Part 13 (Unicode)

16.5K 2.5K 212
                                    

ပင်လယ်လေသည် တဖြူးဖြူးတိုက်ခတ်နေသည်။ ဆောင်းတွင်းကာလ ရောက်ခါနီးပြီဖြစ်ကြောင်း အေးစိမ့်နေသော လေညှင်းက သတိပေးနေသည်။ နေ့ရက်များသည်လည်း ယခင်ကထက် တိုတောင်းလာပြီး နေ့လယ်ခင်းအချိန်များသည် အကုန်ဆုံးမြန်နေပြီဖြစ်သည်။

လက်ထဲမှ သစ်ကိုင်းခက်များဖြင့် ပြုလုပ်ထားသော တံမြက်စည်းရှည်ကို ကျောက်တံတိုင်းမှာ မှီထောင်လိုက်သည်။ လှမ်းမြင်နေရသော ပင်လယ်ပြင်မှ ဖဲလ်လစ် မျက်လုံးမခွာနိုင်။ ပင်လယ်ပြင်ရှိ လှိုင်းလုံးဖြူများကြားတွင် ရွက်လွှင့်ထားသော ရွက်လှေငယ်များ ခုန်ပေါက်ကာ ခရီးနှင်နေကြသည်။ ဆောင်းကာလရောက်တော့မည်ဖြစ်၍ ပင်လယ်ပြင်တွင် ငါးဖမ်းရွက်လှေတစ်ချို့မှလွဲ၍ ခရီးသွားရွက်လှေများ၊ ကုန်တင်ရွက်လှေများကို မတွေ့ရတော့။

နေ့လယ်ခင်း၏ ရွှေရောင်တောက်နေသော နေရောင်အောက်တွင် ပုံပေမြို့ကြီးသည် လှချင်တိုင်း လှနေသည်။ ပင်လယ်ပြာပြာကို နောက်ခံထားကာ အနီရောင် အုတ်ကြွပ်ခေါင်မိုးများ၊ တိုက်ခန်းဝရန်တာများတွင် လှန်းထားသော ရောင်စုံအဝတ်စများနှင့်အတူ အိမ်တိုင်းလိုလိုတွင် စိုက်ပျိုးထားသော ပန်းအိုး၊ ပန်းပွင့်များကြောင့် ရောင်စုံခြယ်ထားသော ပန်းချီကားတစ်ချပ်လိုပင်။

"ဒီဒီရာ.. ညည်း ရေချိုးဆောင်သွားတာ ကြာလှချည်လား။"

ဖဲလ်လစ်ရှိနေရာသည် အရှင်လုလိယက်စ်အိမ်ကြီး၏ အပေါ်ဆုံးနေရာ ဥယျာဉ်ကြီးထဲမှာ ဖြစ်သည်။ ပုံစံတူလိုမျိုး ဆောက်လုပ်ထားသည့် တစ်ဖက်ခြံကို လှမ်းမြင်နေရသည်။ အပြင်ဥယျာဉ်နေရာမှ စကားသံများကိုလည်း တစ်ခါတစ်ရံ ကြားရတတ်သည်။ အခုလည်း တစ်ဖက်အိမ်၏ အိမ်အောက်ဆုံးနေရာ ဧည့်ခန်းဆောင်မှ စကားသံကို သူ ကြားလိုက်ရခြင်းဖြစ်သည်။ ဧည့်ခန်းဆောင်အလယ် ရေကန်ဘေးနားအစွန်းတွင် ထိုင်နေသော အမျိုးသမီးငယ်လေး၏ ပုံရိပ်ကိုလည်း မသဲမကွဲမြင်နေရသည်။

"အစ်ကိုနဲ့သွားတာပဲ.. မယ်မယ်ကလည်း.."

"ညည်းနော်။ အဝတ်အစားကလည်း ပြည့်တန်ဆာပုံစံမျိုး ဝတ်ထားရလား။"

ထာ၀ရ ပုံပေWhere stories live. Discover now