အပိုင်း ၁၅

18.6K 2.1K 121
                                    

အိမ်ရှေ့ဧည့်ခန်းကျဉ်းလေးသည် ဖွင့်ဟထားသော တံခါးပေါက်မှတစ်ဆင့် တိုးဝင်လာသော ညနေခင်းအလင်းရောင်ဖျော့ဖျော့ကြောင့် လင်းချင်သလိုလို မှောင်ချင်သလိုလိုဖြစ်နေသည်။ နံရံတွင်ချိတ်ထားသော ဓါတ်ပုံမှန်ဘောင်ထဲမှ ဒေါ်မြလေးသည် ကြည်လင်စွာပြုံးနေပါသည်။ နံရံထက်မှ ဓါတ်ပုံကို ရှိုင်းထွဋ် တစ်ချက်သာလှမ်းကြည့်ပြီး ချက်ချင်းမျက်နှာလွှဲဖြစ်သည်။

ယခုအိမ်လေးတွေ ငြိမ်းချမ်းနွေးထွေးစွာ ပြုံးတတ်သည့် ဒေါ်မြလေးတစ်ယောက် မရှိတော့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ထက်ဝက်ခေါက်ထားသော စောင်ခင်းတစ်ခုပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော သူနှင့်မလှမ်းမကမ်းမှ ကလေးငယ်ကို လှမ်းကြည့်ရင်း ရှိုင်းထွဋ် သက်ပြင်းတစ်ချက်ချမိသည်။

သုံးလကျော်ကာ လေးလအရွယ်ထဲရောက်သည်နှင့် ကလေးငယ်မှာ မွေးကာစနှင့် မတူတော့။ မျက်နှာလေးပြည့်လာကာ ချစ်ဖို့ကောင်းလာသည်။ အသားအရောင်ကလည်း ဒေါ်မြလေးနှင့်တူကာ ဝင်းဝင်းလေးဖြစ်သည်။ မျက်တောင်နက်ကြီးများမှာလည်း ကော့နေသည်။ အခုလိုအိပ်ပျော်နေချိန်ဆိုလျှင် ပိုပြီး သိသာသည်။ နှုတ်ခမ်းသေးသေးလေးကတော့ သူ့အစ်ကိုနှင့် ထထေရာတည်းပင်။ တစ်စုံတစ်ယောက်က သေနတ်ပြ လက်မြှောက်ခိုင်းထားသလို လက်နှစ်ဖက်ကို ခေါင်းပေါ်ထိရောက်အောင် တန်းတန်းဆန့်မြှောက်ထားပြီး တင်ပျဉ်ခွေထိုင်နေသလို ဒူးကွေးကာ ပက်လက်အိပ်ပျော်နေသည်မှာ သနားစရာ၊ ချစ်စရာကောင်းလွန်းနေသည်။

"မိငယ်။ ကလေးကလည်း တစ်ချိန်လုံး အိပ်နေတာပဲ။"

"အခုသာအိပ်တာ ကိုထွဋ်ရ။ ညကျရင် အိပ်တာမဟုတ်ဘူး။"

မိငယ်က ဖြေသာဖြေသည်။ မီးပူတိုက်နေသောလက်ကို အအားပေးထားသည်တော့မဟုတ်။ သူမ ရှေ့တွင်တော့ လျှော်ပြီးခြောက်ပြီးဖြစ်သည့် အဖြူအစိမ်းကျောင်းဝတ်စုံ၊ ဖခင်ဖြစ်သူ၏ ရှပ်များနှင့် ကလေးအနှီးအဝတ်ပုံတစ်ခုရှိနေသည်။ လေးလံသောမီးပူ၏ ကြိုးစမှာ ပေါက်ပြဲမတတ် စုတ်နေပြီဖြစ်ပေမယ့် ပူနေသေးသရွေ့တော့ သုံးလို့ရသည်သဘောထားကာ လက်အနာခံတိုက်နေခြင်းဖြစ်သည်။

ဆူးWhere stories live. Discover now