အပိုင်း ၂၄

16.8K 1.9K 232
                                    

ကားထဲရှိ လေအေးပေးစက်မှ တိုးထွက်လာနေသော လေအေးတစ်ချို့သည် ဒီမိုးယံ၏မျက်နှာဘေးတစ်ခြမ်းကို မသိမသာရိုက်ခတ်နေသည်။ ကားရှေ့မှန်မှ မြင်နေရသော ကားလမ်းမတစ်လျှောက်မှာ အရောင်မျိုးစုံ၊ ပုံစံမျိုးစုံနှင့် ကားတန်းကြီးက မဆုံးနိုင်တော့သည့် မြစ်တစ်စင်းလို ရှည်လျားစီးမြောနေကြသည်။ ကားမှတ်တိုင်များမှာ ထမင်းချိုင့်၊ ထီးများကို ဆုပ်ကိုင်ရင်း ဘတ်စ်ကားအလာကို စောင့်မျှော်နေသည့် လူများရှိသလို ပိတ်ကြပ်နေသော ကားများကြားမှ ဟိုဘက်၊ ဒီဘက် အပြေးအလွှားလမ်းဖြတ်ကူးနေသူများလည်း ရှိနေသည်။

များလိုက်သည့်လူတွေ..

များလိုက်သည့်ကားတွေ...

များလိုက်သည့် အဆောက်အအုံတွေ..

ဒီလူတွေဘာတွေစဉ်းစားနေကြသလဲ။

ဘာတွေ တွေးတောနေကြသလဲ။

ဘာတွေ စိတ်ကူးနေကြသလဲ။

ဒီမိုးယံမသိ။

ကားအပြင်ဘက်မှ လှုပ်ရှားရုန်းကန်နေသော လောကကြီးတစ်ခုလုံးသည် မိမိနှင့် လုံးလုံးမသက်ဆိုင်တော့သလို။ ဘီးတစ်လုံးချင်းလှိမ့်နေသော ကားထဲမှာ ငြိမ်သက်စွာထိုင်နေဖြစ်ပေမယ့် သူ့စိတ်ထဲမှတော့ မငြိမ်သက်နိုင်ပါ။ သိပ်မကြာသေးခင်ကမှ ကြားခဲ့ရသည့် ဆရာဝန်ကြီး၏ စကားများက နားထဲမှာ တိုးလာလိုက်၊ ကျယ်လာလိုက်နှင့် သူ့ကို ခြောက်လှန့်နေသည်။

"ဦးနှောက်ကင်ဆာဆိုတာ အများနားလည်အောင် ရှင်းပြရရင်တော့ ဦးနှောက်ထဲက ဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ကြီးထွားနေတာပေါ့ကွာ။ အကျိတ်ဖြစ်တိုင်း ကင်ဆာမဟုတ်ပေမယ့် မင်းမှာ အခုဖြစ်နေတာကတော့ Malignant Tumour လို့ပြောနိုင်တဲ့ ကင်ဆာဖြစ်နေတယ်။ နောက်ပြီး ဒီတစ်ခါဖြစ်တဲ့နေရာက ဦးနှောက်အတွင်းပိုင်းနားမှာလည်းဖြစ်နေတယ်လေ။ အရင်တစ်ခေါက်ကလည်း ခွဲစိတ်ပြီးသားဆိုတော့.."

ဆရာဝန်ကြီး၏ အားနာသလိုအကြည့်တွေကို သူ ပြန်မြင်ယောင်ရင်း နာကျင်စွာ ပြုံးမိသည်။ ထိုရှင်းလင်းချက်များ၏ ဆိုလိုရင်းကတော့ ဒီအကျိတ်ကို နောက်ထပ်ခွဲစိတ်ပြီး ထုတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဆိုသည့်အရာဖြစ်သည်။တကယ်တော့ သူကသာ ဆရာဝန်ကြီးကို ပြန်အားနာသင့်သည်။ အခုနောက်ပိုင်း ဆရာဝန်၏စကားမှန်သမျှကို သူ နားထောင်ဖို့ မကြိုးစားတော့။ ဘယ်ကုထုံးကဖြင့် သင့်တော်လိမ့်မည်။ ဘာမလုပ်ပါနဲ့။ ဘာတွေကိုတော့ရှောင်ပါ အစရှိသည့် အကြံပေးချက်တွေ များလွန်းလှပေမယ့် ဘယ်တစ်ခုကိုမှ သူ နားမထောင်ဖြစ်တော့ပါ။

ဆူးWhere stories live. Discover now