Part-1

250K 8K 360
                                    

Unicode

မြိုင်စံအိမ်....,

တရိပ်ရိပ်နှင့်လင်းထင်းလာခဲ့သောမနက်ခင်းတစ်ခုသည် တဖြည်းဖြည်းနှင့်ဖြန့်ကျက်လာခဲ့သည့် အလင်းရောင်ဝါတို့​နှင့်အတူ သာယာဖွယ်နေ့သစ်တစ်နေ့အားအစပြုလာခဲ့သည်။ 
သူရိန်နေမင်းထံမှဖြာထွက်လာခဲ့သည့် နေရောင်ခြည်ဖျော့ဖျော့တို့က ပြတင်းမှန်မှတစ်ဆင့် အခန်းအတွင်းဆီသို့ဖြတ်လျက် အပြိုင်အဆိုင်တိုးဝင်နေကြ၏။

၄င်းအခန်းငယ်အတွင်း၌ မှေးစက်လျက်ရှိနေခဲ့ပါသော လူငယ်တစ်ယောက်၏မျက်ဝန်းတို့သည်လည်း တဖြည်းဖြည်းနှင့်ပွင့်ဟစပြုလာခဲ့သည်။
သို့သော် တဆစ်ဆစ်ဖြစ်နေခဲ့သောဦးခေါင်းပိုင်းနှင့် ကိုက်ခဲနာကျင်နေသည့် ခန္ဓာကိုယ်တစ်ခုလုံးကြောင့်သူ၏မျက်လုံးအစုံတို့အားပြန်လည်မှေးမှိတ်လျက် ခတ္တမျှငြိမ်နေခဲ့သည်။

ဒေါက်! ဒေါက်! ဒေါက်!

"လျှမ်းလေးရေ...မထသေးဘူးလား"

အခန်းအပြင်ဆီမှသတိပေးအော်ခေါ်သံနှင့်အတူ ဒေါ်ဝါဝါရှိန်တစ်ယောက် အခန်းတံခါးကိုခပ်ကျယ်ကျယ်ခေါက်လိုက်သည်။ သို့သော် အခန်းအတွင်းဆီမှ သားဖြစ်သူ၏ တုံ့ပြန်သံကိုပြန်လည်မကြားခဲ့ခြင်းကြောင့် အခန်းတံခါးအားဖွင့်လျက် မိမိဘာသာပဲဝင်သွားခဲ့လိုက်သည်။

"သားငယ် နိုးနေပြီလား... ထတော့လေ မာမီတို့ breakfast စားရအောင်"

အခန်းထဲရောက်လာခဲ့သည့်မိခင်ဖြစ်သူ၏အသံကိုကြားတော့မှ လျှမ်းပဦးသည် လေးလံနေသည့်သူ၏မျက်လုံးတို့အား အားယူကာဖွင့်လိုက်တော့သည်။

"သားနိုးနေတာကြာပါပြီဗျာ ...မထချင်သေးလို့ မထပဲနေနေတာ။... ညကနည်းနည်းများသွားလို့ထင်တယ်။... တစ်ကိုယ်လုံးကိုက်ခဲနေတာပဲ မာမီရာ..."

ပြောနေရင်းနှင့်ပင်ကုတင်ပေါ်တင်ပါးလွဲထိုင်နေသည့် မိခင်ဖြစ်သူ၏ပေါင်ပေါ်သို့ခေါင်းတင်လျက် လှဲချလိုက်သည်။

"နည်းနည်းများတာမဟုတ်ဘူး ကိုယ်တော်လေးရဲ့... တော်တော်ကိုများတာ။ ကားတောင်မမောင်းနိုင်လို့ ဆက်အောင်တို့ကလာပို့သွားကြရတာမဟုတ်လား။ အဲ့လောက်မသောက်ပါနဲ့လား သားငယ်လေးရယ်... အဖက်ဖက်ကနေ မာမီကစိတ်ပူနေရတယ် သိရဲ့လား..."

လေနှင်ရာအရပ်ဆီသို့ [ Completed ]Where stories live. Discover now