အပိုင်း - ၁၇ (Zawgyi + Unicode)

20.5K 2.6K 221
                                    

#For Zawgyi

ခုတော့ အသာလည်း ဒီရွာနှင့် အတော်ပင် အသားကျနေချေသည် ။ ဘယ်လောက်များလည်းဆို ခုနောက်ပိုင်း သူ့အနားတောင် ဒင်းကလေးက သိပ်မကပ်တော့ပေ ။

သူတို့ အလုပ်များချိန်ဆိုရင် အသာက ကူစရာရှိတာ ဝိုင်းကူ ။ သူလုပ်နိုင်တာတွေ ကူပြီးပြီဆိုတာနဲ့ ကလေးတစ်သိုက်နဲ့ ရွာရိုးကိုးပေါက် လျှောက်သွားချင်သွား ။ အဲ့လိုမှ မဟုတ်ရင်လည်း ရွာထဲက အဘိုးအဘွားတွေအိမ်မှာ တောက်တိုမယ်ရတွေ လိုက်လုပ်ပေးပြီး လေပန်းနေတော့သည် ။

လူချစ်လူခင်ပေါများချက်ကတော့ တစ်ရက်နှစ်ရက်အတွင်း ရွာကလူများနှင့်သာမက သူတို့အဖွဲ့က လူများကလည်း အသာမှအသာ ဖြစ်ကာ တစ်သာတည်း သာ နေကြတော့သည် ။ တစ်ခါတစ်ခါ ကိုယ်က လူရင်းလား အသာက လူရင်းလားဆိုတာတောင် မနည်းပြန်တွေးယူနေရတဲ့ အဖြစ် ။

အထူးသဖြင့် မေမွန်တို့ မိန်းကလေးအဖွဲ့က အသာ့ကိုဆို သိပ်ပြီး သဲသဲလှုပ်ကြသည် ။ အစတုန်းကတော့ ကိုယ်က သဲသဲလှုပ်လို့ ဘာဖြစ်သလေး ညာဖြစ်သလေးဆိုပြီး ပြောခဲ့တဲ့ သူတို့က ခုတော့ ကိုယ့်ထက်ပင် အသာ့ကို ပိုပြီး အသဲတုန် အူတုန် ဖြစ်နေကြ၏ ။

ခေါ်လာစက ဒီအဖွဲ့ထဲမှာ အသာတစ်ယောက် နေမှနေတတ်ပါ့မလားရယ်လို့ တွေးပူခဲ့သမျှဟာ ခုတော့ဖြင့် ဒင်းကလေးက ကိုယ့်ထက်တောင် လူရင်းလိုလိုပုံ ပေါက်နေတော့သည် ။ ကိုယ်ပင် တစ်ခါတစ်ခါ ဘေးရောက်သွားသလိုလို ။

ကိုယ်က အသာရေ ကိုယ့်ကို ဒါလေးကူပေးပါဦး ဘာညာ ခိုင်းမိရင်တောင် မေမွန်တို့မိန်းကလေးအဖွဲ့က နင်က ကလေးကိုပဲ ခိုင်းနေတာပဲတို့ ဘာတို့နဲ့ ကိုယ့်ကို ပြန်ပြီး အပြစ်တင်တတ်နေကြပြီ ။

အသာဟာ ကိုယ်ခေါ်လာတဲ့ကလေးလား သူတို့ခေါ်လာတဲ့ကလေးလား ဆိုတာတောင် မသဲကွဲတော့ချေ ။ မောင်ထင်းထင်သာတို့က ဤကဲ့သို့ အစွမ်းထက်ပါ၏ ။

ရောက်စ,က ကိုယ်မှကိုယ် ဖြစ်ပြီး ကိုယ့်ကို မျက်စိအောက်က အပျောက်မခံဘဲ အနောက်ကနေ တကောက်ကောက်လိုက်ခဲ့တဲ့ကလေးက ခုလို သူ့ဟာနဲ့သူလေး နေတတ်သွားတဲ့အပေါ်မှာ ဝမ်းသာကျေနပ်ရမယ့်အစား သူ့မှာ အောင့်သက်သက်လိုလို ခံစားနေရတာက ခက်သည် ။

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now