အပိုင်း ၁၁

17.8K 2K 71
                                    

ညနေစောင်းဖြစ်ပေမယ့် နေပူရှိန်က မလျှော့သေးပါ။ နီကျင့်ကျင့် ၀ါကျင်ကျင် အနီရောင်နေလုံးကြီးသည် တိမ်ဖြူများနောက်မှာ ပုန်းကွယ်နေပေမယ့် ပူပြင်းမှုက တောက်လောင်ဆဲဖြစ်သည်။ ရေသန့်ဗူးများတင်လာသည့် ဟိုင်းလပ်ကားသည် လမ်းမကောင်းသောကြောင့် တုံ့နှေးတုံ့နှေးမောင်းနှင်နေရာမှ တဖြည်းဖြည်းရပ်တန့်လိုက်သည်။ ကားရပ်သွားသည်နှင့် ထိုကားနောက်မှာ တွဲခိုလိုက်လာသည့် ဒီမိုးယံတစ်ယောက် ကားပေါ်မှ ခုန်ဆင်းလိုက်သည်။

"ဒီတစ်အိမ်နောက်ဆုံးပဲ မဟုတ်လား ဒီမိုးယံ။"

"ဟုတ်တယ် ဦးလေး။ ဒါ နောက်ဆုံးပဲ။"

ကားခေါင်းခန်းမှ ကားဒရိုင်ဘာ၏အမေးကို ပြန်ဖြေရင်း ကားထိုင်ခုံအောက် ထိုးထည့်ထားသော မှတ်စုစာအုပ်ငယ်ကို လှမ်းယူလိုက်သည်။

မလင်းလက်..

မလင်းလက်ဆိုသည်မှာ ယခုနောက်ဆုံးပို့ရမည့် အိမ်ဖြစ်သည်။ နာမည်ဘေးမှာ ရေသန့်တစ်ဗူး အရေအတွက် မှာသည့်အမှတ်အသားဖြစ်သည့်၁ ဟု သူ အမှတ်အသားရေးထားသည်။ စာအုပ်ကိုပြန်ချကာ ရေအပြည့်ရှိနေသေးသော ရေသန့်ပုံးတစ်ခုကို စွေ့ခနဲ ပခုံးပေါ်ကောက်ထမ်းလိုက်သည်။ ကျင့်သားရနေပြီဖြစ်သောကြောင့် လက်မောင်းများက အနေအထားရော၊ ဟန်ပန်ကိုပါ သတိထားနေစရာပင်မလိုတော့။

"ဦးလေး သွားတော့။ ဒီနေရာက ကျွန်တော့်အိမ်နဲ့ နီးနီးလေး။ ဒါကိုပို့ပြီးရင် လမ်းလျှောက်ပြီး အိမ်ပြန်လိုက်မယ်။"

"အေး အေး။"

ကားဒရိုင်ဘာမှ သူ့ကိုနှုတ်ဆက်ကာ ကားမောင်းထွက်သွားခဲ့သည့်နောက် ဒီမိုးယံ ရေပို့ရမည့်အိမ်သို့ ဆက်လျှောက်လာခဲ့သည်။ ရပ်ကွက်ချင်းတူပေမယ့် ဒီဘက်ခြမ်းမှာက လူနေအိမ်သိပ်မရှိ။ သူပို့ပေးရမည့် အိမ်ရှေ့အရောက် ခြံတံခါးဘေးမှ ခေါင်းလောင်းခလုတ်ကို ဖိနှိပ်လိုက်သည်။ အတန်ကြာသည်အထိ ခြံကြီးအတွင်းမှ ဘာလှုပ်ရှားမှုကိုမှ သူ မတွေ့ရ။ နောက်တစ်ကြိမ် ခလုတ်ကို ခပ်ကြာကြာဖိနှိပ်ရင်း စိတ်မရှည်ဖြစ်လာသည်။ ပခုံးပေါ်မှ ရေဗူးကြီးသည်လည်း ပိုမိုလေးလံလာသလိုပင်။ အောက်သို့လည်း မချချင်။ တစ်ခါတစ်လေ အောက်သို့ချပြီးမှ ပြန်မတင်ရသည်မှာ တောက်လျှောက်ထမ်းထားရတာထက် ပိုပင်ပန်းသည်။

ဆူးWhere stories live. Discover now