၂၅(z+u)

24.2K 2.7K 242
                                    

မြင့်မားသော အနီရောင်နှင့်အဖြူရောင်ဆေးချယ်ထားသည့် အုတ်ရိုးမြင့်ကြီးသည် ခိုင်ခန့်သော သံတခါးကြီးများပိတ်ဆို့ ထားရှိပြီး လုံခြုံရေး စစ်ဆေးရာ အဆောက်အဦးငယ်လေးက ဂိတ်ပေါက်ဝတွင် ရှိလေသည်။

နွေဦး ကားလေးရပ်ပြီး ကားပေါ်မှ ဆင်းလိုက်လျင်ပင် တာဝန်ကျစစ်သည်တစ်ဦး ထွက်လာ၍ အနားသို့ ရောက်လာသည်။

"ဘယ်ကို သွားချင်လို့လဲဗျ.."

နွေဦးသည် ခန္ဒာကိုယ်နှင့် အပိုအလိုမရှိကွက်တိဖြစ်နေသော ကြွေသားဖြူရောင် ရှပ်အင်္ကျီ၊ ခဲသားရောင် ဘောင်းဘီရှည် ဖြင့် သေသပ်ကျနစွာ ဝတ်ဆင်ထားပြီး ရည်မွန်သန့်ပြန့်သည့် ပညာတက် လူရွယ်တစ်ဦးဟန် အပြည့်အဝ ရှိနေပါသည်။

"ကျွန်တော် ဒီတပ်မှာတာဝန်ကျနေတဲ့ ဗိုလ်ကြီးသံလွင်ငြိမ်း နဲ့ တွေ့ချင်လို့ပါခင်ဗျာ.."

"ဗိုလ်ကြီးက ဒီအချိန်ဆို ရုံးဆင်းပြီထင်တယ်ဗျ.. ရိပ်သာမှာရှိမယ်ထင်တယ်.. သွားတတ်လား.. ဖုန်းဆက်ပြီးပြောပေးရမလား.."

"မဆက်ပါနဲ့.. ကျွန်တော်ဝင်သွားလို့ရတယ်မဟုတ်လား.. "

"ရပါတယ်.. ဒီမှာ နာမည်၊ လိပ်စာ၊ မှတ်ပုံတင်လေး ပေးပါဗျာ.."

"ဒေါက်တာနွေဦးသစ်၊ မူဆယ်၊... လမ်း၊ ဒါက မှတ်ပုံတင်ပါ.."

တာဝန်ကျ စစ်သည်များသည် စနစ်ကျစွာ ဧည့်တွေ့မှတ်တမ်းတွင် ရေးမှတ်ပြီး လမ်းညွှန်ပေးလိုက်ပါသည်။

"ဒီ လမ်းမက တန်းတန်းမောင်းသွား၊ အဲဒီမှာ ငါးမွေးကန် ကြီးရှိမယ်၊ ဘယ်ဘက်က တောင်ကုန်းမြင့်မြင့်လမ်းကို မောင်းပါ၊ ညာဘက်ကို မကွေ့နဲ့နော်..တောင်ကုန်းကျော်ရင် လမ်းနှစ်ခွရှိတယ်.. ဘယ်ဘက်လမ်းကိုပဲ ထပ်ရွေးပြီး တွေ့ရတဲ့ တောင်ကုန်းက အရာရှိရိပ်သာဗျ.. .."

"ဟုတ်ကဲ့ခင်ဗျာ.. ဒါဆို ခွင့်ပြုပါဦး.."

"သြော် ညီလေး.. ထင်းရှုးပင်တွေ ရှိတဲ့ ကုန်းနော်.."

"ဟုတ်ကဲ့ ကျေးဇူးပါ.."

စစ်တပ်သည် ပျင်းစရာကောင်းသော ခြောက်သွေ့သောနေရာဟု ယခင်က တွေးမိခဲ့ဖူးသည်။

တစ်ခုသော နွေဦးဝယ်. . တစ်ခုသော နွေဦးဝယ်. . (Completed)Where stories live. Discover now