Part 18 (Unicode)

15.2K 2.2K 30
                                    

မနက်ခင်းသည် ကောင်းမွန်စွာ တောက်ပမှုမရှိသေးပါ။ တောအုပ်ငယ်သည် မသဲကွဲသော အလင်းရောင်ကြားတွင် ငြိမ်သက်တိတ်ဆိတ်နေဆဲဖြစ်သည်။ ဆောင်းဦးပေါက်ချိန် ဖြစ်သောကြောင့် ရော်ရက်ဝါများနှင့် အနီရောင်သန်းနေသည်။ ကောင်းကင်ယံထက် ပျံဝဲနေသော သိမ်းငှက်ညိုတစ်ကောင်ကို သစ်ကိုင်း၊ သစ်ခက်များကြားမှ ရိုးခနဲ ရိပ်ခနဲ မြင်နေရသည်။

တိတ်ဆိတ်နေသော တောအုပ်ထဲတွင် အမဲလိုက်ခွေးများ၏ ဟောင်သံနှင့် မြင်းဟီသံများ ထွက်ပေါ်လာသည်။ ကျွန်များ၏ ဆူညံစွာ တောခြောက်သံများကို တဆက်တည်း ကြားလိုက်ရသည်။ ခြုံနွယ်၊ သစ်ကိုင်းများထက်မှ တောရိုင်းငှက်များမှာ လန့်ဖျတ်ပျံသန်းသွားကြသလို တိရစ္ဆာန်ငယ်လေးများမှာ ၎င်းတို့အသိုက်အမြုံဖြစ်သော မြေအောက်ကျင်းများထဲသို့ ပြေးဝင်ကုန်ကြသည်။ သိပ်မကြာသေးခင်အချိန်က တိတ်ဆိတ်ငြိမ်သက်နေခဲ့သော တောတောင်ရိပ်သည် ချက်ချင်းလိုလို လူသံ၊ ခွေးသံ၊ မြင်းဟီသံများနှင့် ဆူညံသွားသည်။

လုလိယက်စ်၊ အားရီးယူးစ်၊ ဒါမီဒယ်နှင့် အဘိုးအို အဲလ်ဇီယိုတို့အားလုံး မြင်းကိုယ်စီနှင့်ဖြစ်ပြီး ထူထဲသော သိုးမွှေးခြုံထည်များ ဝတ်ဆင်ထားသည်။ သားကောင်နောက်လိုက်ရန် စိတ်စောနေကြသောကြောင့် ချမ်းအေးမှုကို သတိမပြုမိကြ။ နေရောင်မပေါက်သော တောအုပ်ထဲမှ စိုထိုင်းမှုကြောင့် ပါးတွေရဲနေသည်။ အထူးသဖြင့် အသားအရည်ဖြူသော လုလိယက်စ်နှင့် အားရီးယူးစ်တို့နှစ်ယောက်မှာ ပိုသိသာသည်။

၄င်းတို့နောက်တွင် အစေခံများသည် လခြမ်းပုံစံ ဝန်းရံထားပြီး တောခြောက်နေကြသည်။ ထိပ်စွန်းနှစ်ဖက်လုံး မြှားချွန်ရှိသော လှံတံ၊ ဓါး၊ လှံကောက်များအပြင် ကျောက်တုံးကျောက်ခဲများကို အဝေးမှ အရှိန်ပြင်းပြင်း ပစ်လွှတ်နိုင်ရန် တီထွင်ထားသည့် လေးခွပုံစံ လက်နက်ငယ်များပါ ကိုင်ဆောင်ထားကြသည်။

"ဟိုမှာ ဟိုမှာ.."

ဆူးခြုံများကြားမှ ရိပ်ခနဲ ဖြတ်ပြေးသွားသော တောဝက်ရိုင်းတစ်ကောင်၏ နောက်ပိုင်းနှင့်အမြီးကို မြင်လိုက်ရသဖြင့် အစေခံကျွန်များ၏ အော်ဟစ်သံများ ဆူညံသွားသည်။ တောဝက်ကြီးသည် အတော်ပင် ကြီးထွားသည်။ ပိဿာချိန်အတော်များမည့် အထီးကောင်ဖြစ်သည်။ လူများကို အလွယ်တကူ အန္တရာယ်ပြုနိုင်မည့် ချွန်ထက်သော အစွယ်များနှင့်ဖြစ်သည်။ ဒီလိုသတ္တဝါမျိုးကို အုပ်စုဖွဲ့ပြီးမှသာ အမဲလိုက်လေ့ရှိသည်။ တစ်ဦးတစ်ယောက်တည်း ဖမ်းဆီးသတ်ဖြတ်နိုင်ဖို့ဆိုတာ ခက်ခဲသလို အန္တရာယ်များလှသည်။ တောဝက်ကြီးကို ဟိုဘက်ဒီဘက်မှ ၀ိုင်းပိတ်ကာ ပိုက်ကွန်ရှည်ကာထားသော နေရာအထိ မောင်းနေခြင်းဖြစ်သည်။ ပိုက်ကွန်ခံထားသော တောစပ်ရောက်မှ လှံရှည်များဖြင့် သတ်ဖြတ်ကြလိမ့်မည်။

ထာ၀ရ ပုံပေWhere stories live. Discover now