"ဟိုမှာ ဝတ်မှုန်လင်း "
"ဟိုဆိုင်က အခြောက် မလား "
ရယ်သံတွေ လှောင်သံပြောင်သံတွေက လင်းအတွက် စိမ်းမနေတော့။ ဆိုင်ကယ် ရပ်ရင်း ကြားလိုက်ရသော အသံကြောင့် လင်းက မျက်နှာတစ်ချက် ပျက်ယွင်းသွားသော်လည်း ချက်ချင်းပင် ပြန်တည်လိုက်သည်။ ထို့နောက် မည်သူ့ကိုမှ ဂရုမစိုက်သည့်ဟန်ဖြင့် ရှေ့သို့သာ အာရုံစိုက်နေလိုက်တော့သည်။
ဒီလိုမှ ခေါင်းမော့မနေရင် ဝတ်မှုန်လင်း ဘယ်ဟုတ်တော့မလဲလေ။
ဝတ်မှုန်လင်း ဆိုသော ဥက္ကာလင်းကို အချို့က လှောင်ပြောင်သည်။ အချို့က ရှုံ့ချသည်။ အချို့က သနားသည်။ အချို့က နှိမ့်ချသည်။
လင်းကို ခေါ်သော အမည်မှာ "အခြောက်" ဟူ၍။ အစပိုင်းတွင်တော့ လင်းသည် ထိုသို့ကြုံရတိုင်း သိမ်ငယ်သည်။ အားငယ်စိတ်ဝင်မိသည်။
နောက်ပိုင်းတော့ လင်း တို့က ဂရုစိုက်မနေတော့ ။
"ဒီလို ပတ်ဝန်းကျင်ဆိုတာ ငြိမ်ခံရင် ရောင့်တက်တယ် ၊ ခေါင်းငုံ့ထားရင် တက်နင်းသွားမယ့် လူစားမျိုးတွေ" ဟုသာ သတ်မှတ်ထားလိုက်တော့သည်။
လင်းသည် တစ်ချက်ပြုံးလိုက်မိရင်းက ဆက်တွေးမိသည်။
အပင်မြင့်ရင် လေတိုက်တယ် တဲ့၊ လေဘယ်လောက် တိုက်တိုက် လင်းတို့က အပင်မြင့်အောင်ပဲ ကြိုးစားရမှာ။ အပင်မြင့်လို့ လေတိုက်တာက တော်သေးတယ်၊ အပင်နိမ့်ရင် ချနင်းခံရမှာ။
******
ဆိုင်ထဲသို့ဝင်လာသော လင်းကို တွေ့သောအခါ မိန်းကလေးနှစ်ယောက်က ထွက်လာကြသည်။
လင်းသည် ထိုကလေးနှစ်ယောက်ကို ပြုံးပြနှုတ်ဆက်လိုက်ပြီးသော အခါ ထိုင်ခုံပေါ်တွင် ခြေကို ချိတ်ရင်းထိုင်လိုက်သည်။
"မမလင်း"
"အင်း ပြောလေ"
"အပ်ထည်တွေ အပ်ချင်လို့တဲ့၊ ဖုန်းကြိုဆက်ထားကြတယ်"
လင်းက ခေါင်းကို အသာညိတ်ရင်း နာရီကို ကြည့်လိုက်သည်။
"ဘယ်အချိန်လာမယ်လို့ ပြောသွားလဲ"