အပိုင်း ၁၂

17.1K 1.9K 3
                                    

မိုးစက်သံတဖြောက်ဖြောက်က အိမ်ခေါင်မိုးကို ထိမှန်ရိုက်ခတ်နေပြန်ပါပြီ။ အလာစောသောမိုးစက်များဖြစ်ပေမယ့် ဘယ်သူမှ မငြိုငြင်ကြပါ။ ပူအိုက်သောနွေရာသီရဲ့ အဆုံးသတ်ကို ပုံဖော်နေသောမိုးစက်များကို အားလုံးက ဝမ်းသာအားရ ကြိုဆိုနေကြသည်ပဲဖြစ်သည်။

"ရာသီဥတုတွေကလည်း ဖောက်ပြန်တာနော်။"

ဒေါ်မြလေးက ခြင်ထောင်အနားစများကို ဖျာစအောက်ထိုးထည့်ကာ ပြောဖြစ်သည်။ မိုးရွာလျှင် ရေအတွက်တော့ စိတ်အေးရသည်။ ဒါပေမယ့် မွေးခါနီး၊ ဖွားခါနီးမို့ စိတ်တော့မကြည်။ ကလေးမွေးကာစဆိုလျှင် အနှီးချင်းထပ်နေအောင် လျှော်ရမည်ဖြစ်၍ နေရောင်လိုအပ်သည်လေ။ သူမတို့က တစ်ခါသုံး ကလေး ဒိုက်ပါ တွေ ဝယ်သုံးနိုင်သည်မဟုတ်။

"အား ကျွတ် ကျွတ်.."

လှဲချခါနီးမှ အောင့်ခနဲ နာကျင်လာသော ခါးရိုးကြောင့် အသက်ကိုပင် ရဲရဲမရှူရဲတော့။

"မေမေ ဘာဖြစ်လို့လဲ။"

သမီးဖြစ်သူ၏ အမေးကို အသံထွက်မဖြေနိုင်သေးသောကြောင့် ခေါင်းကိုခါပြရင်း ခါးနေရာကို ဖိကိုင်ထားရသည်။ စိမ့်ထွက်လာသော ချွေးစက်များကိုလည်း မသုတ်ရဲ။ ငြီးစီစီ၊ ပူစပ်စပ်အသိနှင့်အတူ မူးဝေသွားသော ခေါင်းများကြောင့် မျက်လုံးတွေ ပြာကုန်သည်။

"ခါးအောင့်လို့လား မေမေ။ သမီး ဘာလုပ်ပေးရမလဲ။"

"ရတယ်။ ရတယ်။"

ခေါင်းအုံးပေါ် ခပ်ဖြည်းဖြည်း လှဲချရင်း အသံထွက်မညည်းမိအောင် ကြိုးစားရသည်။ ထိုင်ရ၊ ထရသည်ကတော့ သိပ်မလွယ်တော့သလို အိပ်ရသည်မှာလည်း အဆင်မပြေတော့။ ဘောလုံးတစ်လုံးပိုက်ထားသလို ဖောင်းကားနေသော ဗိုက်ကို ခပ်ဖွဖွပွတ်သပ်ရင်း မိငယ်လေးကို လှမ်းမေးရသည်။

"သမီးအဖေ အလုပ်သွားပြီလား။"

"သွားပြီ မေကြီး။"

အခုနောက်ပိုင်း ဦးကျော်ဇောတစ်ယောက် အထည်စက်ရုံတွင် ညစောင့်အလုပ်ရသည်ဖြစ်၍ အိမ်မှာ ညဘက်ဆိုလျှင်မရှိတော့။ မိငယ်က မိခင်ကို တစ်ယောက်တည်း မအိပ်စေချင်၍ အခန်းထဲမှာ သူမနှင့်အတူလာအိပ်သည်။

ဆူးWhere stories live. Discover now