အပိုင်း ၂၉

16.1K 1.8K 65
                                    

ကောင်းကင်ပြာအောက်မှ အရွယ်အစားမတူညီသော ကျောက်ဆောင်များသည် မညီမညာသော်လည်း သဘာဝအလှတရား၏ စုစည်းမှုအားမာန်အဖြစ် တည်ရှိနေသည်။ ပင်လယ်ပြင်မှ လှိုင်းလုံးများသည် ကမ်းနားစပ်မှ ကျောက်ဆောင်ကျောက်တုံးများရှိရာ အပြေးကပ်လာကြသည်။ ပြင်းထန်သောရိုက်ခတ်မှုကြောင့် ရေစက်ရေမှုန်များသည် ဖွားခနဲ လွင့်စင်သွားသည်။ တစ်ချို့ရေလှိုင်းများက ကျောက်ဆောင်ပေါ်အရောက် ခြေလှမ်းတိုးနိုင်သော်လည်း အချို့ကမူ ကျောက်ဆောင်များ၏ ခြေရင်းနားမှပင် နောက်ဆုတ်သွားရသည်။ အားမတန်၍ မာန်လျော့လိုက်ရပေမယ့် အရှုံးပေးသွားသည်တော့မဟုတ်ပါ။ ပင်လယ်ပြင်ထဲ ငုပ်လျှိုးသွားပြီးကာမှ နောက်ထပ်ပြင်းထန်သော အားမာန်များနှင့် လာရောက်ရိုက်ခတ်ဦးမည်ပဲ ဖြစ်သည်။

ကျောက်ဆောင်များနှင့် လှိုင်းလုံးများ၏ အားချင်းယှဉ်သည့် ရှုခင်းများကြားတွင်တော့ ကမ်းစပ်နှင့် အငူလေးကို ဆက်သွယ်ထားသော အစိမ်းနုရောင်တံတားငယ်တစ်ခုရှိသည်။ တံတားငယ်၏အဆုံးရှိ အငူလေးပေါ်တွင်မူ မျှော်ရစ်ဘုရားငယ်မှာ သပ္ပါယ်ကြည်ညိုဖွယ် တည်ရှိနေသည်။ ပင်လယ်နှစ်ခုကို စည်းခြားသလို တည်ဆောက်ထားသည့် တံတားငယ်တစ်ဖက်တစ်ချက်တွင် လဲ့ပြာသော ပင်လယ်ပြင်သည် လှိုင်းကြပ်ခွပ်များနှင့်အတူ ပျော်မြူးနေသည်။

"မင်း ငတ်ကြီးကျတာ ထွဋ်ထွဋ်ရာ။ မမ ဘယ်လောက်ကြာအောင် စောင့်နေရလဲ မသိဘူး။"

ဆိုင်ကယ်ကို ကားရပ်နားရာနေရာတွင် ရပ်တန့်လိုက်သည်နှင့် တံတားလယ်နားတွင် သူတို့ကို ရပ်စောင့်နေသည့် မမ၏ပုံရိပ်ကို ဒီမိုးယံ လှမ်းမြင်လိုက်ရသည်။ တံတားအဝတွင် သရက်သီးစိတ်၊ နာနတ်သီးစိတ်များကို တွန်းလှည်းငယ်နှင့် ရောင်းချနေသော စျေးသည်တစ်ချို့ရှိနေပြီး အခြားတစ်ဖက်ခြမ်းတွင်တော့ တစ်ဆိုင်နှင့်တစ်ဆိုင် ဘေးချင်းကပ် တည်ဆောက်ထားသော ခြေတံရှည်စားသောက်ဆိုင်ငယ်များရှိသည်။

"သွားရအောင်လေကွာ ထွဋ်ထွဋ်။"

ဒီမိုးယံ ပြောသည်ကို ရှိုင်းထွဋ် ကြားဟန်မရှိ။ သူတို့မျက်စိရှေ့မှ ပင်လယ်ပြင်နှင့် ရှုခင်းများကိုသာ တမေ့တမော ငေးကြည့်နေသည်။

ဆူးWhere stories live. Discover now