အပိုင်း - ၃၁ (Zawgyi + Unicode )

19.4K 2.3K 142
                                    

#For Zawgyi

သူ စိုးရိမ်နေတဲ့ အခြေအနေတစ်ခုဟာ လျင်လျင်မြန်မြန်ပဲ သူ့ထံကို ရောက်ရှိလာပါတော့သည် ။

သူ့အခန်းထဲကို ပြောစရာရှိလို့ဟုဆိုကာ ဖေဖေဝင်လာကတည်းက သူ့စိတ်ထဲ မုန်တိုင်းတစ်ခု စ,တင်တော့မလို အငွေ့အသက်မျိုးအား ခံစားလိုက်ရသည်ကို ဆဌမအာရုံဟုပဲ ပြောရလေမလား ။ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် အသင့်ပြင်ဆင်ထားရင်း ဖေဖေပြောလာမည့် စကားများကို နားစွင့်နေမိသည် ။

" ဘွားဘွားက သားမမကို ဆက်စေနဲ့ နေရာချထားပေးချင်နေတယ် "

စိတ်ကို အသင့်ပြင်ဆင်ထားတဲ့ကြားကတောင် တကယ်တမ်း နားနဲ့ဆတ်ဆတ်ကြားလိုက်ရတဲ့အချိန်မှာ လူဟာ ပြိုလဲကျမတတ် ။ အသံကို တုန်မသွားရအောင်...မျက်နှာကို ပျက်မသွားမိအောင် ထိန်းရင်း ဟုတ်ကဲ့ ဟုသာ ခပ်တိုတို စကားထောက်ပေးမိသည် ။

" ဆက်စေက လူရည်မွန်လေးမှန်း သိပေမယ့် သားက ဆက်စေနဲ့ညီအစ်ကိုလို ရင်းနှီးနေတဲ့သူဆိုတော့ သူ့အကြောင်းကို ဖေဖေတို့ထက်တော့ ပိုသိမှာပဲလေ "

ထပ်တစ်ခါ ဟုတ်ကဲ့ ဟု တုန့်ပြန်ရပြန်သည် ။

" အဲ့ဒါ သားမမအတွက် သင့်တော်တဲ့သူ ဖြစ်မဖြစ် ဖေဖေက သားနဲ့တိုင်ပင်ချင်တာပါ "

ဖေဖေကတော့ သားသမီးအရာထားပြီး ဘာရယ်မဟုတ် လာပြီး တိုင်ပင်လိုက်တာပါပဲ ။ သူ့အနေနဲ့က ဖေဖေ့ စကားတစ်ခွန်းဟာ သူ့အတွက်တော့ နင့်ကလေးကို နင့်ဓါးနဲ့ နင်ကိုယ်တိုင် သတ်စေ ဆိုတဲ့ အမိန့်မျိုးလိုဖြစ်နေခဲ့ပြီလေ ။

" အကိုဆက်စေက ဘယ်နေရာမှာမှ အပြစ်ပြောစရာမရှိတဲ့ လူကောင်းတစ်ယောက်ပါ ဖေဖေ ၊ မမအတွက်မှ မဟုတ်ဘူး ၊ အကိုဆက်စေကို ပိုင်ဆိုင်ခွင့်ရတဲ့ ဘယ်သူ့အတွက်ကိုမဆို အကိုက ပြည့်စုံတဲ့သူတစ်ယောက်ဖြစ်နေမှာပါပဲ "

" အင်း...ဒါဆိုရင်တော့ ဝမ်းသာစရာပေါ့ သားရယ် ၊ သားဘွားဘွားက ဒီကိစ္စကို တော်တော်ဆန္ဒရှိနေတာ "

တတိယအကြိမ်ပြောရတဲ့ ဟုတ်ကဲ့ မှာ သူ့အသံဟာ သိပ်တောင် မထွက်ချင်တော့ ။ ကံဆိုးကောင်သွားလေရာ မိုးလိုက်လို့ရွာ ဆိုတာမျိုး တကယ်ကြီး ဖြစ်လာပြီနဲ့တူပါရဲ့ ။ နောက်ဆုံး မျှော်လင့်ချက်လေးများရှိမလားရယ်လို့ မေးခွန်းတစ်ခုကို အားတင်းပြီး မေးလိုက်မိသေးသည် ။

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now