Part 34 (Unicode)

14K 2.1K 50
                                    

တောင်ကုန်းများထက်တွင် ဒေါင်လိုက်တန်းစီစိုက်ပျိုးထားသော စပျစ်ပင်များသည် အစိမ်းရောင် ရေစီးကြောင်းများ စီးဆင်းနေသလို နေရာယူထားကြသည်။ စပျစ်သီးမှည့်များ ရိတ်သိမ်းချိန်ဖြစ်သော ဆောင်းဦးရာသီဖြစ်သောကြောင့် သစ်ရွက်စိမ်းများကြားတွင် ရောယှက်နေသော ရော်ရွက်ဝါများသည် ရွှေရောင်ဖောက်ထားသော ကောဇောပြင်တစ်ခုလိုပင်။ ဘယ်နေရာကြည့်ကြည့် မျက်စိတစ်ဆုံး ရှည်လျား သွယ်တန်းနေသော စပျစ်ခင်းများသာ ရှိနေသည်။

အင်္ဂလိပ်အက္ခရာ 8 ပုံစံဖြစ်အောင် ကြိုးစားပျိုးထောင်ထားသော စပျစ်ပင်များသည် လူတစ်ရပ်ခန့်ပင် ရှည်လျားသည်။ အပင်တိုင်းလိုလိုတွင် စပျစ်ခိုင်များ ဝင်းမှည့်ပြွတ်သိပ်စွာ သီးနေကြသည်။ အညိုရောင် စပျစ်သီးအလုံးကြီးများသည် အရည်ရွှမ်းကာ ချိုနေမည်ဆိုတာကို လှမ်းကြည့်ရုံနှင့်သိသာစေသည်။ စပျစ်ရွက်များကိုပင် ကောင်းကောင်းမမြင်ရလောက်အောင် စပျစ်ခင်းတစ်ခုလုံး လှိုင်နေအောင် သီးနေကြသည်။

စပျစ်ခိုင်တစ်ခုကို ခူးယူရင်း မြေပြင်ပေါ်ချထားသော ကြိမ်ခြင်းထောင်းထဲ ဖဲလ်လစ် ထည့်လိုက်သည်။ မို့မောက်နေသော ခြင်းထောင်းကိုကြည့်ပြီး ခါးကိုပြန်မတ်လိုက်သည်။ ညောင်းညာမှုက မသက်သာသွား။ စပျစ်ရည်စွန်းနေသော လက်များမှာ အစေးများကြောင့် ညစ်ထေးကာ မည်းညစ်နေသည်။ ရှရာ၊ ပွန်းရာများ အပြည့်။ ကြိမ်ခြင်းတောင်းကြီးရှေ့မှာ ဒူးကွေးထိုင်ရင်း ထိပ်ကြိုးကို ခေါင်းမှာချိတ်ကာ ကိုယ်ကိုပြန်မတ်လိုက်သည်။ လေးလံလှသော်လည်း အလေ့အကျင့်ဖြစ်နေပြီဖြစ်သောကြောင့် မခက်ခဲပါ။ စပျစ်သီးခူးနေသော အခြားအစေခံများကို မထိခိုက်မိအောင် သတိထားရင်း စပျစ်ခင်းကြားမှာ လျှောက်လာခဲ့သည်။

စပျစ်ခင်းများတည်ရှိရာ တောင်ကုန်းငယ်များကြားတွင် အဆောက်အဦးတစ်ခုရှိသည်။ အနီရောင် အုပ်ကြွပ်မိုးများနှင့် ခပ်နိမ့်နိမ့်ဖြစ်သည်။ ဖဲလ်လစ်အပါအဝင် စပျစ်တောင်းကြီးများကို ထမ်းထားနေသူအားလုံး တောင်ကုန်းများထက်မှ ထိုအဆောက်အဦးရှိရာသို့ တရွေ့ရွေ့သွားနေကြသည်။ အဆောက်အဦးကြီးသည် ခန်းမတစ်ခုတည်းဖြစ်သည်။ ဘာအခန်း၊ ဘာအဆင်တန်ဆာမှ မရှိ။ ခန်းမကြီးအလယ်တွေတော့ ကန်ကြီးတစ်ခုရှိပြီး အစေခံများသည် သယ်ဆောင်လာသော စပျစ်သီးများကို ကန်ထဲသို့ လောင်းထည့်နေကြသည်။

ထာ၀ရ ပုံပေWhere stories live. Discover now