကြင်နာစွာငေးကြည့်နေသည့် အကိုကြီးကို ချစ်ခင်လေးစားစွာ ပြန်ကြည့်ကာ အတုလကို ပြောပြရန် သူ့ကို တိုက်တွန်းလိုက်သည်။

"အကိုကြီး ပြန်ပြောပြပေးပါလား... အတုလနဲ့ ကျွန်တော် ထပ်ကြားရအောင်လို့..."

"မင်းပဲ ပြောပြလိုက်ပါကွာ။ မင်းပြောတာကို ကိုယ်နားထောင်ချင်တယ်။"

အကိုကြီး နားထောင်ချင်သည် ဆိုသောကြောင့် မိုးစက် ပြန်ပြောလိုက်သည်။

"ယောကျာ်းဖြစ်လို့ မိန်းကလေးကို ချစ်ရမယ်။ မိန်းကလေးဖြစ်လို့ ယောကျာ်းလေးမှ ချစ်ရမယ်ဆိုပြီး ကိုယ့်နှလုံးသားကို ဘောင်ကန့်သတ်ပြီး ညှင်းဆဲစရာမလိုဘူး။ လူဆိုတာ ကိုယ့် ကံကြမ္မကိုယ်ဖန်တီးရတာ။ ချစ်ခြင်း တရားက အပြစ်ကင်းတယ်။ ပတ်ဝန်းကျင်ကို မထိခိုက်စေဘူး။ တဖက်သားကိုလည်း မထိခိုက်စေဘူး။ ပြီးတော့  ကိုယ့်ကိုယ်ကိုလည်း မထိလိုက်စေဘူးဆိုရင် အဲ့အချစ်က အပြစ်ကင်းတယ်။ အဓိက ကိုယ်ချစ်တဲ့သူက အိမ်ထောင်ရှိ တဲ့သူ၊ ပိုင်ရှင်ရှိတဲ့သူ မဟုတ်ခဲ့ဘူးဆိုရင် လူ့ကျင့်ဝတ်ကိုလည်း မဆန့်ကျင်လို့ အပြစ်ကင်းတဲ့ ချစ်ခြင်းဖြစ်တယ်တဲ့။"

စနေသည် မိမိပြောခဲ့သည့်အတိုင်း တစ်လုံးမလွဲပြန်ပြောပြနိုင်သော မိုးစက်လေးကို ငေးကြည့်ရင်း ရင်ဝယ်ကြည်နူး နေမိသည်။

"ဒယ်ဒီ.... ဘယ်လိုလုပ်ပြီး အဲ့လို တွေးတတ်သွားတာလဲ။"

အတုလက မေးလိုက်သည်။ ဟုတ်သည်လေ။ မိမိသိသည့် ဒယ်ဒီဆိုတာ အင်မတန်ကို ခက်ထန်ကြမ်းတမ်းသည့် လောကတွင် ကျင်လည်ကာ ခါးစောင်းတင်ထားနိုင်သူ မဟုတ်လား။ ဒေါ်လေးငယ်ကို ချစ်သည့် အချစ် သူရဲကောင်းကြီးဖြစ်သည်။ ဒေါ်လေး ငယ် သေသွားပြီးနောက် ဒယ်ဒီ့ဘ၀က အလုပ်ပြီးအလုပ်သာ ဖြစ်ခဲ့သည်။

မိမိတို့သားအမိ နိုင်ငံခြားကို ထွက်သွားချိန်က ဒယ်ဒီ့ပုံစံက အသက်ရှင်နေသည့် စက်ရုပ်နှင့်မခြားတော့ပေ။
သို့သော် မိမိ အရင်တခါ ပြန်လာတော့ ဒယ်ဒီပြောင်းလဲစပြုလာပြီ။ လူပီသလာသည်။ အရင် မမြင်ဖူးသည့် နူးညံ့ခြင်း တို့ကို ပြန်လည်မြင်ခဲ့ရသည်။ဒါက အချစ်ရဲ့ တန်ခိုးဟု မိမိယုံကြသည်။ မိုးစက်ကို ချစ်သည့် အတွက် ဒယ်ဒီ ပြောင်းလဲ လာခြင်းဖြစ်သည်ကို ယခု ပိုသိလာခဲ့လေပြီ။

"မိုးစက်နဲ့တွေ့မှ တွေးတတ်လာတာ။"

မိုးစက်သည် အကိုကြီး၏ စကားကြောင့်အံ့အားသင့်သွားခဲ့သည်။ မိမိကြောင့် ထိုသိုတွေးတတ်သွားတာတဲ့လား။

"ကျွန်တော့်ကြောင့်.....ဟုတ်လား"

"ဟုတ်တယ်။ မင်းက ဒေါက်တာနှင်းထန်ကို ချစ်တဲ့အချစ်က ကျုပ်ကို ဘောင်ထဲကနေ ဖောက်ထွက်လာစေတယ်၊ မင်းက ကာယကံရှင်မို့ ထူပူနေပြီး အတွေးခေါင်နေလို့ ကိုယ်က မင်းကို နည်းနည်းပြောပေးလိုက်တာ။ တကယ်တော့ ချစ်ခြင်းရဲ့ လှပပြီး အပြစ်ကင်းတာကို မင်းက အရင်ပြသပေးခဲ့တယ်။"

မိုးစက်သည် ရင်ဝယ်ကြည်နူးခြင်းဖြင့် အကိုကြိီးကိုငေးကြည့်နေမိသည်။

"အင်း.... အခုမှ ဇတ်ရည်လည်တော့တယ်။ အိုကေ.....ကျွန်တော် နားလည်ပြီ ဒယ်ဒီ။ ကဲ ကျွန်တော်ရဲ့ နှလုံးသားရေးက အိုကေပြီဆိုတော့ ဒယ်ဒီဖြစ်တဲ့ ရောဂါကို သေချာကုဖို့ စီစဉ်တော့မယ်..."

အတုလ၏ စကားကို မိုးစက် ခေါင်းငြိမ့်ကာ ထောက်ခံသည်။

"ဟုတ်တယ် အကိုကြီး။ အကိုကြီးကို ကျွန်တော် လိုအပ်သေးတယ်။ ကျွန်တော့်အတွက် မုန်တိုင်း အကြီးကြီးလာ ဦးမယ်။ ကျွန်တော့်ကို စိတ်ဓါတ်ခွန်အားတွေပေးဖို့ အကိုကြီး ဆေးကုတာကို မြင်ချင်တယ်။ ကျွန်တော့် အတွက်၊ အတုလအတွက် အကိုကြီး ဆေးကုပေးပါ။ "

စနေသည် နှစ်ယောက်ပေါင်းကာ မိမိကို ဆေးကုရန်ပြောနေသည့် လူငယ်လေးများကိုကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။

"အင်း....."

မိုးစက်နှင့် အတုလက စနေကိုပြေးဖက်လိုက်ကြသည်။ ဖြစ်လာသည့် ရောဂါကို မကုပဲ သေရွာသွားဖို့ လက်လျော့ကာ ပြင်ဆင်နေသည့် အကိုကြီးကို မိုးစက် ဘယ်လိုမှ မကြည့်ရက်ပါ။ ပျောက်သည်ဖြစ်စေ၊ မပျောက်သည်ဖြစ်စေ နောက်ဆုံးအချိန်ထိ ဇွဲမလျော့ပဲ ကုသနေတာကိုပဲ မြင်ချင်သည်။

အကိုကြီးဆိုသည့် လူက ဘယ်အရာကိုမှ လွယ်လွယ် အလျော့မပေးတတ်သည့် ဇွဲကြီးသည့် လူတစ်ယောက်ပဲ မဟုတ်လား။ စနေထွဋ်ခေါင်ဆိုသည့် အင်မတန်ကို ကြံ့ခိုင်သည့် လူသည် မိုးစက် မြင်ဖူးသမျှထဲတွင် အကြင်နာတတ်ဆုံး၊ အကြံ့ခိုင်ဆုံး ဖြိုဖျက်လို့ မရသည့် ကျောက်ဆောင်ကြီးလို လူသားတစ်ယောက်မဟုတ်လား။

မိမိအတွက် အကိုကြီးကို အကြာကြီးအသက်ရှင်နေစေချင်သေးသည်။အကိုကြီးကို ကျေးဇူးပြန်မဆပ်ရသေးဘူး မဟုတ်လား။ အကိုကြီးကို တသက်လုံးအဖော်လုပ်ပေးချင်သည်။ တသက်လုံးအကိုကြီးရဲ့ ညီအဖြစ် ချစ်ခင်သွားမည်။
အကိုကြီးကို ပြုစုပေးချင်သည်။ ဒါက မိုးစက်ရဲ့ စိတ်ရင်းပါ။

x.................x...........................x........................x.......
ဦးမင်းထန်သည် မိုးစက်ခရီးထွက်သွားသည်လို့ကြားတော့ သားဖြစ်သူကို လာမေးသည်။

"သား........ မိုးစက်ကို စနေထွဋ်ခေါင်ဆီ သွားဖို့မင်းခွင့်ပြုလိုက်တာလား။"

"ဟုတ်တယ် ဒယ်ဒီ။"

"မင်းကိုလည်း ဒယ်ဒီ အကျိုးကြောင်းအားလုံး သိအောင် ပြောပြပြီးသား။ ဒါကို မင်းက အမှတ်မရှိပဲ သူ့တိတ်တိတ်ပုန်း ဆီ ကို လွှတ်လိုက်သေးတယ် ဟုတ်လား။ မင်း ကို သူ ဘယ်လို သွေးဆောင်ဖျားယောင်းထားတာလဲ နှင်းထန်။ မင်းကို ငါ့သားလို့ ပြောရမှာ ငါရှက်တယ်။"

"ကျွန်တော်တို့ အိမ်ထောင်ရေးကို ကျေးဇူးပြုပြီး ၀င်မစွတ်ဖက်ပါနဲ့ ဒယ်ဒီ။ မိုးစက်က ဒယ်ဒီထင်သလို မဟုတ်ဘူး။ မိုးစက်ရဲ့ ကိုယ်ကျင့်တရားကို ကျွန်တော်ယုံကြည်တယ်။"

"မင်း နွားပဲ နှင်းထန်။ ယောကျာ်းလေး တစ်ယောက်ကို မင်းအဲ့လောက် ဒူးထောက်အောက်ကျို့ပြီးချစ်တယ်ဆိုတာ အဖေ တစ်ယောက်အနေနဲ့ ငါ ဘယ်လိုလုပ်ပြီးကြည့်နေနိုင်မှာလဲ။ မင်း ဒယ်ဒီ့ဘက်ကို နည်းနည်းတော့ပြန်ကြည့်ဦး မှပေါ့..။ အခုမင်းကြောင့် ဒယ့်ဒီ့ စီးပွားရေး၊ လူမှုရေး လောက်မှာ ဘယ်လောက်အရှက်ရတယ်ဆိုတာ မင်းမတွေးမိဘူးလား နှင်းထန်။"

"ဒယ်ဒီအရှက်ရအောင် ကျွန်တော်က လူ့ကျင့်ဝတ်ကို ချိုးဖောက်နေတာလည်း မဟုတ်ဘူး။ သူများ သားမယားကို ကျူးလွန်စော်ကားနေတာလည်း မဟုတ်ဘူး။ ဥပဒေကို ချိုးဖောက်နေတာလည်း မဟုတ်ဘူး ဒယ်ဒီ။"

"မင်း လူမှုရေးစံတွေကို ကျူးလွန်ခဲ့တယ်။ ချိုးဖောက်ခဲ့တယ် နှင်းထန်။ အဲ့ဒါ သိပ်ရှက်ဖို့ကောင်းတယ်။"

"လူမှုရေး စံ ဟုတ်လား ဒယ်ဒီ။ အထက်တန်းလွှာရဲ့ လိုတမျိုး၊ မလိုတမျိုးရဲ့ စံတွေကို ပြောတာလား။"

"မင်း စကားကို တမင် ဂွမပြောနဲ့။ လူ့အသိုင်းဝိုင်းက လိင်တူ လက်ထပ်တာကို ဘယ်သူမှ ကောင်းချီးမပေးဘူးကွ။ မင်းလုပ်နေတာက လူသားမျိုးနွယ်ကိုပျောက်အောင် လုပ်နေတာပဲ။"

နှင်းထန်သည် ဒယ်ဒီနှင့် ငြင်းရင်း ဒယ်ဒီ့စကားများကြောင့် မအောင့်နိုင်ပဲ ရယ်ချလိုက်မိသည်။ ဦးမင်းထန်သည် သားဖြစ်သူ လှောင်ဖြင့် မျက်နှာမဲသွားပြီးဒေါသတကြီးနှင့် ငေါက်လိုက်သည်။

"မင်းက ဖအေဖြစ်သူကို ဟားတာလား နှင်းထန်..."

"တောင်းပန်ပါတယ် ဒယ်ဒီ။ ဒယ်ဒီပြောတာကို ကျွန်တော် ပြန်ဖြေပါ့မယ်။ ကျွန်တော်တို့က အရွယ်ရောက် ပြီးတဲ့သူ တွေပါ။ အဖြစ်ပျက်တစ်ခုကို သေသေချာချာ ဆွေးနွေးပြီး အဖြေရှာရအောင်ပါ။ ဒယ်ဒီရဲ့ ဖခင်တစ်ယောက်ရဲ့ အချစ်ကို ကျွန်တော် လေးစားပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဖခင်တစ်ယောက်ဖြစ်နေပြီ ဆိုတော့ ကိုယ်ချင်းစာပါတယ်။ "

ဦးမင်းထန်သည် သားဖြစ်သူ၏ လေသံကြောင့် စိတ်အနည်းငယ်ပြေသွားပြီး သားဖြစ်သူပြောလာမည့်စကားကို စောင့်နေလိုက်သည်.။

"မင်းဘက်က ဘယ်လိုဖြေရှင်းချင်တာလဲ။ မင်း မိုးစက်ကို ကွာရှင်းလိုက်မလား။"

နှင်းထန် ခေါင်းခါလိုက်သည်။ ဖခင်ကို တည်ကြည်စွာကြည့်ကာ ပြောလိုက်သည်.။

"ကျွန်တော် သေတဲ့အထိ မိုးစက်က ကျွန်တော့် လက်တွဲဖော်၊ ချစ်သူပါ ဒယ်ဒီ။ ကျွန်တော် မိုးစက်ကို လက်လွှတ် လိုက်ရမယ်ဆိုရင် သေလမ်းကိုပဲေ၇ွးဖို့ဆုံးဖြတ်လိုက်ပါပြီ။"

ဦးမင်းထန်သည် သားဖြစ်သူကို စိုက်ကြည့်နေလိုက်သည်။ သားဖြစ်သူ အတည်ပြောသည်ကို သိသည်။ မိမိဖြောင့်ဖြနိုင် သည့် အဆင့်ကို ကျော်သွားပြီကိုလည်း သိသည်။ သားကို လက်လွှတ်ဆုံးရှုံးရတော့မည်ဆိုသည့် အသိက ဦးမင်းထန် ကို နာကျင်လာစေခဲ့သည်။

"မင်း.... လူ့ကျင့်ဝတ်ကို ချိုးဖောက်တဲ့ကောင်...."

ဦးမင်းထန် ခါးသီးစွာမှတ်ချက်ချလိုက်သည်။ နှင်းထန်မျက်နှာမပျက်ပါ။ ဒယ်ဒီ့ကို ငေးကြည့်ပြီး သေချာရှင်းပြချင်သည်။

"ဒယ်ဒီ စွပ်စွဲတာကို ကျွန်တော် တခုချင်းပြန်ဖြေပါ့မယ်။ ဒယ်ဒီပြောသလို ကျွန်တော်က လူ့ကျင့်ဝတ်ကို ချိုးဖောက်ရအောင် မိုးစက်က အိမ်ထောင်သည် မဟုတ်ဘူး။ သူလည်းလူလွတ်၊ ကျွန်တော်လည်း လူလွတ်၊ သူ့ကိုကျွန်တော် ချစ်တယ်။ သူကလည်း ကျွန်တော့်ကို ချစ်တယ်။ ဒါကြောင့်ကျွန်တော်တို့က ဒယ်ဒီပြောတဲ့ လူ့ကျင့်ဝတ်ကို မချိုးဖောက်ဘူး။ "

ဦးမင်းထန်သည် သားဖြစ်သူ၏ ခိုင်မာပြတ်သားသည့် မျက်လုံးများကို ကြည့်ကာ ဆွံ့အနေမိသည်။ သားဖြစ်သူ စိတ်ကို သိသူပီပီ မိမိဘယ်လိုတားတား တားလို့ရတော့မည် မထင်ပေ။

နှင်းထန်သည် ဒယ်ဒီ့ကို ကြည့်ကာ နောက်ထပ်ပြောလိုက်သည်။

"လိင်တူချင်း လက်ထပ်လို့ လူမျိုးတုန်းမယ်လို့ ဒယ်ဒီပြောခဲ့တယ်နော်။ ကျွန်တော့်ဘက်က အမည်းစက်အထင်ခံပြီး ကလေးတစ်ယောက်ရအောင် လုပ်ခဲ့ပြီးပြီ ဒယ်ဒီ။ အဲ့ဒါကြောင့် ဒယ်ဒီပြောသလို လူမျိုးတုန်းအောင်လုပ်နေတယ် ဆိုတာကို ကျွန်တော် လက်မခံဘူး။ အခြား လိင်တူ လက်ထပ်ထားတဲ့စုံတွဲတွေဆိုရင် မိဘမဲ့ကလေးတွေကို မွေးစားပြီး မိသားစုဘ၀ကို ထူထောင်ကြတာကို ဒယ်ဒီ လေ့လာကြည့်ကြပါ။ ဒီလောကမှာ ကိုယ်တိုင်မွေးတာထက် သူများသွေးသားကို သားသမီးအရင်းလို ပြုစုပျိုးထောင်ပေးနိုင်တဲ့ စိတ်ကို ပိုင်ဆိုင်ကြတာ အများကြီးပါ။ သူတို့က လိင်တူလက်ထပ်ထားတာနဲ့ပဲ သူတို့ကို လျစ်လျူရှုထားလို့မရပါဘူး။ ကျွန်တော် သူတို့ကို လေးစားတယ် ..."

ဦးမင်းထန် မဲ့လိုက်သည်။ သားဖြစ်သူက သူ့ဘက်သူယက်ပြောလွန်းနေသည် မဟုတ်လား။

"လူမှုရေးစံကို ချိုးဖောက်တယ်လို့ ဒယ်ဒီပြောတယ်နော်။ ကျွန်တော် မိုးစက်ကို စတွေ့ကတည်းက သူ့စိတ်ထားလေးကို လေးစားပြီးချစ်သွားတာ ဒယ်ဒီ။ သူနဲ့ ရုပ်ချင်းတူတဲ့ မိုးပွင့်ကိုလည်း မလိုချင်ဘူး။ ကျွန်တော်က မိုးစက်ကို လေးစားတယ်။ ချစ်တယ်။ သူ့ကိုပဲ ရအောင် လက်ထပ်ခဲ့တယ်။ ကျွန်တော် ချစ်မိတဲ့၊ ကျွန်တော့်ကို ချစ်တဲ့သူကို ကျွန်တော် စွဲစွဲမြဲမြဲချစ်တယ်။ သူ့ကို စိတ်ချမ်းသာအောင်ထားချင်တယ်။ ထားဖို့လည်း ဆုံးဖြတ်ထား တယ်။ သူက ယောကျာ်းလေးဖြစ်နေတာနဲ့ပဲ ကျွန်တော်က လူမှုရေးစံကိုချိုးဖောက်တယ် ပြောလို့ရသလား ဒယ်ဒီ။ "

ဦးမင်းထန်သည် သားဖြစ်သူရှေ့မှ ၀ုန်းခနဲထရပ်ကာ လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောလိုက်သည်။

"မင်း စကားတတ်တိုင်း လှည့်ပတ်ပြောမနေနဲ့။ မင်းကြောင့် ဒီစီးပွားရေးလောကမှာ လူရယ်ခံနေရပြီကွ။ မင်းကြောင့် ငါ လူတော မတိုးနိုင်တော့ဘူး။"

နှင်းထန်သည် ဖခင်ကြီးကို ငေးကြည့်ကာပြောလိုက်သည်။

"ကျွန်တော်တို့ ကွယ်ရာနဲ့ အပြစ်ပြောနေတတ်တဲ့ ငွေတမျက်နှာတည်းပဲ ကြည့်နေသူ အထက်တန်းလွှာ လူတွေရဲ့ ချီးမွမ်းစကားကို လိုချင်ရုံနဲ့ကျွန်တော့် ချစ်သူကိုကျွန်တော် ဘယ်တော့မှ လက်တွဲဖြုတ်မှာ မဟုတ်ဘူး ဒယ်ဒီ။ ဒယ်ဒီ အရမ်းရှက်တယ် ဆိုလည်း ပြင်သစ်က ဒယ်ဒီ့မြေးလေးတွေနဲ့ သွားနေလို့ရပါတယ်။ "

ဦးမင်းထန်က သားဖြစ်သူကို လှည့်ကြည့်ကာပြောလိုက်သည်.

"၀တီတို့သားအမိကို မြန်မာပြည်ပြန်ခေါ်ပြီး နေမယ် လို့ ငါ ဆုံးဖြတ်လိုက်ပြီ။"

"ဒယ်ဒီ့သဘောပါ။ ကျွန်တော် သူတို့ကို မလာပါနဲ့လို့လည်းမတားပါဘူး။ တစ်ခုပဲရှိတယ်။ ဒယ်ဒီ့မြေး ကြီးပြင်းလာချိန် ဒီအသိုင်းဝိုင်းရဲ့ ထိုးနှက်မှုကို ခံရမှာကိုတော့ ဒယ်ဒီ တစ်ချက်စဉ်းစားပေးပါ.."

ဦးမင်းထန် လှည့်ထွက်လာခဲ့သည်။ စောမြ၀တီကို ရအောင်ပြောမည်။ မြေးလေးနှင့်မျှားပြီး မိုးစက်ကို မိမိသား နံဘေးမှ ထွက်သွားအောင် လုပ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။

"ဟယ်လို ကလေး... လမ်းခရီး အဆင်ပြေလား။"

ဒယ်ဒီထွက်သွားပြီး မကြာခင် မိုးစက်ထံမှ ဖုန်းလာသဖြင့် နှင်းထန် ပြုံးကာ ထူးလိုက်သည်။ ချစ်သူလေး၏ အသံကိုကြားလိုက်ရတော့ ကိုယ်ထဲကိုခွန်အားတွေ ရောက်လာသလို ခံစားလိုက်ရသည်။ လမ်းခရီးမည်မျှ ခက်ခဲ ကြမ်းတမ်းပါစေ။ ချစ်သူ့လက်ကို ဆုပ်ကိုင်ထားခွင့်ရမည်ဆိုလျှင် အရာအားလုံးကို နှင်းထန် ရင်ဆိုင်ရဲပါသည်။

"ပြေတယ် အကို။ အကိုရော...အလုပ်တွေ များနေလား။ အစားမှန်မှန်စားရဲ့လား။"

မိုးစက်သည် အကိုနှင်းထန်ကို မေးလိုက်သည်။ နှင်းထန်သည် မိုးစက်လေး၏ ဂရုစိုက်စကားကြောင့် သဘောကျကာ ရယ်လိုက်ပြီးပြောလိုက်သည်။

"စားတယ် ချာတိတ်။ ချာတိတ် ခရီးသွား၇တာ စိတ်မဖြောင့်မှာစိုးလို့ ကိုယ်သေချာစားတယ်။ အေးအေး ဆေးဆေး နေနော်။ အကို ကလေး အနားမှာရှိသလို သေချာ စားတယ်။ ဘာမှ နောက်ဆံမတင်းနဲ့။ ၀သုန်ရဲ့ ခွေလည်း သန်ဘက်ခါ ဖြန့်ပြီ။ ၀သုန်တောင် အလုပ်ပါးရင် ချာတိတ်တို့ဆီကို လိုက်ခဲ့ဦးမယ် ဆိုလားပဲ။"

မိုးစက်သည် အကိုနှင်းထန်နှင့်စကားပြောပြီး ဖုန်းချလိုက်သည်။ အကိုနားလည်ပေးသဖြင့် မိုးစက် တကယ်ကို ကျေးဇူးတင်မိသည်။ အကို့လက်ကို ဆုပ်ကို်င်ဖို့ မိမိဆုံးဖြတ်ချက်မှန်သည်ဟူသော စိတ် ပိုခိုင်မာလာခဲ့သည်။

"ချစ်တယ် အကို..ကျွန်တော် အကို့ကို ချစ်တယ်.။"

နှင်းထန်သည်လည်း မိုးစက် ဖုန်းချသွားတော့ လုပ်လက်စ အလုပ်ကို အားမာန်အပြည့်နှင့်ဆက်လုပ်နေမိသည်။ ရင်ထဲတွင် ချစ်သူလေး ပေးသည့် အချစ်စွမ်းအားဖြင့်ပူနွေးနေသည် မဟုတ်လား။

"ဘယ်လို အခက်ခဲတွေ လာပါစေ။ မိုးစက်ရဲ့ အချစ်တွေနဲ့ ရအောင် ကျော်လွှားပြမယ်..."

နှင်းထန် ကြုံးဝါးကာ အလုပ်ကို အာရုံစိုက်ကာ လုပ်လိုက်သည်။ ချစ်သောသူကိုကာကွယ်ဖို့ မိမိ လုပ်ငန်း အောင်မြင် ကာ ခွန်အားကြီးသူဖြစ်ဖို့လည်း လိုသည် မဟုတ်လား။ မည်သူမှ မိုးစက်နားကို မကပ်နိုင်စေရဟု ဆုံးဖြတ်ကာ ဒုတိယ ဘုရားသခင်ဖြစ်သည့် ငွေကို ရှာဖို့နှင်းထန် အာရုံကို နှစ်မြှုပ်ထားလိုက်သည်။

အချစ်စစ်၏တည်နေရာ- Season (4)Where stories live. Discover now