၄၅

17.4K 2.2K 229
                                    

အချိန်တို့သည် ရက်မှ လသို့ ကူးပြောင်းလာခဲ့ပေပြီ... နေ့စဉ် လူနာများနှင့် အချိန်တို့ကို ကုန်ဆုံးစေသဖြင့် အတိတ်တချို့ မှိန်ဖျော့လာခဲ့ရသည်ကတော့ အမှန်ပင်..

တောင်ပတ်လည်ဝိုင်းလျက်ရှိပြီး ဒယ်အိုးပုံသဏ္ဍန်ရှိသည့် တောင်ချိုင့်ဝှမ်းအတွင်း ရွာငယ်လေးများ စုစည်းထားရာနေရာသည် နွေဦး တာဝန်ကျရာနေရာဖြစ်ပါသည်။

နွေရာသီပင်ဖြစ်လင့်ကစား တောတောင်တို့ အုပ်ဆိုင်းဝိုင်းပတ်ထားရာ ရေမျက်နှာပြင် အမြင့်ပေ ငါးထောင်နီးပါးရှိရာ သည်ရွာစဉ်လေးသည် နေ့တွင်ပင်လျင် အေးမြ၍ ညတွင် အအေးဓာတ်ပိုပါသေးသည်။

သပ်သပ်ရပ်ရပ် တည်ဆောက်ထားသော ဆေးကုသရာ စင်တာငယ်လေးသည် အနီရောင်ရှိပြီး တောင်ကုန်းမြင့်မြင့်လေးပေါ်တွင် လှပစွာ တည်ရှိပါသည်

ဆေးဝါးပစ္စည်းများနှင့် လိုအပ်သော လူသုံးကုန်ပစ္စည်းများကို ပရဟိတ အလှူရှင်များနှင့် နွေဦးတို့ NGO မှ မတည် တည်ဆောက်ထားသဖြင့် အတော်အတန် ပြည့်စုံသော နေရာတစ်ခု ဖြစ်လာခဲ့သည်။

ရောက်ကာစအချိန်များတွင် အနည်းငယ်စိမ်းသက်သက်ခံစားရစေသော်လည်း သီတင်းပတ် တပတ်ခန့်အကြာတွင် ဇာတိမြေကဲ့သို့ နွေးထွေးစွာ အသားကျလာခဲ့ပေသည်။ လသို့ ကူးပြောင်းလာချိန်တွင် ဒေါက်တာနွေဦး တကယ်ပင် ပျော်ရွှင်လာခဲ့ပါသည်။

အမှန်တော့လဲ သည်မြေ၊ သည်ရေ၊ သည်ဘာသာစကားတို့က ကွဲပြားခြားနာခြင်းမှ မရှိခဲ့လေသည်ပဲ.. မိမိတို့ သွေးချင်းများအတွက် တထောင့်တနေရာ ဖြည့်ဆည်းခွင့်ရခြင်းကပင် နွေဦးအတွက် ကျေနပ်ပီတိ အပြည့်အဝ ဖြစ်ရပါသည်။

နှစ်လတခါခန့် ရောက်လာသည့် မူဆယ်မှ ဆေးအဖွဲ့များသည်လည်း ဒေသအထိုင် ဆရာဝန်ရှိလာချိန် အတော်ပင် နေရေး၊ စားရေး၊ လူမှုရေး အဆင်ပြေသွားခဲ့ရသည်။ ရွာရှိ ကိုးတန်း၊ ဆယ်တမ်း တက်ဖူးသူ မိန်းကလေးငယ် နှစ်ယောက်နှင့် လူငယ်လေး တစ်ယောက်ကို ဆေးအဖွဲ့များ လာချိန်တွင် သူနာပြု အကူ သင်တန်းများ တက်စေပြီး ကျေးရွာအတွက် အထောက်အပံ့တစ်ခု ဖြစ်လာစေခဲ့သည်။ လူငယ်သူနာပြုလေးသည် အဖော်ရစေရန်အတွက် ဆေးခန်းတွင် အတူနေပေးသဖြင့် စားရေးသောက်ရေးအတွက် အဆင်ပြေရသည်။

တစ်ခုသော နွေဦးဝယ်. . တစ်ခုသော နွေဦးဝယ်. . (Completed)Where stories live. Discover now