Part 16 (Unicode)

15.5K 2.3K 89
                                    

နေဝင်သွားခဲ့ပြီဖြစ်သည်။ တဖြည်းဖြည်းအမှောင်ကျလာသော ပင်လယ်ပြင်တွင် လှိုင်းဖြူများနှင့် ပင်လယ်စင်ရော်များသာ ရှိတော့သည်။ နောက်ဆုံးလက်ကျန် လိမ္မော်ရောင် တိမ်မျှင်များပင် မရှိတော့။

ပင်လယ်ပြင်မှ တိုက်ခတ်လာသော လေပြည်သည် စည်းနှောင်ထားခြင်းမရှိသော ဆံပင်နက်များကို အဆက်မပြတ် တိုးဝှေ့နေသည်။ တဖျတ်ဖျတ်လွင့်နေသော ဆံပင်များကြောင့် နုနယ်ချောမောသော ဖဲလ်လစ်၏ မျက်နှာသည် ရှင်းနေသည်။ အဝတ်စနက်ဖြင့် အုပ်ထားသော မျက်နှာတခြမ်းသည် အေးစက်မှုကို သတိထားမိဟန်မတူ။ အဓိပ္ပါယ်ဖော်ရခက်သော မျက်လုံးနက်သည် လှပသော ပင်လယ်နှင့် ကျွန်းစုငယ်များ၊ တံငါလှေငယ်များကို စူးစိုက်ကြည့်နေပေမယ့် မြင်ရဟန်မရှိ။

ဖဲလ်လစ်သည် ခေါင်းကိုဖြည်းဖြည်းငုံ့ရင်း မိမိလက်ဖဝါးနှစ်ဖက်တွင် ဆုပ်ကိုင်ထားသည့် အရာနှစ်ခုကို ဖွင့်ကြည့်လိုက်သည်။ လက်တစ်ဖက်တွင် ငယ်စဉ်ကတည်းက တမြတ်တနိုးသိမ်းဆည်းထားခဲ့သော အဆောင်လက်ဖွဲ့ ကမာဆွဲကြိုးလေးရှိသည်။ အခြားလက်တစ်ဖက်ထဲတွင်တော့ လုလိယက်စ် ပေးခဲ့သည့် လက်ကိုင်ပဝါလေး။

ဖဲလ်လစ်၏ မျက်နှာသည် လှုပ်ရှားမှုကင်းမဲ့နေသည်။ လူသေတစ်ယောက်လို ခံစားချက်မဲ့သော မျက်နှာတစ်ခု။ ပင်လယ်ရိပ်ထင်နေသည့် မျက်လုံးနက်တွင် လွမ်းဆွေးခြင်းမရှိသလို တွေဝေခြင်းမရှိ။ လက်သီးဆုပ်လျက်သား လက်နှစ်ဘက်ကို ခပ်ဖြည်းဖြည်းမြှောက်ရင်း မိမိရှေ့တွင် ဆန့်တန်းလိုက်သည်။ ကျောက်ဆောင်အောက်မှ ဝေ့တိုက်လာသော ပင်လယ်လေကြောင့် ချည်ထည်ဝတ်ရုံအနားစသည် တဖျတ်ဖျတ်လွင့်ခါသွားသည်။ ခါးပတ်ကြိုးသည်လည်း လေအဝှေ့မှာ လွန့်လူးနေသည်။

ဖဲလ်လစ် မျက်လုံးကို မှိတ်လိုက်သည်။

ထို့နောက် လက်သီးဆုပ်တစ်ခုကို ဖြေချလိုက်သည်။

ကမ်းခြေကို လာရောက်ရိုက်ခတ်နေသော လှိုင်းလုံးများ၏ အော်မြည်သံသည် ပိုပြီး ကျယ်လောင်လာသည်။ ပင်လယ်လေသည် ပိုပြီးပြင်းထန်လာသည်။ မျက်လုံးကို ခပ်ဖြည်းဖြည်းပြန်ဖွင့်ကာ ယခုတိုင် ဆုပ်ကိုင်ထားဆဲဖြစ်သော တစ်ခုတည်းသောအရာကို ရင်ဘတ်ရှိရာ ဆွဲယူလာပြီး ဘယ်ဘက်ရင်အုံမှာ ဖိကပ်လိုက်သည်။ စေ့ထားသောနှုတ်ခမ်းများတွင် အပြုံးရိပ်သဲ့သဲ့။

ထာ၀ရ ပုံပေWhere stories live. Discover now