Zawgyi
မနက်ပိုင်းထပြေးပြီးပြန်အလာ လမ်းမှာ မုန့်ဟင်းခါးတွေ့တာနဲ့ဝင်ဝယ်လိုက်သည်။ ညတုန်းကထမင်းကြမ်းကျန်တာနဲ့ နယ်စားရင်အတော်ပဲ။ မုန့်ဟင်းခါးနဲ့ထမင်းကို ကိုကိုအရမ်းကြိုက်တာလေ။ ကျွန်တော်ထပြေးတုန်းကတော့ ကိုကိုမနိုးသေးဘူးဆိုတော့ မုန့်တော့သွားမဝယ်လောက်ပါဘူး။ ဖုန်းဆက်လိုက်တာကောင်းပါတယ်။ နှစ်ယောက်ဝယ်ဆို နှမြောစရာကြီး။
ဖုန်းလည်းမကိုင်ပါလား အိပ်နေတာလားမသိ။
" သားရေ ဘူးသီးကြော်နဲ့ငဖယ်နော် ဒီမှာရပြီ"
" ဟုတ် အန်တီ ကျွန်တော့ကို ဟင်းရည် 200 ဖိုးပါထည့်ပေးပါဗျ"
" အေးအေး သားလေး"
ဟင်းရည်ပိုဝယ်သွားမှ ထမင်းနဲ့နယ်ရင်အတော်ပဲလေ။ ကိုကို့အမေက "အဲလိုနယ်စားရင်ဝမ်းလည်းအေးတယ်၊ ငွေကုန်လည်းသက်သာတယ်၊ ဗိုက်လည်းဝတယ်၊ သားကြီးကလည်း အရမ်းကြိုက်တာ ပြီးရင် ဟင်းရည်လေး 200 ဖိုးလောက်ပိုဝယ်ချေ" ဟု ပြောသွားသဖြင့် ကျွန်တော့မှာ တစ်ချက်ခုတ် အချက်လေးဆယ်ပြတ်ရေး ကိုယ့်အရေးပင်။ အရင်ကတော့ ဟင်းရည်အပိုဝယ်ရမှာ ရှက်သေးတာ။ နောက်တော့လည်း " ညီရယ် ကိုယ်ကဝယ်တာလေ၊ မပေးချင်တာကိုအတင်းတောင်းတာမှမဟုတ်တာ ဘာတွေရှက်နေတာလဲ" ဆိုပြီး သူကိုယ်တိုင်ဝယ်ပြသဖြင့် အခုတော့ ကျွန်တော်မရှက်တော့ပါ။ အမယ် နံနံပင်ပိုထည့်ဖို့တောင်ပြောနိုင်နေပြီ။ ကိုကိုက နံနံပင်များများနဲ့ကြိုက်တာလေ။
မုန့်ဟင်းခါးထုပ်လေးဆွဲပြီးဖြည်းဖြည်းတက်လာရင်း တံခါးဆွဲဖွင့် ဖိနပ်ထားပြီး အိမ်ထဲဝင်သည်အထိ ကိုကို့အရိပ်အယောင်မမြင်ရသေး။ အိပ်နေတုန်းလား အပြင်သွားတာလား အိပ်နေတုန်းဆို အော်ခေါ်လိုက်ရင်နိုးသွားပါဦးမယ်ဆိုပြီး မုန့်တွေကိုကြောင်အိမ်အစွန်းမှာချိတ်ပြီး အခန်းဝသို့ခပ်ဖွဖွလျှောက်သွားပြီး ကြည့်မိတော့ အိပ်ခန်းထဲမှာ ကိုကိုက အဝတ်ပုံနှင့်အလုပ်ရှုပ်လို့နေသည်။
" ဟင် ကိုကို ဘာလုပ်နေတာလဲ .... ဟာ မီးပူတိုက်နေတာလား"
ကျွန်တော့ကိုမော့ကြည့်လာသည့် ကိုကိုမျက်နှာတွင် မနက်စောစော ချွေးများသီးလို့။
YOU ARE READING
မပြိုသောကောင်းကင်၊မကြွေသောကြယ်
Romanceမပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ....... Cover Design by Moe Yeik Nyo