ပြာလဲ့လဲ့ကန်ရေပြင်ပေါ်မှ ဖြတ်သန်းတိုက်ခတ်လာသော လေပြေသည် လရောင်တို့ဖြာဝေသော ကန်နဘေး ခုံတန်းလျားငယ်သို့ နူးညံ့စွာ ဝေ့ဝဲသွားလေသည်။
တဖျက်ဖျက်လက်နေသော ကန်မျက်နှာပြင်မှ လှိုင်းကြက်ခွတ် ငယ်လေးများသည် တခါတွင် ဦးမော့ပြေးဆော့ကာ တခါတွင်တော့ ရှက်သွေးဖြာ အပျိုငယ်ကဲ့သို့ ငုံ့လျိုးလျက်....
တိတ်ဆိတ်နေသော ညသည် ဝင်းလဲ့နေသော လရောင်အောက်တွင် တည်ငြိမ်ရင့်ကျက်သော မိန်းမပျို တယောက်၏ ကျက်သရေရှိသော အလှနှယ် တင့်တယ်ငြိမ်းအေးစွာ ရှိနေ၏...
ခုံတန်းလျားငယ်တွင်တော့ ခပ်ဝေးဝေး ကန်ရေပြင်သို့ ငေးစိုက်ကြည့်နေသည့် ပျိုမြစ်သော လူရွယ်နှစ်ဦးသည် အတွေးကိုယ်စီဖြင့် တိတ်ဆိတ်စွာ ထိုင်နေကြသည်။
တခဏမျှအကြာ တိုးဖွဖွ စကားသံတခုက တိတ်ဆိတ်သော ည၏ လေထုကို အသာအယာထိုးဖောက် ထွက်ပေါ်လာသည်။
"ကျွန်တော် ပြန်သွားခဲ့ရင် ကိုကြီး ဘာလုပ်မှာလဲ.."
သက်ပြင်းဖွဖွ ရှိုက်ခတ်သံအဆုံး လရောင်ပြေးအောက် တဖက်လူရွယ်၏ အပြုံးလဲ့လဲ့ကို တစွန်းတစမြင်လိုက်ရသည်။
"တာဝန်လို့ မမည်တွင်တဲ့ တာဝန်တွေ ပြီးဆုံးခဲ့ပြီလေ.. နွေဦးရယ်.."
"ကျွန်တော့မိသားစုကြောင့် ကိုကြီးဘဝမှာ ပင်ပန်းခဲ့မှာပဲနော်..ရွေးချယ်ခွင့်မရှိပဲ ဘဝကို ရိုက်ချိုးသလို မလုပ်ချင်တာတွေ လုပ်ခဲ့ရတဲ့အတွက် ခုချိန်မှာ ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်.."
နူးညံ့သော၊ မြတ်နိုးသော၊ ရီဝေသော အကြည့်ချိုချို တို့သည် ဒေါက်တာနွေဦးသစ်ထံသို့ ပြုံးမြမြဖြင့် ကြည့်လာသည်။
"ကိုကြီးရဲ့ နွေဦးလေး... မင်းက ပါပါးလိုပဲ သိပ်ကို စိတ်ထားနူးညံ့တာပဲ..ကိုယ်တို့ရဲ့ ပါပါးဟာ မူးယစ်ရာဇာ ခေါင်းဆောင်တစ်ယောက်မို့ သူ့ဘဝအနေအထားနဲ့ ခက်ထန်ကောင်း ခက်ထန်ခဲ့ပေမယ့် ကိုယ်တို့အပေါ်မှာ အဖေကောင်းတစ်ယောက်ပါ..."
ငေးစိုက်ကြည့်နေသည့် နွေဦးဆံပင်ပျော့ပျော့ကို နူးညံ့စွာဖြင့် အသာအယာပွတ်သပ်ပေးလာသည်။
YOU ARE READING
တစ်ခုသော နွေဦးဝယ်. . တစ်ခုသော နွေဦးဝယ်. . (Completed)
Romanceကိုယ်သည်လဲ လူသားတစ်ယောက်ပေမို့ အချစ်တစ်ခုမှာ ပျော်ဝင် ခံစားမိတာ အမှား တစ်ခုလား နွေဦးရယ်. . စည်းကမ်းဘောင်တွေနဲ့ ရှင်သန်လာခဲ့ရပြီး အသက်နဲ့ ခန္ဒာကိုယ် နိုင်ငံမှာ အပ်နှင်းထားရတဲ့ စစ်သားတစ်ယောက်ရဲ့ ဘဝမှာ နှလုံးသားတစ်စုံတော့ လွတ်လပ်စွာ ရှင်သန်ပါရစေကွယ်. .