၃၅(z+u)

24.6K 2.4K 153
                                    

"နွေဦး ဒါစားကြည့် မင်းကြိုက်မှာ.."

စားပွဲဝိုင်းအလယ်ရှိ လေးထောင့် ကြွေပန်းကန်ဖြူဖြူလေးမှ အစိမ်းရောင်မပျက် ကြော်ထားသည့် ကြက်သွန်ဖူး လေးများကို နွေဦးရှေ့မှ ပန်းကန်တွင်းသို့ ထည့်ပေးလိုက်သည်။

မနက်ခင်း၏ နေရောင်ခြည်သည် အုပ်ဆိုင်းနေသော သစ်ပင်ကြီးများ၏ အရွက်စိပ်စိပ်များကြားမှ တလဲ့လဲ့ဖြာကြလျက် ရှိလေသည်။

ကျွန်းသား ဝရန်တာတန်းလေးများ စီကာ ကာရန်ထားသည့် နွေဦးတို့ ထိုင်ရာ နေရာသည် ပုပ္ပါး တောင်မကြီးကို ရှင်းလင်းစွာ မြင်ရသည့်နေရာမှဖြစ်သည်။

အရွက်စိမ်းလေးတဖက်ကို အနည်းငယ် တို့ထိ စားနေဟန်က လေအဝေ့တွင် ခပ်နွဲ့နွဲ့ယိမ်းနေသော သစ်ရွက်ပျိုလေးကဲ့သို့ သိမ်မွေ့လွန်းသဖြင့် သံလွင်အကြည့်တို့ နစ်မျောနေမိသည်။

လှပစွာစီချယ်ထားသော နဂါးမောက်သီး၊ စပျစ်၊ မုန်လာဥနီလေးများ ထည့်ထားသည့် အသီးပန်းကန်ပြားပြားလေးသာ အနည်းငယ် စားလက်စ နေရာပျက်ယွင်းသေးသည်။

"ဒီပုပ္ပါးက နဂါးမောက်သီးအခင်းတွေက မျိုးကောင်းတယ်.. စားလို့ချိုတယ်.. နွေဦးက အသီးကြိုက်တော့ အဆင်ပြေတယ်မဟုတ်လား.."

နွေဦးအရှေ့မှ ကော်ဖီခွက်ဖြူဖြူလေးကို ခပ်ဖြည်းဖြည်းမွှေပေးပြီး အရှေ့သို့ ပြန်၍ချပေးလိုက်ရင်း မေးလိုက်သည်။

"အဆင်ပြေပါတယ်.. အကို.."

"နောက်ကိုယ်တို့ ခြံထဲမှာ နွေဦးစားဖို့ စိုက်ထားပေးမယ်.."

"ဟုတ်.."

"ဂေါ်ရခါး ပင်လဲ စင်တစင် စိုက်မယ်.. မုန်လာဥနီပင်လဲ စိုက်ပေးမယ်နော်.. "

"ဟုတ်.."

အရိပ်တကြည့်ကြည့် ကြည့်နေရသည့် မျက်နှာလေးက မော့ကြည့်မလာပါပဲ ဟုတ် တလုံးသာ ပြန်ဆိုလာပြီး ကော်ဖီကို ငုံ့သောက်နေသည့် ချစ်ရသူသည် စိတ်မကြည်လင်သေးကြောင်း သံလွင် သိနေပါသည်။

Polo shirt အဖြူရောင်က သံလွင်၏ ကိုယ်နှင့် တိရိကျနစွာ ရှိနေသဖြင့် ကျယ်ပြန့်ခိုင်မာသော လက်မောင်းနှင့် ပခုံးသားများကို ပေါ်လွင်စေသည်။ အနည်းငယ်ညိုသော အသားနှင့် မြင့်မာသောအရပ် ခပ်တိုတိုဆံပင်တို့က ခန့်ညားသော လူရွယ်တစ်ယောက်၏ နုပျိုမှုကို ပို၍ ခန့်ညားစေသည်။

တစ်ခုသော နွေဦးဝယ်. . တစ်ခုသော နွေဦးဝယ်. . (Completed)Where stories live. Discover now