(Z+U) Season (4)_ အပိုင်း(15)

1K 53 0
                                    

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(15) -ပထမပိုင်း

နှင်းထန်သည် မိုးစက် ကိုခိုးနမ်းပြီးနောက် အမြန်ပင် ကားဖြင့် company ကိုထွက်လာခဲ့သည်။ နောက်ကြည့်မှန်ထဲမှ တဆင့် မိုးစက် သူ့ကိုမကျေမနပ်ဖြစ်ကျန်ရစ်သည်ကို တွေ့တော့ တိတ်တဆိတ်ကြိတ်ရယ်မိသည်။ လူမြင်ကွင်းတွင် ပါးကို နမ်းဖို့မပြောနှင့် လက်ပင်အကိုင်မခံချင်သည့် ချာတိတ်ကို သူ့သူငယ်ချင်းရှေ့တွင် နမ်းခဲ့သဖြင့် စိတ်တိုမှာတော့ အမှန်ပင်။ ညရောက်လျှင် မနည်းချော့ရတော့မည်။ ဒါကိုသိသော်လည်း အလုပ်စသည့် နေ့တွင် ချက်ချင်းကို အလုပ်လုပ် ချင်နေသည့် ချာတိတ်လေးကို အူယားသဖြင့် ရုတ်တရက်နမ်းလိုက်မိခြင်းဖြစ်သည်။
"ချစ်တယ် ချာတိတ်..."

နှင်းထန် ပြုံးကာ တယောက်တည်းပြောနေမိသည်။ နံဘေးတွင် မိုးစက်ရှိနေသလို ခံစားနေရသည်မဟုတ်လား။ မိုးစက် ၏မျက်နှာလေး ကြည်နေလျှင်နှင်းထန်လည်း နေလို့ထိုင်လို့ကောင်းသည်။ မိုးစက်မျက်နှာညှိုးမည်ကို မိမိဘယ်နည်းနှင့်မှ ရင်မဆိုင်ရဲအောင် ချစ်မိသည်ကို မိမိဖာသာ အသိဆုံးဖြစ်သည်။

"ချာတိတ် ကိုယ့်ရင်ခွင်ထဲသာနေပါ။ ကိုယ်မင်းကို ပျော်အောင်ထားပါ့မယ်။ မင်းပျော်ဖို့ ကိုယ့် နှလုံးသားကိုတောင် ချပေးနိုင်ပါတယ် မိုးစက်လေး.... ကိုယ့်ဘေးမှာသာ နေပေးပါ။ မင်းမရှိတဲ့ ဘ၀ခရီးကို ကိုယ်ဆက်မလျှောက်ရဲလို့ပါ။ "

နှင်းထန်သည် မိုးစက်ကို တိုင်တည်ကာ တယောက်တည်းပြောနေမိသည်။ သက်ပြင်းရှိုက်ရင်း ကိုယ့်ဖာသာ ရူးလာပြီဟုလည်းထင်လာမိသည်။

မိုးစက်သည် ၀သုန်၏ဘေးတွင် ပါလာရင်း အကို တမင်ကို လူမြင်ကွင်း၊ ၀သုန်၏ရှေ့တွင် နမ်းသွားသည်ကိုတွေးကာ တနုံ့နုံ့ဖြစ်နေမိသည်။

"ဒေါက်တာကို စိတ်မဆိုးပါနဲ့ကွာ။ သူက မင်းကိုချစ်လွန်းလို့ဆိုတာ ငါ ခံစားမိပါတယ်။"

ဝသုန်က မိုးစက်ကို လှမ်းပြောလိုက်သည်။ မိုးစက်က တချက်ရယ်ကာမေးလိုက်သည်။

"ငါ့မျက်နှာ ဒီလောက်ဖတ်ရလွယ်နေတာလား ၀သုန်..."

ဝသုန်က ခေါင်းရမ်းကာ ဖြေလိုက်သည်။ မိုးစက် ခုနောက်ပိုင်း မျက်နှာတွင် ခံစားချက်သိပ်မပြတော့သည်ကို မိမိသိသည်။ မိမိက ငယ်ကတည်းက ပေါင်းလာလို့ သူ့မျက်လုံးအကြည့်တချက်ရွေ့လျှင်ပင် ဘာတွေးနေသည်ကို သိခြင်းဖြစ်သည်။

"မဟုတ်ပါဘူး။ ငါက မင်းနဲ့ ငယ်ကတည်းက လည်ပင်းဖက်ပေါင်းလာလို့သိတာပါ။ မင်း သူ့ကို ဘယ်လိုပြောလိုက်တာလဲ။ မနေ့ကပြောတာ ဒီနေ့ချက်ချင်းအလုပ်လုပ်ခွင့်ပေးလိုက်တယ်... စွမ်းလှချည်လား။"

"အင်း.... သူ့ကို သိပ်မပြောလိုက်ရဘူး။ သူအလုပ်က ပြန်လာတော့ ငါ့ကို ချက်ချင်း အလုပ်လုပ်ခွင့် ပေးလိုက်တော့တာပဲ.... အလုပ်ထဲမှာ သူ တခုခုတွေးခဲ့မိလို့ဖြစ်မှာပါ။"

ဝသုန့်အမေးကို မိုးစက် အေးဆေးစွာဖြေလိုက်သည်။ ဟုတ်သည်။ မိမိက အကြိတ်နယ်ပြောရမည်ထင်ထားတာ သူက ပြောလိုက်သည်နှင့် ချက်ချင်းကို ခွင့်ပြုခဲ့သည် မဟုတ်လား။

"ဦးစနေထက် မင်းကိုပိုချစ်ပါတယ်ကွာ.... ငါ ဘေးကနေတောင် ခံစားမိပါတယ်ကွာ။"

မိုးစက်သည် ၀သုန့်ထံမှ အကိုကြီး၏ အမည်ကို ကြားမှ ဖုန်းဆက်ပြောဖို့သတိရတော့သည်။ ထို့ကြောင့် ဖုန်းခေါ်လိုက်သည်။

"မင်းပြောမှ အကိုကြီးကို ပြောဖို့သတိရတော့တယ်။ ကျေးဇူး ၀သုန်..."

ဝသုန်က မျက်မှောင်ကြုတ်ကာ မိုးစက်ကိုပြောလိုက်သည်။ မိမိကို ဒေါက်တာနှင်းထန်ကို ဇွတ်တင်ကာမှ သူက နာမည်ကြားသည်နှင့် ချက်ချင်းဖုန်းကောက်ဆက်နေသည်။

"ဟေ့ကောင် ..... မင်းဖုန်းဆက်ရအောင် ငါ တမင်သတိပေးနေတယ် ထင်နေလား...."

မိုးစက်က ၀သုန် စိတ်တိုနေသည်ကို ကြည့်ကာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"မင်းစိတ်ချပါ။ အကို ငါ့ကို ချစ်တယ်ဆိုတာ ငါသိတာပေါ့။ အခုက အကိုကြီးကို အလုပ်ရပြီဆိုတာ အသိပေးချင်လို့ပါ။ ပြီးတော့ အကိုကြီးဆိုတာ မင်းနဲ့ ငါ့လိုပဲ သွေးသားရင်းလိုကို ရင်းနှီးသူပါ။ ငါ့ရဲ့ ဘ၀ကို အသစ်ပြန်ပြီး ထုဆစ်ပေးတဲ့သူပါကွ။"

ဝသုန်သည် မိုးစက်ပြောသည်ကိုကြားတော့ စိုးရိမ်စိတ်ဝင်လာမိသည်။ မိုးစက်ပြောသွားသည့်စကားထဲတွင် သူ့ဘ၀ကို ထုဆစ်ပေးတဲ့သူ ဆိုပါလား။ မိမိနှင့် မိုးစက်လို တကယ်ပဲ ဖြူစင်နိုင်ပါ့မလား။ မိုးစက်ကလည်း ဦးစနေဆိုလျှင် နှစ်ခါ ပြောစရာမလိုလောက်အောင်ကို ယုံကြည်သက်ဝင်လွန်းသည် မဟုတ်လား။ ပြီးတော့ ဦးစနေဆိုတာကလည်း မိုးစက် ပျော်မည်ဆိုလျှင် အရာအားလုံးကိုဖန်တီးပေးမည့် သူဆိုတာကို မိမိသိသည်။

ဝသုန် သည် မိုးစက်ကို တခုခုလှမ်းပြောမည်အပြု တဖက်မှ ထူးလာသဖြင့် မိုးစက်ပြုံးရွှင်စွာဖြင့် ပြောလိုက်သဖြင့်ပြောချင်စိတ်ကို မျိုသိပ်ထားလိုက်တော့သည်။
မိုးစက်သည် အကိုကြီးကို ကျေနပ်စွာဖြင့် မိမိကို အလုပ်လုပ်ခွင့်ပေးသည့် အကြောင်းကို ပြောနေမိသည်။ အကိုကြီးက ရယ်မောကာ မိုးစက်ကိုပြန်ပြောခဲ့သည်။

"အရမ်းပျော်နေတယ်ပေါ့လေ.... ဟုတ်လား။ ကိုယ်ပြောသားပဲ။ ချာတိတ်သူ့ကို သေချာဆွေးနွေးဖို့ပဲလိုတာပါလို့..."

"သူက အလုပ်ကနေ တခုခု ကြုံလာလို့ စိတ်ပြောင်းသွားတာပါ အကိုကြီး။ မနက်က ကျွန်တော်နဲ့ စကားများပြီးကို ထွက်သွားတာကိုးဗျ။ အခု ကျွန်တော် ၀သုန်နဲ့အတူတူအလုပ်လုပ်ခွင့်ရပြီ။"

စနေထွဋ်ခေါင်သည် မိုးစက် ၏လေသံထဲမှ တဆင့် အပျော်များကိုခံစားမိလိုက်ကာ ပြုံးနေမိသည်။ ဟုတ်သည်။ မိုးစက် ပျော်နေသည်ဆိုလျှင် မိမိပျော်သည်။ မိုးစက်ကို ပျော်အောင်လုပ်ပေးသည့် ဒေါက်တာနှင်းထန်ကိုလည်း ကျေးဇူးတင်နေမိသည်။

"အင်း.... အလုပ်နဲ့ ပတ်သတ်လို့ အကိုကြီး မင်းကို စိတ်မပူဘူး။ အလုပ်ထဲမှာ မင်းကို တိုက်ခိုက်တဲ့သူတွေကို မင်း ရင်ဆိုင်ရလိမ့်မယ် မိုးစက်။ အဲ့အတွက် မင်းရဲ့စိတ်ကို အားလုံးကြိုတင်ပြင်ဆင်ထားပါ။"

မိုးစက် သည် အကိုကြီးပြောသည်ကိုနားလည်ပါသည်။ မနက်ကမှ အကြည့်တချို့ထဲမှ မိုက်ရိုင်းသည့် အဓိပ္ပါယ်ကို မိမိသိလိုက်ရသည်။ မိုးစက် ရင်ဆိုင်ရမည့် အခက်ခဲများကို မမြင်ရပဲ အကိုကြီး ကြိုသိကာ မိမိကို သတိပေးနိုင်သည့် အကိုကြီး၏ အသိဥာဏ်ကို မိုးစက်အံ့သြချီးကျူးမိသည်။

"ဟုတ်ကဲ့ အကိုကြီး။ ကျွန်တော့်စိတ်ကို ကြိုတင်ပြင်ဆင်ထားပါတယ်..."

"အိုကေ မိုးစက်။ လမင်းကိုခွေးဟောင်လို့ လမင်းရဲ့ အလင်းရောင်က မလျော့ပါဘူး ဟုတ်ပြီလား။ ပြီးတော့ နောက်ကွယ်က ပြောတဲ့စကားတွေအတွက် မင်းဘာမှ ထည့်စဉ်းစား စရာမလိုဘူးဆိုတာ မင်းမမေ့နဲ့ ဟုတ်ပြီလား။"

မိုးစက်သည် အကိုကြီး၏ စကားအဆုံးတွင် နှစ်ခြိုက်စာပြုံးလိုက်မိသည်။ ဟုတ်သည်။ နောက်ကွယ်က ပြောသည့် စကားများကို မိမိမေ့နေမိသည်။

"စိတ်ချပါ အကိုကြီး။ ကျွန်တော်က အကိုကြီးရဲ့ညီ ခွန်မိုးစက်ပါ။"

စနေသည် မိုးစက်၏ စကားကို ကြားသော် စိတ်ချသွားတော့သည်။ မိမိ အတွင်းရေးမှုးက ရိုသေစွာ အနားလာရပ်သဖြင့် စနေ စကားစကိုဖြတ်လိုက်ရတော့သည်။

"အိုကေ.... မိုးစက် ...အကိုကြီး မင်းကို နောက်မှ ဖုန်းပြန်ခေါ်လိုက်မယ်။ Bye..."

မိုးစက်သည် အကိုကြီး ဘက်မှ ဖုန်းအရင်ချသွားသဖြင့် အနည်းငယ်အံ့သြ ထူးဆန်းနေမိသည်။ မည်သည့်အခါမှ အကိုကြီး ဖုန်းကို အရင်မချဖူးပါ။ သူ အလုပ်များနေလို့ဟုသာ ပေါ့ပေါ့လေးတွေးလိုက်မိသည်။ တကယ့်အကြောင်းရင်းကို သာ သိလျှင်မိုးစက် ဒီလိုပေါ့ဆရဲမည် မဟုတ်ပေ။

"သူဌေး.... ဆရာဝန်ကြီးတွေ စောင့်နေပါပြီခင်ဗျာ..."

စနေသည် ဖုန်းကို အတွင်းရေးမှုးလက်ထဲကိုကမ်းပေးကာ ခေါင်းငြိမ့်ကာ ထရပ်ကာ ပိုးသတ်ထားသည့် အခန်းထဲကို အေးဆေးစွာ လျှောက်ဝင်သွားတော့သည်။

မိုးစက်သည် အကိုကြီးနှင့်ဖုန်းပြောလိုက်ရသည့်အတွက် စိတ်ဓါတ်ခွန်အားများ ပြည့်လာသလို ခံစားလိုက်ရသည်။
ဝသုန်သည် မိုးစက်ဖုန်းပြောပြီးသည်အထိ စောင့်ပြီး ညည်းလိုက်မိသည်။

"မင်းရဲ့ အကိုကြီးကို မင်းအရမ်းချစ်တာပဲနော်။"

"အင်း... ငါ့ အကိုရင်းတယောက်လိုကို ချစ်တယ် ၀သုန်.... မင်းနားလည်ပေးနိုင်မလား။ မင်းနဲ့ထပ်တူကို အကိုကြီးကို ငါယုံတယ်။ အားကိုးတယ်။ အကိုကြီးက ငါ့အပေါ် ဘယ်တော့မှ မကောင်းတာကို မလုပ်ဘူးတာ ငါ အလိုလိုယုံကြည် နေတယ်။"

ဝသုန်သည် မိမိနှင့်ထပ်တူ ယုံကြည်ရလောက်အောင်ကို ဦးစနေ မိုးစက် အပေါ် မည်မျှ ကူညီပေးမည်ကို တွေးကြည့်မိသည်။ စိတ်ပိုင်းဆိုင်ရာ အားပေးမှုများက မိုးစက်ကို အလွန်အကျိုးသက်ရောက်ပုံရသည်။ ဘာပဲပြောပြော မိမိသူငယ်ချင်း တဖန်ပြန်လည်းနိုးထလာသည်ကို ၀သုန်ကျေနပ်ပါသည်။

"အင်း....မင်းကို သူတကယ်ချစ်တယ်ဆိုတာကို ငါယုံပါတယ်။ မင်း သူ့ကိုယုံကြည်တယ်ဆိုတာကိုလည်း ငါ နားလည်ပါတယ်။ ဒါပေမယ့် ဒေါက်တာရှေ့ ဖုန်းတော့ မပြောနဲ့။ ဒေါက်တာ စိတ်ဆင်းရဲလိမ့်မယ်။"

"ဘာဆိုင်လို့လဲကွ။"

မိုးစက် ၀သုန့်ကိုပြန်မေးလိုက်သည်။ ၀သုန် ပြုံးကာ ဖြေလိုက်သည်။

"မင်းမျက်နှာက ခွေးတက်လျက်လို့ရအောင်ကိုချိုနေလို့။ အကိုနှင်းထန် တွေ့ရင် ဘယ်လိုမှ စိတ်ချမ်းသာမှာ မဟုတ်ဘူး။"

မိုးစက် ငြိမ်သွားသည်။ ဖြစ်နိုင်သည်။ ၀သုန်က အပိုပြောမည့်သူ မဟုတ်ပေ။ နောက်ဆို မိမိဆင်ခြင်နိုင်သည် မဟုတ်လား။

"အင်း... အကိုရှေ့ဆိုရင် ငါ အကိုကြီးနဲ့ ဖုန်းမပြောဖြစ်အောင် ဆင်ခြင်ပါ့မယ်ကွာ။ ကဲ အခုတော့ အားလုံး အဆင်ပြေသွားတာ ၀မ်းသာလိုက်တာကွာ။ မင်းနဲ့လည်း အတူတူ အလုပ်လုပ်ခွင့်ရသွားပြီ။ ဟေ့ကောင် မင်း နာဖို့သာ ပြင်ပေတော့။ မင်းကို ငါကြပ်မှာ သိလား။"

ဝသုန်က ရယ်မောကာ မိုးစက်ကို မခံချင်အောင်ပြောလိုက်သည်။

"အေးပါကွာ။ ကြည့်ကြသေးတာပေါ့ ခွန်မိုးစက်ရာ... မင်း ဘယ်လောက်အစွမ်းရှိမှာမို့ ငါ့ကို လာကြပ်နိင်မှာလဲကွာ။ မင်း မှာ အရည်ချင်းရှိရင် မင်းအမိန့်ကို ငါနာခံတာပေါ့......"

မိုးစက်က သူငယ်ချင်းပုခုံးကို မနာအောင်ထိုးကာ ပြောလိုက်သည်။

"စိမ်လိုက်လေ။ တွေ့ကြသေးတာပေါ့ ၀သုန်ရာ....."

သူငယ်ချင်းနှစ်ဦး တယောက်ကို တယောက်ကျီစယ်ကာ အလုပ်ကို လာခဲ့ကြသည်။ ယခုလိုဆိုတော့ ရာသီဥတုက သာယာသားပဲ ဟု မိုးစက် တွေးလိုက်မိသည်။

Company သို့ေ၇ာက်သောအခါ ၀သုန်က မိုးစက်တောင်းသည့် အချက်လက်များကိုထုတ်ပြပြီးရှင်းပြရသည်။ မိုးစက်က စေ့စပ်စွာမေးသည်။ သက်ဆိုင်ရာ မန်နေဂျာများကလည်း မိုးစက် မေးသည့် မေးခွန်းကို ကြားသောအခါ ပေါ့ပေါ့တန်တန် သဘောမထားရဲတော့ပေ။ မိုးစက်ဆိုသည့် လူချောလေးသည် သူဌေးရဲ့ ချစ်သူဖြစ်သောကြောင့် အရည်ချင်းမရှိပဲ ရလာခြင်းမဖြစ်နိုင်ပေ။ ထိုက်သင့်သည့်အရည်ချင်းတော့ရှိမည့်ပုံပဲ ဟုတွေးစပြုလာသည်။

"မိုးစက် .... အကိုနှင်းထန် ရောက်နေပြီ။ မင်းကို လာကြိုနေပြီ။"

ဝသုန်လာပြောမှ မိုးစက် သည်နာရီကိုကြည့်လိုက်မိတော့သည်။ ၅ နာရီခွဲနေပြီဖြစ်သည်ကို အံ့သြစွာတွေ့လိုက်ရသည်။

" ၅ နာရီခွဲပြီလား။ အချိန်ကုန်မြန်လိုက်တာ..... "

ဝသုန်ရှုံ့မဲ့သွားသည်။ ဒီကောင် တကယ်မလွယ်သည့်ကောင်။ ၄ နာရီကြာ တောက်လျောက်ထိုင်ကာ အလုပ်ကိုလေ့လာနေပုံက အလုပ်သရဲမှန်းသိသာလှသည်။ ဒီပုံအတိုင်းဆိုလျှင် မိမိကို သူတကယ် ကြပ်မည့် ပုံပေါ်သည်။

"မြန်မနေနဲ့။ သွားတော့။ သူဌေးစောင့်နေပြီ။ "

မိုးစက်သည် ကြည့်လက်စဖိုင်များကို ယူကာ သူစောင့်နေသည့် နေရာကို လာခဲ့သည်။
ဒေါက်တာနှင်းထန်သည် ဖိုင်တွဲများသယ်လာသည့် မိုးစက်ကိုကြည့်ကာ အလိုမကျစွာမေးလိုက်သည်။

"ဒီဖိုင်တွေက ဘာလုပ်ဖို့လဲ။ အလုပ်ကို အိမ်သယ်လာတာ မကြိုက်ဘူး။"

မိုးစက် သူ့ကို မျက်နှာချိုသွေးလိုက်သည်။

"အကိုကလည်းဗျာ။ အစမို့ လေ့လာချင်လို့ပါ။ အိမ်ကို အလုပ်တွေ သယ်လာတာ မဟုတ်ပါဘူးဗျာ။"

နှင်းထန် ဘာမှ ဆက်မပြောတော့ပါ။ မိုးစက်၏ အပြုံးက မိမိဆက်ဆူချင်သည့်စိတ်ကို ငြိမ်သွားစေသည့် မဟုတ်လား။ ဒီလောက်ထိကို မိုးစက်၏ အပြုံးက ဆွဲဆောင်နိုင်လွန်းလှသည်။

"အေး.... ညအိပ်ယာဝင် နောက်ကျရဲ့ နောက်ကျကြည့်။ ကျုပ်အကြောင်းသိမယ်။"

"စိတ်ချပါ။ နောက်မကျစေရပါဘူး ဗျာ။"

မိုးစက်သူ့ကို ကတိပေးလိုက်သည်။ လောလောဆည် သူက မိမိကို အလုပ်လုပ်ခွင့်ပေးထားသည်ဆိုတော့ သိပ်မာလို့ မဖြစ်သေးပေ။
အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(15) -ဒုတိယပိုင်း

"ချာတိတ်..... ဒါက ဘယ်လဲ.."

မိုးစက်သည် ညစာစားပြီးနောက် သူနှင့် ခြံထဲလမ်းလျှောက်ရင်းစကားပြောနေရာမှ အသာလေးလှည့်ထွက်မည်အပြု သူကလှမ်းခေါ်လိုက်သည်။ မိုးစက်သည် သူ့ဘက်ကို ပြန်လှည့်လာပြီး မျက်နှာချိုသွေးလိုက်သည်။

"အကို... ကျွန်တော် ယူလာတဲ့ဖိုင်တွေ နည်းနည်းလေ့လာချင်လို့ပါ။"

နှင်းထန်သည် ပထမ မိုးစက်ကို ဆူမည်လုပ်ပြီးမှ စိတ်လျော့လိုက်သည်။ မိုးစက်၏ ပြောင်းလဲသွားတာလေးကို မိမိအတတ်နိုင်ဆုံးလက်ခံပေးမည်ဟု ဆုံးဖြတ်ပြီးဖြစ်သည်ကို သတိရပြီး သူ့ကို ပြန်ပြုံးပြကာ ပြောလိုက်သည်။

"ကိုယ် မင်းကို ရှင်းပြပေးမယ်..."

အကိုနှင်းထန်၏ စကားကြောင့် မိုးစက်တကယ်ကို ပျော်သွားသည်။ အကို မိမိကို နားလည်ပေးတော့ မိမိလည်းနေရ မကြပ်တော့ဘူးပေါ့။ မဟုတ်လျှင် မိမိက အလုပ်လုပ်ချင်သည်။ သူက မကြည်ဖြူဆိုလျှင် ရေရှည်ဆက်ဆံရေး အဆင်ပြေမည်မဟုတ်ပေ။

မိုးစက်သူ့လက်ကို လှမ်းဆုပ်ကိုင်ကာ ပြုံးပြီးပြောလိုက်သည်။ တကယ့်ကိုကျေးဇူးတင်စွာဖြင့်ပေါ့။

"ကျေးဇူး အကို...."

နှင်းထန်က ချစ်သူခြင်း၊လင်မယားခြင်းကျေးဇူးတင်စကားပြောနေသော ကောင်လေးကို ငုံ့ကြည့်ကာ ပါးကို ထိုးပေးလိုက်သည်။ မိုးစက်က ရှက်ပြုံးပြုံးကာ သူ့ပါးကို ဖြတ်ခနဲနမ်းလိုက်တော့မှ နှင်းထန် ကျေနပ်သွားသည်။

"ဒီလိုမှပေါ့...ကဲ...လာ ချာတိတ် သိချင်တာ အားလုံးကို ရှင်းပြပေးမယ်။"

မိုးစက်သည် ကျေနပ်စွာဖြင့် အကို့နောက်ကို လိုက်လာခဲ့သည်။ စာကြည့်ခန်းထဲတွင် အကိုနှင်းထန်နှင်းထန် နှင့်အတူတူ အလုပ်လုပ်ရတော့ အကိုကြီးကို တချက်သတိရလိုက်သေးသည်။ သြော် အရင်တုန်းက မိမိတို့ ဒီလို အတူတူညတိုင်းအလုပ်လုပ် ခဲ့သည်။ အကိုကြီးက မိမိကို တော်လာအောင်၊ ထက်လာအောင် လေ့ကျင့်ပေးခဲ့သည်ကို မိုးးစက် ကျေးဇူးတင်မိသည်။ တွေးတိုင်း အကိုကြီးကျေးဇူးကိ သတိရမိပါသည်။

"ကဲ....ချာတိတ်....ည ၁၀ နာရီထိုးပြီ။ အိပ်ကြစို့။"

မိုးစက်သည် အင်တာနက်မှ အချက်လက်များကို ကြည့်နေရာမှ သူ့ကို မော့မကြည့်ပဲ ပြန်ပြောလိုက်သည်။

"အင်း.... သွားအိပ်လေ....အကို..."

"ချာတိတ်မရှိပဲ ကိုယ်တယောက်တည်း ဘယ်လိုအိပ်ရမလဲ။"

"ခါတိုင်းလည်း တယောက်ပဲအိပ်နေတာ မဟုတ်လား။ အကိုအိပ်ချင်သွားအိပ်တော့လေ။ ကျွန်တော် နည်းနည်း ဆက်ကြည့်လိုက်ဦးမယ်။"

မိုးစက်က မျက်လုံးက ကွန်ပြူတာကို မလွဲတမ်းကြည့်ပြီး ပြန်ဖြေနေသည်ကို ကြည့်ကာ နှင်းထန် စိတ်မရှည်တော့ပဲ မိုးစက်၏ ထိုင်ခုံကို ဆွဲယူကာ ဆတ်ခနဲ ပွေ့ချီလိုက်တော့သည်။

ထိုအခါမှ မိုးစက် သူဆိုလိုသည်ကို နားလည်တော့သည်။ သူက မိမိနှင့် အတူအိပ်ချင်သည်ဆိုတာက...

"အကိုကလည်းဗျာ..... မနေ့က အတူတူအိပ်ပြီးပြီလေ..."

"ဟေ့ မနေ့က အိပ်ပြီးတာနဲ့ ဒီနေ့ ထပ်မအိပ်ရတော့ဘူးလို့ ဘယ်သူပြောလဲ။ မင်းနဲ့ကျုပ်က ဘာလဲ..."

နှင်းထန်သည် မိုးစက်ကို ပွေ့ချီကာ အပေါ်ထပ်ကို ခေါ်လာရင်းမေးလိုက်သည်။ မိုးစက်က သူ့ကိုရယ်ကာ ဖြေလိုက်သည်။

"သူစိမ်းလေ...အင်း...ပြီးတော့  ယောက်ဖ...."

နှင်းထန်က တမင်ကို သိလျက်နှင့် ပေါက်ကရဖြေနေသော မိုးစက်ကို မွေ့ယာပေါ်ချလိုက်ပြီး ဒဏ်ခတ် ရန်ကြိုးစားတော့သည်။

"သူစိမ်း ဟုတ်လား.... အိုကေ......သူစိမ်း အစွမ်းကို ပြရသေးတာပေါ့...လာ...ခဲ့..."

မိုးစက် က မိမိကို အနမ်းပင်လယ်ထဲ ဆွဲခေါ်နေသော သူ့ရင်ဘတ်ကို တွန်းကာ ပြောလိုက်သည်။

"အကိုကလည်း မဟုတ်လို့လား..."

နှင်းထန်သည် မိုးစက်၏ စူပွပွပုံစံလေးကို အူယားကာ ကစ်ပေးလိုက်ပြီးပြောလိုက်သည်။

"ညတိုင်း အတူအိပ်နေတာ ဘာလဲ..."

"အာ.... ညတိုင်း အတူ မအိပ်ပါဘူး။ အကို ဘာတွေလျှောက်ပြော.... အွန်း...."

မိုးစက် ကို စကားပြောခွင့်မပေးတော့ပါ။ ဒေါက်တာ နှင်းထန်သည် တနေ့တာ အောင့်ထားသမျှ မိုးစက်အပေါ် အချစ်တွေကို သွန်ချလိုက်လေပြီ။

မိုးစက်သည် သူကျေနပ်သွားတော့မှ အိပ်ယာမှထလိုက်သည်။ နှင်းထန်က မိုးစက်ကို ပြန်ဆွဲကာ ဖက်ထားပြီးမေးသည်။

"ဒါက ဘယ်လဲ ချာတိတ်..."

မိုးစက်သည် သူ့လက်မှ ရုန်းထွက်ကာ အ၀တ်ပြန်ဝတ်ပြီး ဖြေလိုက်သည်။

"ကျွန်တော့် အခန်းကိုပြန်မလို့လေ.... အကိုအိပ်တော့နော်။"

နှင်းထန် မျက်မှောင်ကြုတ်သွားပြီး မိုးစက်ကို အိပ်ယာထက် ဆွဲယူလိုက်သည်။ အ၀တ်ဝတ်လက်စနှင့် မိုးစက် နှင်းထန် ၏ ရင်ခွင်အောက်ကို ပြိုကျလာခဲ့သည်။ အကို့ကို မော့ကြည့်လိုက်သော် အလိုမကျဟန်ဖြင့် မျက်မှောင်ကုတ်နေဖြင့် မိုးစက် သူ့ကိုနှစ်သိမ့်လိုက်သည်။

"အကို....ကျွန်တော်က မနက်ဆို စောစောထပြိး ယောဂ ကျင့်မှာ။ အကို နေ့တိုင်း အိပ်ရေးပျက်နေမှာစိုးလို့ပါ။ ပြီးတော့ နောက်ပိုင်းဆိုရင် ကျွန်တော် ညတိုင်း အလုပ်လုပ်မှာဆိုတော့ ...."

"မနက်ထတာ ထားတော့။ ညနက်ထိ အလုပ်လုပ်မယ် ဟုတ်လား။ မင်းကို ခိုင်းစားရမှာ ကျူပ် ကျေနပ်မယ်ထင်နေလား..."

"အာ.... ခိုင်းစားတာ မဟုတ်ဘူးလေ အကို။ ကျွန်တော် နေ့တိုင်းအလုပ်ကို ညနက်လုပ်မယ် မပြောပါဘူး။ အလုပ်ပါလာ တဲ့နေ့ ညနက်နိုင်တာကိုကြိုပြောတာပါ။ "

နှင်းထန်က မိုးစက်ကို လိုရင်းကိုသာ ပြောလိုက်သည်။

"နေပါဦး။ ကျုပ်တို့က တအိမ်တည်းနေပြီး အခန်းခွဲအိပ်တယ် ဆိုတာ ဘာသဘောလဲ။"

"အကိုကလည်း။ သူစိမ်းတွေပါဆို...."

နှင်းထန်သည် ထိုစကားကို ကြားသော် မိုးစက်၏ နူတ်ခမ်းကိုနာကျင်အောင်ကိုနမ်းလိုက်သည်။ မိုးစက်သူ့အနမ်းကိုရုန်းသော်လည်း လွှတ်မပေးပေ။ သူစိတ်တိုင်းကျနမ်းပြီးမှ ပြောသည်။

"သူစိမ်းဆိုတဲ့စကားကို ထပ်မပြောနဲ့။ ကျုပ်မကြားချင်ဘူး။"

မိုးစက် သူဘာကို စိတ်ဆိုးသွားသည်ကိုသိသည်။ သို့သော် မဖြစ်မှန်ကို သူလက်ခံအောင်ပြောရမည်။

"မဟုတ်ဘူးလား။ အကိုက မိုးပွင့်ကို လက်ထပ်ထားလို့ ကျွန်တော့်ယောက်ဖလေ။ အဲ့ဒါ သူစိမ်းမဟုတ်ဘူးလား။ ကျွန်တော်က အခု မိုးစက်လေဗျာ။"

"မင်းနဲ့ တရားဝင်လက်ထပ်မယ် မိုးစက်။ မနက်ဖြန်လက်ထပ်မယ်။"

"အကို....ကျွန်တော့်ကို အကို့အသိုင်းအ၀ိုင်းက လူတွေ နားလည် လက်ခံလာတာကိုပဲ လိုချင်တယ်။ အခုလိုဗြုန်းစားကြီး လက်ထပ်လိုက်ရင် လူတွေ အထင်လွှဲကုန်မယ်။ ပြီးရင် ကျွန်တော့်ကို လူတွေ မုန်းကုန်လိမ့်မယ်။"

"မင်းကိုမုန်းမှာကိုစိုးရိမ်တာလား မိုးစက်။ သူတို့နဲ့ ပေါင်းရမှာလား။ ကျုပ်နဲ့ ပေါင်းရမှာလား။ ကိုယ့်ထမင်းကိုယ်စားပြီး လူကာကို သောက်တင်းတုပ်နေတဲ့ လူတွေကို မင်းက ကျုပ်ထက် ကိုကရုစိုက်တာလား။"
နှင်းထန်ပေါက်ကွဲလေပြီ။ မိုးစက်ကို မိမိက ချစ်သည်။ ချက်ချင်းကိုလက်ထပ်ချင်သည်။ဒါကို ချာတိတ်လေးက ဘာမဟုတ်သည့် အကြောင်းပြချက်များပေးကာ အချိန်ဆွဲနေသည် မဟုတ်လား။ မိမိက ချစ်လိုက်ရတာ။ အခု ဒင်းကလေးက မိမိကို ထည့်လို့ပင် မစဉ်းစားဘူးဆိုတာကတော့ များသွားပြီဟု ထင်သည်။

မိုးစက်သည် ရှုးရှုးရှားရှားဖြစ်လာသော အကိုနှင်းထန်ကို ကြည့်ကာ ရယ်လည်းရယ်ချင်သည်။ မိမိပြောသည်ကို သေချာ နားမထောင်ပဲ တယောက်တည်း ဒေါကန်နေသည်မဟုတ်လား။

"ကလေးဆိုးကြီးကျနေတာပဲ..."

မိုးစက် မအောင့်နိုင်တော့ပဲ ရယ်ရင်းပြောလိုက်တော့ နှင်းထန် ကြောင်သွားသည်။ သွားစွယ် ချွန်ချွန်လေး များပေါ်အောင် ရယ်နေသော ကလေးလေးကို ကြည့်ကာ နှင်းထန်၏ ဒေါသတို့ ဘယ်ကိုလွင့်သွားသည် မသိတော့ပေ။

"ဘာပြောတယ်..."

"အင်း...ကလေးဆိုးကြိးလို့...."

"ကလေးဆိုးကြိးက ဘယ်လိုဆိုးတယ်ဆိုတာ ပြရတာပေါ့....လာခဲ့..."

သူက မိုးစက်ကို သိုင်းဖက်ကာ အချစ်ပင်လယ်ထဲ ကိုဆွဲချသွားတော့သည်။ ဒီကလေးကို အလွတ်ပေးလို့မရတော့ပေ။ အချစ်နှင့် မောပြိး မိမိရင်ခွင်ထဲ အိပ်သွားအောင်လုပ်ရမည် ဟုဆုံးဖြတိလိုက်သည်။

"အာ.... အကို တခါဆို တော်ရောပေါ့..."

"မတော်ဘူးကွာ..."

မိုးစက်သည် ညည်းညည်းညူညူနှင့် သူခေါ်ရာကို ပါသွားရပြန်သည်။ တကယ်ပဲ တညလုံး တကြိမ်ပြီးတကြိမ် သူ့ရင်ခွင်တွင် မိုးစက် ကျရှုံးသွားရတော့သည်။ မနက် နာရီနှိုးစက်မြည်တော့ မိုးစက် အတင်းကို ကုန်းရုန်းထ ရတော့သည်။ ဒါကို သူက ဖက်ထားသေးသဖြင့် မိုးစက် မနည်းပြောယူရသည်။ မိုးစက် စိတ်ဆိုးမည် ပြောမှ သူလွှတ်ပေးတော့သည်။ မိုးစက် မိမိအခန်းထဲကို သွားကာ မျက်နှာသစ်ပြီး နေ့စဉ် မနက်တိုင်းလုပ်နေကျ အလုပ်ကိုလုပ်လိုက်တော့သည်။ ယောဂ ကျင့်စဉ်ကို ကျင့်လိုက်သည်နှင့် မိုးစက် ၏ စိတ်တည်ငြိမ်သွားတော့သည်။

အချစ်စစ်၏တည်နေရာ- Season (4)Where stories live. Discover now