Season (4) Chapter (2)_(Z+U) Edited

2K 100 2
                                    

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(၂)

ဧည့်ခံပွဲပြီးလို့ အိမ်ရောက်တော့ ၁၁ နာရီကျော်နေပြီ။ အ၀တ်စားလဲပြီး မကြာခင် အကိုကြီးထံ ဖုန်းခေါ်လိုက်သည်။ ဒါက အစဉ်အလာဖြစ်နေပြီ။ ညတိုင်း အလုပ်အကြောင်းပြောကြခြင်းဖြစ်သည်။ အကိုကြီးက ဘာမှ မမေးသော်လည်း မိုးစက် ပုံမှန်အစီရင်ခံသည်။ မိမိက သူမရှိခိုက် အလုပ်များကို အမှားအယွင်းကင်းစွာ လုပ်ချင်သည်။ မိမိလုပ်တာ မှန်ကန်သလားလို့လည်း သိချင်သည်။ အကိုကြီးကို ပုံမှန်အစီရင်ခံနေသည်မှာ မိမိအရည်ချင်းကို ပြန်စစ်ခြင်းလည်း ဖြစ်သည်။

"ညီလေး... မင်း ဧည့်သည်တွေကို သွားဧည့်ခံလေ။ မနက်ဖြန် အလုပ်က တခြားသူကိုလွှဲပေးလိုက်။"

အကိုကြီးက နားလည်စွာပြောခဲ့သည်။ အကိုကြီးဆိုလိုသည်ကို မိမိသိပါသည်။ သို့သော် မိမိက လက်မခံနိုင်ပါ။ အလုပ်က အလုပ်၊ ကိုယ်ရေးကိုယ်တာနှင့် မရောနိုင်ပါ။ အထူးသဖြင့် အကိုကြီး မရှိခိုက် မိမိ အလုပ်များကို တာဝန်ယူနေစဉ် နေ့လည်စာ အတူစားရုံအတွက်နှင့် အလုပ်ကို ပစ်မသွားနိုင်ပါ။

"ရတယ် အကိုကြီး။ သူတို့က တကူးတက သွားဧည့်ခံဖို့ မလိုတဲ့သူတွေပါ။"

မိုးစက် တိုတိုပဲဖြေလိုက်သည်။ အကိုနှင်းထန်နောက်မိမိလိုက်သွားမည်ကို အကိုကြီးကို မည်သို့စပြောရမည် မသိဖြစ်နေမိသည်။ သူတို့ရောက်နေသည်ကို အကိုကြီးက ကြိုသိထားလေပြီ။ အကိုကြီး မသိအောင် မိမိဘာမှ ဖုံးကွယ်နိုင်မည် မဟုတ်ပေ။

"အကိုကြီး.. နေကောင်းရဲ့လား..."

"ကောင်းတယ်။ ညီလေးရော...နေကောင်းရဲ့လား။"

စနေက မိုးစက်ကို ပြုံးကာ ပြန်ဖြေရင်းမေးလိုက်သည်။ ဒါက အမြဲတမ်းအစဉ်အလာလိုဖြစ်နေပြီလေ။ တကူးတက မေးတာ မဟုတ်ပဲ တကယ့်ကို အဝေးရောက်နေသဖြင့် တဦးကို တဦးစိုးရိမ်ကာမေးမိခြင်းဖြစ်သည်။

"ဟုတ်။ ကောင်းပါတယ် အကိုကြီး။"

မိုးစက်လည်း အကိုကြီးအမေးကို ပြုံးကာ ပြန်ဖြေလိုက်သည်။ အကိုကြီးပုံက လန်းဆန်းကာ တက်ကြွနေသဖြင့် နေကောင်းမည်မှန်း သိလိုက်သည်။ အကိုကြီး နေကောင်းကျန်းမာနေတာကို မြင်ရလျှင် မိုးစက်ပျော်သည်။

"မိုးစက်.... မင်း အလုပ်ကိုချည်းမဲမနေနဲ့။ မင်းဧည့်သည်တွေကို ဧည့်ဝတ်ကျေအောင် ဧည့်ခံဦးနော်။"

စနေထွဋ်ခေါင် သည် မိုးစက် အလုပ်မဲ လုပ်တတ်သည်ကို သိသောကြောင့် သူ့ကို လှမ်းပြောလိုက်သည်။

မိုးစက်သည် အကိုကြီးကို ပြုံးကြည့်ကာ အမှန်အတိုင်းပြောလိုက်သည်။

"အကိုနှင်းထန်နဲ့ စောမြ၀တီရယ်၊ ၀သုန်ရယ် ရောက်နေကြတာ အကိုကြီး။"

"အင်း သိတယ်။ သူတို့ကို ပစ်မထားပါနဲ့။ သူတို့တွေက မိုးစက်ရဲ့ အလေးထားရတဲ့သူတွေ မဟုတ်လား။"

စနေသည် မိုးစက်ပြောသည်ကို ကြားသော်လည်း မည်သို့မှ မခံစားရပါ။ အချိန်နီးလာလျှင် နှင်းထန်လာမည်ကို မိမိကြိုသိပြီးဖြစ်သည်။ အနာဂတ်တွင်ဖြစ်လာမည့် အရာအများကြီးကို စနေကြို စဉ်းစားထားခြင်းမရှိပါ။ စီးပွားရေး အကြောင်းကလွဲရင် မိုးစက်နှင့် ပတ်သတ်သမျှကို အနာဂတ်ဘာဖြစ်မည်ကို ဘယ်သောအခါမှ စနေ ကြိုမစဉ်းစားပါ။ အတိတ်ကို တွေးပြီး စိတ်မညစ်ပါ။ အနာဂတ်ကိုတွေးပြီးတော့လည်း ကြိုတင်မပူပန်ချင်ပါ။ လက်ရှိ ပစ္စပ္ပန်လေးကိုပဲ တန်ဖိုးထားသည်။

လက်ရှိကာလလေးသည် မိမိအတွက် တန်ဖိုးမဖြတ်နိုင်သော ၇တနာမဟုတ်လား။ မိမိနှင့် မိုးစက်ကြားက ဆက်ဆံရေး တွင် အခြားမည်သည့်လူကိုမှ အ၀င်မခံနိုင်ပါ။ မိမိအတွက် မိုးစက်က ထိုသို့ပင် တန်ဖိုးရှိသော သက်ရှိရတနာလေး ဖြစ်သည်။

"ဟုတ်ကဲ့။ ဂရုစိုက်သင့်သလောက် ဂရုစိုက်ပါတယ် အကိုကြီး။ အလုပ်ကိုဖျက်ပြီး ဂရုစိုက်ပါဆိုရင် ကျွန်ုတော် မလုပ်နိုင်ဘူး။ "

မိုးစက် အကိုကြီးကို ပြတ်သားစွာပြောလိုက်သည်။ စနေထွဋ်ခေါင်သည် မိုးစက်ကို စိုက်ကြည့်လိုက်မိသည်။ မိမိနှင့် တဖြည်းဖြည်းတူလာသော မိုးစက်ကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။

"ကောင်းပြီ။ အိပ်တော့။ အခု မိုးချုပ်နေပြီ။ "

မိုးစက်ကို တချက်လွှတ်အာဏာသုံးလိုက်သည်။ မသုံးလို့မ၇တော့ပေ။ ထိုကလေး မိမိနှင့်အတူနေရင်း မကောင်းသည့် အကျင့်ဆိုးကူး စက်သွားပြီ မဟုတ်လား။ အလုပ်စွဲသည့် အကျင့်။ နှင်းထန်နှင့်အတူနေလျှင် ထိုအကျင့် တဖြည်းဖြည်း ပျောက်သွားလိမ့်မည်ဟု မျှော်လင့်မိသည်။

"အကိုကြီးလည်း အိပ်တော့။"

အံမယ်။ သူလေးလည်း မခေပါလား။ မိမိကို ပြန်ကြပ်နေသေးသည်။ သနားတယ် ကလေးရယ်။ နေ့နဲ့ ည မတူတော့ မင်းကိုယ့်ကို ကြပ်လို့ မရတော့ဘူးဟု စိတ်ထဲမှ ကြိတ်ပြောကာ ရယ်မိသည်။

"ဘယ်ကလာ။ အခုက နေ့ခင်းကြောင်တောင်ကြီးကွ။ အိုကေ။ Good Night မိုးစက်။"

စနေ ပြုံးစေ့စေ့နှင့်ပြောလိုက်တော့ မိုးစက် နူတ်ခမ်းကို မသိမသာ စူလိုက်မိသည်။ မိမိသူ့ကို ပြောတာ အလကားဖြစ် သွားပြီမဟုတ်လား။

"Good Night အကိုကြီး။"

မိုးစက်သည် အကိုကြီးနှင့်ပြောပြီး အိပ်ယာထက်တွင်လှဲချလိုက်သည်။ ချက်ချင်းတော့ အိပ်မပျော်ပါ။ အကိုနှင်းထန်နှင့် အတူ ရှေ့ဆက်လျှောက်မည့် ဘ၀ခရီးကို တွေးနေမိသေးသည်။ သို့သော် အတွေးကို သိမ်းပြီးသတိကပ်ကာ လေ၀င်လေထွက်ရှုကာ အိပ်ပျော်အောင်လုပ်လိုက်သည်။ မရေရာသော အနာဂတ်ကို ကြိုတွေးကာ အိပ်ရေး ပျက်လျှင် အလကားပဲဆိုတာကို အကိုကြီး ပြောထားဖူးသည် မဟုတ်လား။ ဖြစ်လာသမျှကို အကောင်းဆုံးရင်ဆိုင်မည်ဟု တွေးကာ မိုးစက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။

ထိုနေ့ည မိုးစက် ဘာကိုမှ အိပ်မက်မမက်ပဲ အိပ်ပျော်သွားတော့သည်။

မိုးစက်နှင့်ဆန့်ကျင်ဘက်ဖြစ်သူက ဒေါက်တာနှင်းထန်ဖြစ်သည်။ နှင်းထန်သည် မိုးစက်အတွက် အကောင်းဆုံး ဆိုတာကို ဖန်တီးပေးချင်သည်။ ယခု မိုးစက် ကျင်လည်နေသည့် ဘ၀ထက်မသာလျှင်တောင် အနိမ့်ကျသည့် ဘ၀ကို ပေးချင်သည်။ ဒါက မိုးစက်အပေါ်ထားသည် အချစ်ကို ဖော်ပြခြင်းဖြစ်သည်။

စနေ၏ စီးပွားရေး အင်ပါယာကို ကိုယ်တိုင်မောင်းနှင်နေနိုင်သည့် မိုးစက်၏ အစွမ်းကို နှင်းထန် လျှော့အတွက်ရဲပေ။ မိုးစက်ပျော်အောင် မိမိအချစ်တစ်ခုတည်းက ဖန်တီးနိုင်ပ့ါမလားဆိုတာကို နှင်းထန် အလေးအနက်ထားစဉ်းစားစပြု နေပြီ။

စနေထွဋ်ခေါင်သည် မိုးစက်ထံမှ V call ချပြီးနောက် တယောက်တည်း ပြုံးနေမိသည်။ မိုးစက် မိမိကို စောင့် နေသည်ကို သိသည်။ မိမိကို တရားဝင် မပြောမချင်း မိုးစက် မိမိကို ကျောခိုင်းသွားမည်မဟုတ်ပေ။

"မိုးစက်လေး။ မင်း ကို အကိုကြီးယုံတယ်။ မင်း ပျော်မယ်ဆိုရင် ဘာလုပ်လုပ် ကိုယ်ခွင့်ပြုပြီးသားပါကွာ။ အေး....မင်းချစ်သူပျော်ဖို့ မင်းကိုယ်ကိုယ် စတေးတာတို့။ စိတ်ဆင်းရဲခံတာတို့ဆိုတဲ့ နွားအလုပ်လုပ်ကို လုပ်ပြီး နေတယ်လို့ကြားကြည့်စမ်း။ အားလုံးကို တစ်စစီလုပ်ပစ်မယ်ကွ။"

စနေက မိုးစက်မကြားနိုင်သော်လည်း တကိုယ်တည်းကြိမ်းနေမိသည်။ ဒီစိတ်တစ်ခုတည်းသာ စနေ မထိန်း နိုင်ခြင်းဖြစ်သည်။ မိုးစက်သာ ပျော်မည်ဆိုလျှင် ငရဲပြည်ကို နတ်ပြည်လိုဖြစ်အောင် ဖန်ဆင်းပေးမည်။ တကယ်လို့ မိုးစက်သာ စိတ်ဆင်းရဲနေရသည်ဆိုလျှင် နတ်ပြည်ဖြစ်ပါစေ ငရဲထက်ဆိုးအောင်လုပ်ပစ်မည်။

"ကိုယ့်ရဲ့ လက်ကျန်အသက်အပိုင်းခြားက မင်းအတွက်ပဲ မိုးစက်လေး။ မင်း အတွက်ပဲ အသက်ရှင်တယ်။ မင်း ပျော်ဖို့ပဲ ကိုယ်ကရုစိုက်တယ် မိုးစက်။ အဲ့အတွက် ကောင်းကင်ဘုံက အပြစ်ပေးလည်း ဆယ်ခါပြန်ခံရဲတယ်ကွ။ ကိုယ်က ကိုယ့်အတ္တထက် မင်းကို ပိုချစ်တဲ့ကောင်ပါ။"

စနေ ကျေနပ်စွာရေရွတ်လိုက်သည်။ မိုးစက်အကြောင်းတွေးမိရုံနှင့် စနေ ခွန်အားတွေ ပြည့်လာသလို ခံစားရသည်။ မိမိအတွက် မိုးစက်ရဲ့ အချစ်ကို ရဖို့မလိုပါ။ မိုးစက်ကို ချစ်နေခွင့်လေးရလျှင်ပင် ကျေနပ်သည်။ မိုးစက်ကို ချစ်နေဖို့ က မိမိအတွက် အရာအားလုံးထက် အရေးကြီးသည်။ မိုးစက် ကနှင်းထန်ကို ချစ်နေသေးသည်ကို မိမိသိသည်။ မိုးစက်၏ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှ နှင်းထန်ရှိနေသည်ကို မိမိသိသည်။ ချစ်ပါစေ။ အချစ်က လှပသော အရာဖြစ်သည်။ မည်သူ့ကို ချစ်သည်ဖြစ်ပါစေ။ မိုးစက်၏ နှလုံးသားထဲ အချစ်ရှိနေလျှင် မိုးစက်လေး၏ ဘ၀က အဓိပ္ပါယ် ရှိနေမည်ဖြစ်သည်။

မိမိအတွက်လည်း မိမိနှလုံးသားထဲ မိုးစက်အတွက် အချစ်တွေနှင့်ပြည့်နေလျှင်ပျော်သည်။ ဘာမှ မလိုအပ် လောက်အောင်ကို ပျော်သည်။ ကောက်ရိုးပုံစောင့်သည့်ခွေးပဲ ပြောပြော စနေ ဂရုမစိုက်ပါ။ အသက်ရှင်နေစဉ် ကိုယ်ချစ်ချင်သည့်သူကို ချစ်ခွင့်ရမည်ဆိုလျှင် လူဖြစ်ရကြိုးနပ်လေပြီ။

"မိုးစက် ကလေးလေး။ မင်းဘယ်သူ့ရင်ခွင်ထဲ ရှိနေပါစေ အကိုကြီးရဲ့စိတ်ကမပြောင်းလဲဘူး။ ပြီးတော့ မင်းကို ချစ်ခွင့်ရနေရုံနဲ့ အကိုကြီးအတွက် လုံလောက်ပြီ မိုးစက်လေး။ "

စနေသည် အဝေးတနေရာတွင် ရှိနေမည့် မိုးစက်ကို တိုင်တည်ကာ ပြောလိုက်မိသည်။ မည်မျှဝေးသောနေရာတွင် ရှိပါစေ၊ မည်သူနှင့်အတူ ရှိပါစေ မိုးစက်ပျော်နေမည်ဆိုလျှင် စနေအသက်ရှင်ရတာ ပျော်သည်။ မိမိနှင့် အတူ မိုးစက် ရှိနေသည်ဆိုသည့် ခံစားချက်က အတော့်ကို နေသာထိုင်သာရှိစေသည်။ မိမိတာဝန်က မိုးစက်ကို ဒီထက် တော်လာ အောင်လုပ်ပေးနိုင်ဖို့ဖြစ်သည်။ မိုးစက် ယခု ကိုယ်ပိုင် အတွေးအခေါ်ရှိလာလေပြီ။ ကိုယ်ပိုင်ခံယူချက်ရှိလာလေပြီ။ သူ ဖြစ်ချင်သည်ကို သူ့ဖာသာ ကောင်းစွာသိသည်။ မည်သို့သော ဘ၀တွင်နေချင်သည်ကို မိုးစက်သိသည်။ ဖြစ်အောင် လုပ်ယူလိမ့်မည်ကို စနေသိသည်။

"မင်းနေချင်တဲ့လောကကို မင်းတည်ဆောက်ပါ မိုးစက်။ အကိုကြီးတာဝန်က မင်း လုပ်သမျှကို အားပေးမယ်။ ထောက်ခံမယ်။ ပြီးတော့ မင်းလိုအပ်လာရင် ကိုယ်ပိုင်ဆိုင်တဲ့အရာအားလုံးကို မင်းခြေရင်းမှာ ချပေးမယ်။ မင်းဆီက အများကြီး ကိုယ်မတောင်းဆိုပါဘူး။ မင်း ရဲ့ အပြုံးမျက်နှာတစ်ခုလေးပဲ မြင်ပါရစေ။ ဒီတစ်ခုပဲ တောင်းဆိုပါရစေ မိုးစက်လေး။"

မိုးစက်ကို တိုင်တည်ပြီး စနေ ခွန်အားအပြည့်ဖြင့် အလုပ်လုပ်ရန်ထွက်လာခဲ့သည်။ မိမိလုပ်ငန်းများကိုတိုးချဲ့နေတာ ရည်ရွယ်ချက်တစ်ခုပဲရှိသည်။ မိမိချစ်သူလေးအတွက် ပြီးပြည့်စုံသော လောကကိုဖန်တီးပေးရန် ကြိုးစားနေခြင်း ဖြစ်သည်။

မနက် ၅ နာရီမထိုးခင် မိုစက်နိုးလာသည်။ အကိုကြီးမရှိသော်လည်း တစ်ယောက်တည်း ကိုယ်လက်သန့်စင်ကာ အ၀တ်လဲကာ ယောဂ ကျင့်သည်။ ပြီးလျှင် လေ့ကျင့်ခန်း၊ ထို့နောက် ၇နာရီထိုးသည်နှင့် ရေချိုးသည်။ေ၇ချိုးခန်းမှ ထွက်စဉ် ဖုန်းဖွင့်တော့ Miss call ၀င်နေသဖြင့် ပြန်ခေါ်လိုက်သည်။

"မောနင်း မိုးစက်လေး။ မိုးစက်လေးကို အိပ်ယာလှမ်းနှိုးတာပါ။"

အကိုနှင်းထန်ဆီက ဖုန်းဖြစ်နေသည်။ မိုးစက်သည် အကို့ကို ပြန်နုတ်ဆက်လိုက်သည်။

"မောနင်းအကို၊ ကျွန်တော် နှိုးနေပြီဗျ။ ရေချိုးခန်းထဲက အခုထွက်လာတာ။ အကို ညက ကောင်းကောင်းအိပ်ရရဲ့လား။ အခု ၇ နာရီခွဲတော့မှာ ဆိုတော့ မနက်စာ ဆင်းစားတော့လေ။ မနက်စာ ဘူဖေးက ၈ နာရီဆို မစုံတော့ဘူး။ အဲ့က စားဖိုမှုးက မနက်စာ စီစဉ်တာ ကောင်းတယ်။ အကိုလွတ်သွားဦးမယ်ဗျ။"

မိုးစက်သည် အကိုနှင်းထန်ကို မနက်စာ လွတ်သွားမည်စိုးသဖြင့် အမြန်ဆင်းစားရန်တိုက်တွန်းလိုက်သည်။ အကိုကြီးပိုင်သည့် ဟိုတယ်အားလုံး စာဖိုမှုးများတော်သော်လည်း ယခု အကိုနှင်းထန်တည်းသည့် ဟိုတယ်မှ စားဖိုမှုး လက်ရာကို မိုးစက်အကြိုက်ဆုံးဖြစ်သည်။ ပြီးတော့ အကိုကြိုက်တတ်သည့် လက်ရာမျိုးဖြစ်သည်။

"မနက်စာက အရေးမကြီးပါဘူးကွ။ ကိုယ်က မိုးစက်နဲ့ စကားပြောချင်လို့ ဆက်လိုက်တာ။ မိုးစက်လေး မနက် ဘယ်နှစ်နာရီထသလဲ။ ကိုယ်က ချာတိတ်မနိုးသေးဘူးထင်တာ။ အိပ်ယာထ စောတာ ထင်တယ်။"

မိုးစက် နာရီကို တချက်ကြည့်လိုက်တော့ ၇ ခွဲကျော်လေပြီ။ ထို့ကြောင့် အကိုနှင်းထန်ကို အမြန်စကားစ ဖြတ်လိုက်သည်။

"ကျွန်တော် မနက် ၄ ခွဲဆိုရင် နှိုးပြီးအကို။ ဆောရီး အကို။ ကျွန်တော် ဒီနေ့ အလုပ်ကို စောစောသွားရမှာမို့ မနက်စာ ဆင်းစားပြီနော်။ Bye ညနေစာစားချိန် တွေ့မယ်နော်။"

နှင်းထန်သည် မိုးစက်၏ စကားကိုကြားသော် ကိုယ့်ဖာသာ သတိဝင်လာသည်။ မိမိကသာ အဝေးရောက်နေလို့ အလုပ်နှင့်ကင်းကွာကာ အားလပ်ရက် ယူနေသလိုဖြစ်နေသည်။ မိုးစက်ကာ အလုပ်များရှိနေမည်ကို မိမိမေ့နေသည်။ မိမိ အလိုက်မသိ စကားများနေမိသည်ကို အားနာသွားမိသည်။

"ဆောရီးချာတိတ်။ ညနေ တွေ့မယ်နော်။ "

မိုးစက် ဖုန်းချလိုက်ပြီး အ၀တ်စားလဲကာ အမြန်ဆင်းလာခဲ့သည်။ မနက်စာက အသင့်ဖြစ်နေလေပြီ။ အလုပ်သမားများက ၁၀ မိနစ်နောက်ကျဆင်းလာသော ခွန်မိုးစက်ကို အထူးဆန်းလုပ်ကာ ကြည့်နေမိသည်။ အရင်က ခွန်မိုးစက် နောက်မကျဖူးပေ။

"စားစရာတွေ ပြန်နွေးပေးရမလား ခွန်မိုးစက်"

စားဖိုမှုးက မေးသည်။ မိုးစက် ခေါင်းယမ်းကာ မနက်စာကို ခပ်သုတ်သုတ်စားကာ အမြန်ထွက်လာခဲ့သည်။ အကိုကြီး ပြောသည့် အစာကို ကြေညက်စွာ ၀ါးစားပါဆိုသည့် စကားကို ပထမဆုံးဖောက်ဖျက်လိုက်ရလေပြီ။ မိုးစက် မနက်စာ စားပြီးသည်နှင့် ဒရိုင်ဗာနှင့်အတူ အလုပ်ကိုထွက်လာခဲ့သည်။ ကားပေါ်တွင် ယခုလုပ်ရမည့် အလုပ်အတွက်ကို ကြည့်သွားသည်။ ရုံးသို့ရောက်သော် အစည်းဝေးခန်းထဲတွင် မန်နေဂျာများစောင့်နေလေပြီ။ ကိုးနာရီးထိုးသည်နှင့် ချက်ချင် အစည်းဝေးစသည်။ မနက်တိုင်း လုပ်ငန်းထဲမှ မန်နေဂျာများနှင့် အလုပ်အခြေအနေကို ဆွေးနွေးသည်။ ဈေးကွက်အခြေအနေ၊ စားသုံးသူများ၏ အကြိုက်ပြောင်းလဲမှု။ ပြိုင်ဖက်များ၏ ပစ္စည်းသစ်အကြောင်း၊ ပြိုင်ဖက်များ၏ ဈေးကွက်ထဲ နေရာယူပုံကို ဈေးကွက်ဆိုင်ရာ မန်နေဂျာကတင်ပြသည်။ ထုန်ကုန်မန်နေဂျာကလည်းမိမိတို့ ကုန်ထုတ် လုပ်မှု အခြေအနေကို တင်ပြသည်။ သုတေသနဌာနနှင့် ငွေစာရင်းဌာနကလည်း သူတို့ဘက်မှ အခြေအနေကို တင်ပြသည်။

မနက် ၁၁ တွင် အစည်းဝေးပြီးသည်။ ထို့နောက် အလုပ်နှင့်ချိန်းထားသည့် ဟိုတယ်သို့ အတွင်းရေးမှုးနင့် မိုးစက်ထွက်လာခဲ့သည်။ ပထမ တစ်ဖက်အလုပ်အတူလုပ်မည့်သူက စနေ ကိုယ်တိုင်မလာပဲ မိုးစက်လာသဖြင့် အနည်းငယ် မကျေနပ်ကာ သဘောထားပြီးသာ တချို့အချက်ကို ရစ်ချင်သည်။ မိုးစက်ပါတဲ့။ ထိုသို့ဘလိုင်းကြီး လာကြောသည်ကို ဥပဒေအတိုင်းရှင်မလားဟု တင်းမာစွာပြောလိုက်သောအခါမှ လျှောချသွားသည်။ အကိုကြီး ကြိုတင်ပြောထားသည့်အတိုင်း ယခု ဟောင်ကောင်လုပ်ငန်းရှင်က ရလျှင် အထက်စီးမှ ဟောက်ကာ အခွင့်ရေးကို ချိုးဖောက်ချင်သည်။ အကိုကြီးမှာထားသည့်အတိုင်း ပြောဆိုဆက်ဆံလိုက်ရာ အဆင်ပြေသွားသည်။

ထိုသူနှင့် နေ့လည်စာစားပြီး မိုးစက် စက်ရုံဘက်ကိုထွက်လာခဲ့သည်။ စက်ရုံတွင် အလုပ်သမားများ လုပ်ခနှင့်ပတ်သတ်ပြီး အနည်းငယ် အသံထွက်ချင်နေသည်။ မိုးစက် မထင်မှတ်ပဲ ရောက်လာသောအခါ စက်ရုံအုပ်ချူပ်သည့် မန်နေဂျာ အနည်းငယ်ပျာသွားသည်။ မိုးစက်ကို ရုံးခန်းထဲ အတင်းခေါ်ကာ ကော်ဖီတိုက်ရန် ကြိုးစားသည်။ မိုးစက်က လေသံပြတ်ပြတ်ဖြင့် စက်ရုံထဲ သွားမည်ပြောသောအခါ မလွှဲသာပဲ လိုက်ပို့ရသည်။

စက်ရုံထဲတွင် လေသန့်စက်က ပျက်နေကာ မပြင်ရသေးပေ။ လှောင်အိုက်ကာ အလုပ်သမားများ ချွေးတလုံးလုံးနှင့် ပင်ပန်းဆင်းရဲစွာ လုပ်နေရသည်။ ပြီးတော့ ၀န်ထမ်းများစားသောက်ခန်းနှင့် မီးဖိုကို ၀င်စစ်သည်။ ညစ်ပတ်ပေရေကာ ကျန်းမာရေးနှင့် မညီညွတ်လောက်အောင် ဖြစ်နေသဖြင့် မိုးစက် အတော်ကို ဒေါပွသွားသည်။ ထိုစက်ရုံမှ ၀န်ထမ်းများ အသံထွက်တာလည်း မလွန်ပေ။ ထိုမန်နေဂျာသည် သူ့အပြစ်များပေါ်သွားပြီးနောက် မထူးသည့်ဟန်ဖြင့် မိုးစက်မေး သည်ကို ကောင်းမွန်စွာမဖြေပဲ ခပ်တင်းတင်းလုပ်နေသဖြင့် မိုးစက်က သူ့ကိုယ်ရေးဖိုင်ကို တချက်လှမ်းစစ်ခိုင်းလိုက် သည်။

ထိုသူ ထင်တိုင်းကျဲနေသည့် အကြောင်းရင်းကို သိသွားပြီးနောက် မိုးစက်သည် ရုံးခန်းထဲသွားစောင့်နေလိုက်သည်။ စက်ရုံမန်နေဂျာက မိုးစက် ဘာမှမလုပ်နိုင်ဟုထင်ကာ မျက်နှာထားတင်းတင်းနှင့်နေသည်။ မိုးစက်သည် သူ့ကို ဂရုမစိုက်တော့ပဲ ရုံးချုပ်ကိုဖုန်းဆက်ကာ ဒါရိုက်တာတစ်ဦးကို ဆက်သွယ်ခိုင်းလိုက်သည်။ ထိုသူကား ထုတ်လုပ်ရေး ဒါရိုက်တာ ဖြစ်သည်။

ကုန်ထုတ်လုပ်ရေးဒါရိုက်တာသည် အစည်းအဝေးပြီးလို့ မိမိရုံးခန်းသို့ ပြန်ရောက်လို့မှ မကြာသေး ခွန်မိုးစက် ထံမှ ဖုန်းလာသဖြင့် မိမိယောက်ဖ တစ်ဝမ်းကွဲအုပ်ချုပ်နေသော စက်ရုံကို တန်းပြေးလာခဲ့သည်။ လာရင်း ယောက်ဖဖြစ်သူ လုပ်ထားသည့် အလုပ်မှ ပြဿနာတက်နေသည်ကို သိရှိသွားသည်။

ခွန်စနေ နိုင်ငံခြားမသွားခင် ခွန်မိုးစက်ကို မည်မျှထိလုပ်ပိုင်ခွင့်ပေးသွားသည်ကို သိထားသဖြင့် ကုန်ထုတ်လုပ်ရေး ဒါရိုက်တာ သက်ပြင်းချလိုက်မိသည်။ မိမိအကြိမ်ကြိမ် သတိပေးသည်ကို လျစ်လျူရှုထားသည့် ယောက်ဖကို မိမိ ဒီတစ်ခါ ကယ်နိုင်မည် မထင်တော့ပေ။

စက်ရုံသို့ရောက်သောအခါ ယောက်ဖဖြစ်သူက ၀မ်းသာအားရပြေးလာပြီးပြောသည်။

"အကိုကြီး သူဌေးကြီးရဲ့ ကောင်လေးက စက်ရုံကို လာရှုပ်နေလို့ ကျုပ်ပညာပြထားတယ်။ သူ့ကို မောင်းထုတ် လိုက်စမ်းပါဗျာ။ အတော် လျှာရှည်တဲ့အကောင်။ ကျုပ်ဆွဲထုတ်ပစ်မလို့ အကိုကြီး မျက်နှာကို ထောက်နေလို့ဗျ"

ခွန်လုတ်သည် ယောက်ဖ အရက်သမားကို ငေါက်လိုက်သည်။

"အိုက်တန် ပါးစပ်ပိတ်ထားစမ်း။ မင်း ခွန်မိုးစက်ကို ဘာတွေ ပြောထားသေးလဲ။ "

အိုက်တန်သည် ယောက်ဖကြီး ခွန်လုတ်၏ မျက်နှာပေါ်မှ ပူပန်ရိပ်ကို နားမလည်ဟန်ကြည့်ကာ မေးလိုက်သည်။

"ဘာမှ မပြောပါဘူး။ ပြောဖို့မှ မတန်တာ။ အလကားကောင်လေး။ သူဌေးကြီး မရှိတုန်း လာပြီး လူပါးဝတာ.."

ခွန်လုတ်သည် အရက်ကလွဲပြီး ဘာမှ ဂရုမစိုက်သည့် ယောက်ဖ အိုက်တန်ကို စိတ်ပျက်စွာကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

"မင်း ပါးစပ်ကို နွားနို့နဲ့ ဆေးလိုက်စမ်း အိုက်တန်။ ခွန်မိုးစက်က ခွန်စနေရဲ့ ညီလေး။ တရားဝင် အမွေစားအမွေခံ နဲ့ သတ်မှတ်ထားတဲ့ ညီလေးကွ။ မင်း ပါးစပ်က ကျက်သရေတုန်းတာကို ရပ်လိုက်။ သူက မင်းထင်သလို အောက်တန်းစား မဟုတ်ဘူး။ မင်းမပြောနဲ့။ ငါ့ကို တောင် ထုတ်ပစ်ဖို့ အာဏာရှိတဲ့သူဖြစ်တယ်။ မင်း အခုချက်ချင်း မင်းလုပ်ထားတာကို ၀န်ခံပြီး တောင်းပန်လိုက်စမ်း။"

ခွန်လုတ်သည် ယောက်ဖကို ကြိမ်းမောင်းနေစဉ် ခွန်မိုးစက်၏ အတွင်းရေးမှုးထွက်လာပြီး ခွန်လုတ်ကို ခေါ်သည်။

"ခွန်မိုးစက် စောင့်နေတယ် ဒါရိုက်တာကြီး။ စက်ရုံမန်နေဂျာကို မခေါ်ခိုင်းလိုက်ဘူး။"

ခွန်လုတ်သည် ယောက်ဖကို နေရစ်ရန် အမိန့်ပေးပြီး အထဲကို ၀င်ခဲ့သည်။ အထဲတွင် ခွန်မိုးစက်က စက်ရုံစားရင်းများကို ဖတ်နေရာမှ မော့ကြည့်ကာ ခွန်လုတ်ကို မြင်သည်နှင့် ထိုင်ရာမှ ထကာ ကြိုသည်။

"ခွန်လုတ်ကို ချက်ချင်းခေါ်လိုက်ရတာ အားနာပါတယ်။ ဒီစာရင်းတွေက ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာ ကျွန်တော့်ကို တချက်ရှင်းပြပါ။ နေ့လည် အစည်းအဝေးမှာ ခွန်လုတ် တင်ပြတဲ့အထဲ ဒီလောက်ဆိုးရွားနေတဲ့ စက်ရုံအကြောင်းကို ချန်လှပ်ထားတာ ဘာကြောင့်လဲ။"

ခွန်လုတ်သည် လေအေးစက်ပေးထားသည့် အခန်းထဲတွင် ချွေးစေးများပြန်လာခဲ့သည်။ တကယ်တော့ မိမိယောက်ဖ ထင်တိုင်းကျဲလို့ စက်ရုံ ၁၀ခုထဲတွင် ယခုစက်ရုံ ထုတ်လုပ်မှုကျနေခဲ့သည်။မိမိလည်းတတ်နိုင်သမျှ ၀င်ထိန်း သော်လည်း အချိန်အမှီတော့ပေ။ လုပ်ငန်းစည်းကမ်းအရ ယောက်ဖကို ထုတ်ပစ်ရမည် ဖြစ်သော်လည်း မိမိညီမ မိသားစု ငြိုငြင်မည်စိုးသောကြောင့် ခွန်လုတ် တတ်နိုင်သမျှ ကာကွယ်ပေးထားသည်။ အစွန်အဖျားတွင် ရှိသည့် အတွက် ခွန်စနေ ၀င်မစစ်နိင်သဖြင့် ခွန်ုလုတ် က မိမိယောက်ဖကို သတိပေးရုံပေးထားခြင်းဖြစ်သည်။ မထင်မှတ်ပဲ ခွန်မိုးစက် သိသွားသောအခါ ခွန်လုတ် မတတ်သာတော့ပဲ တောင်းပန်ရတော့သည်။

အချစ်စစ်၏တည်နေရာ- Season (4)Where stories live. Discover now