Part 3 (Unicode)

27.7K 3K 84
                                    

လုလိယက်စ်၏ နေအိမ်ကြီးသည် ပုံပေမြို့၏ အခမ်းနားဆုံး၊ အလှပဆုံးနေရာတွင် တည်ရှိသော လူချမ်းသာရပ်ကွက် တစ်ခုတွင် တည်ရှိသည်။ မြို့တွင်းရှိ အခြားအိမ်များလို နှစ်ထပ်မဟုတ်ဘဲ သုံးထပ်ဆင့်ကာ တည်ဆောက်ထားသည်။ အပေါ်ဆုံးတစ်ထပ်လုံးမှာ ရေတံခွန် ရေပန်းများ၊ သစ်ပင်ပန်းမန်များဖြင့် တန်ဆာဆင်ထားသော ဥယျာဉ်နေရာဖြစ်ပြီး ပုံပေတစ်မြို့လုံးနှင့် ပင်လယ်ပြာကို မြင်နေရသည်။

မြေညီထပ်တွင် လက်ရာမြောက်သော ကြေးတံခါးကြီးဖြင့် တန်ဆာဆင်ထားသည့် ဝင်ပေါက်ရှိပြီး ဧည့်ခန်းမဆောင်ကြီးအထိ အဖြူနှင့်အမည်းကွက်များဖြင့် လှပစွာတန်ဆာဆင်ထားသော ကျောက်စီကြမ်းခင်းဖြင့် ဆက်သွယ်ထားသည်။ ရွှေအိုရောင်ဆေးသုတ်ထားသော ဧည့်ခန်းမဆောင်ကြီး၏ နံရံများတွင်တော့ ဂရိနတ်ဘုရားများ၏ ဂန္တဝင်သမိုင်းပုံနံရံဆေးရေးပန်းချီများကို လက်ရာမြောက်စွာ ခြယ်မှုန်းထားသည်။ နံရံများ၏အောက်ခြေပိုင်းတွင်မူ ကြက်သွေးရောင်ပတ်ချာလည် ဆေးခြယ်ထားသည်။ မျက်နှာကြက်နေရာပင် မလွတ်။ အနီ အပြာ အစိမ်းရောင်စုံကို စစ်တုရင်ကွက်ပုံစံ လေးထောင့်ကွက်များ အဖြစ် ပုံဖော်ထားသည်။

ဧည့်ခန်းဆောင်ကြီး၏ အလယ်ခေါင်မိုးတွင် ရောမခေတ်ဗိသုကာလက်ရာ ထုံးတမ်းစဉ်လာအတိုင်း လေးထောင့်နေရောင်ဝင်ပေါက်ရှိသည်။ ခေါင်မိုးကို ကန်တော့ပုံစံ ခပ်နိမ့်နိမ့်လျှောဆင်းစေပြီး ပြုလုပ်ထားခြင်း ဖြစ်သည်။ ခေါင်မိုးပေါက်ပတ်ချာလည်တွင် ရေတံမြိတ်ပုံစံ သွယ်တန်းထားသော ရေစီးကြောင်းများအဆုံးရှိပြီး ထောင့်လေးထောင့်ရှိ ပြဇာတ်မျက်နှာဖုံးပုံစံ လူမျက်နှာ၏ပါးစပ်ပေါက်မှ ရေစီးတန်းလေးခုသည် အောက်ခြေမှ ကျောက်ရေကန်ထဲသို့ တသွင်သွင် ကျဆင်းနေသည်။

ထိုရေစီးကြောင်းများနှင့်အတူ ဆောင်းဦးပိုင်းတွင် ရွာသွန်းလေ့ရှိသော မိုးစက်မိုးပေါက်များသည် အမိုးပေါက်အောက်တည့်တည့်ရှိ အဖြူရောင်ကျောက်သားများဖြင့် ဖွဲ့စည်းထားသည့် လေးထောင့်ရေကန်ထဲသို့ တဖွဲဖွဲကျဆင်းနေသည်။ မိုးစက်များ တပေါက်ပေါက်ကျဆင်းနေသောကြောင့် ရေကန်ငယ်မျက်နှာပြင်သည် ငြိမ်သက်ခြင်းမရှိ။ ကခုန်နေသော ကချေသည်လေးများလို မိုးသံနှင့်အညီ မြူးကြွနေသည်။ မိုးရေစက်ငယ်များ ဖန်တီးထားရစ်သော ရေလှိုင်းငယ်များမှာမူ ကောင်းကင်ယံမှ မှိတ်တုတ်ကြယ်လေးများလိုပင်။ ရေကန်မျက်နှာပြင်ထက် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသည်။

ထာ၀ရ ပုံပေWhere stories live. Discover now