Part 37 (AD 79) (Unicode)

14.2K 2K 104
                                    

စိမ့်ဝင်လာသော ပင်လယ်လေအေးကြောင့် အနီ၊ အစိမ်း၊ အပြာလိုင်းများနှင့် လှပစွာ ထိုးထားသော သိုးမွှေးစောင်ကို ပခုံးထိရောက်အောင် လုလိယက်စ် ဆွဲခြုံလိုက်သည်။ အနားမှာ မည်သူမှ မရှိ။ ညအချိန် သူ အိပ်ပျော်သွားကတည်းက ဖဲလ်လစ် ထွက်ခွာသွားတာဖြစ်မည်။ မြတ်နိုးရသော နှင်းဆီပန်းနံ့တို့ကို ခေါင်းအုံးထက်မှာ နှစ်လိုစွာ ရလိုက်သည်။ ဆက်မအိပ်ချင်တော့။ ခုတင်ပေါ်မှာ ထထိုင်လိုက်သည်။

အခန်းစားပွဲပေါ်မှာ ငွေသားရေဇလုံကို အဆင်သင့် တွေ့လိုက်ရသည်။ အနားတွင် ရေကရားက အဆင်သင့်။ လုလိယက်စ် မျက်နှာသစ်ရန်အတွက် အဆင်သင့်ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။ ကရားထဲမှ ရေကို ငွေဇလုံထဲလောင်းထည့်စဉ် ရေနွေးရောထားသောကြောင့် နွေးရုံနွေးသည်ကို သတိထားမိသည်။ လက်ခုပ်ဖြင့် ရေကိုခပ်ကာ မျက်နှာသစ်လိုက်သည်။ နှင်းဆီပွင့်ဖတ်များကြောင့် မွှေးသည်ဆိုရုံလေး သင်းနေသည်။ လှုပ်ခါသွားသော ရေလှိုင်းငယ်များကြောင့် ပွင့်ဖတ်ငယ်များ ယိမ်းထိုးကခုန်သွားသည်။ လုလိယက်စ်၏ နှလုံးသားသည်လည်း ဆောက်တည်ရာမရနိုင်သလို ခုန်ပေါက်နေပြန်သည်။ တစ်စုံတစ်ယောက်၏ ဂရုစိုက်မှုအပေါ် ကျေနပ်စွာ ပြုံးမိသွားသည်။

တံခါးခေါက်သံ ခပ်တိုးတိုးထွက်ပေါ်လာသည်။ မည်သူလဲဆိုတာ မေးစရာမလို။

"ဝင်ခဲ့ ဖဲလ်လစ်။"

လုလိယက်စ် အဖြေအဆုံးမှာ အခန်းတွင်းသို့ ဖဲလ်လစ် လှမ်းဝင်လာသည်။ ဆံပင်များကို နောက်ဘက်လှန်စည်းထားကာ သပ်ရပ်စွာ ပြင်ဆင်ထားသည်။ မျက်လွှာချထားသောကြောင့် ရှည်လျားသော မျက်တောင်နက်များက စင်းနေသည်။

"ဒါမီဒယ် နိုးပြီလား။"

"မနက်စာ သုံးဆောင်နေတယ် အရှင်။"

"ဟုတ်လား။ ကိုယ် အိပ်ရာထတာ အရမ်းနောက်ကျသွားလား။"

ဖဲလ်လစ် လှမ်းပေးနေသော ပိုးစမျက်နှာသုတ်ပဝါနှင့် မျက်နှာမှ ရေများကို ခြောက်အောင် သုတ်လိုက်သည်။ ယမန်နေ့ညက လုလိယက်စ် နှစ်နှစ်ခြိုက်ခြိုက် ကြာမြင့်စွာ အိပ်ပျော်သွားခဲ့သောကြောင့် ယခုနိုးထချိန်တွင် နေပင်အတော်မြင့်နေပြီဖြစ်သည်။ ဖဲလ်လစ်၏ ကူညီပေးမှုကြောင့် အဝတ်အစားလဲရန် အချိန်သိပ်မကြာလိုက်။ နောက်ဆုံး ပြင်ဆင်မှုအဖြစ် ဖိနပ်စီးရန်အတွက် လုလိယက်စ် ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။

ထာ၀ရ ပုံပေWhere stories live. Discover now