"မမ"
လင်းသည် ရုံးအပေါ်ထပ်ရှိ ကော်ဖီဆိုင်တွင် ထိုင်နေစဉ် သုတ အနားသို့ ရောက်လာသည်။
"ဘာလဲ"
လင်းသည် အလိုမကျသလိုမေးလိုက်သောအခါ သုတက ဆူပုတ်သွားပြန်သည်။
"ကျွန်တော်က မမကို တွေ့ချင်လို့လာတာ"
"မတွေ့ချင်နဲ့ ပြန်တော့"
ကောင်လေးက ခေါင်းငုံ့ကာ တစ်လှမ်းချင်း ထွက်သွားသည်။ သို့သော် ခဏ အကြာတွင် ပြန်ရောက်လာပြန်သည်။
"မမ"
"မင်း လာပြန်ပြီလား"
"မမ မျက်နှာက ဝမ်းနည်းနေပုံ ပေါက်နေလို့ ချောကလက် လာပေးတာပါ၊ ဒါပေးပြီးရင် ပြန်မှာပါ"
လင်း သည် မငြင်းတော့ဘဲ ယူထားလိုက်သည်။
"ကျေးဇူးပဲ။ ပြန်တော့မယ်မလား"
"မမ ကလည်း နှင်လိုက်တာဗျာ၊ ချောကလက်လေးတော့ စားပါဦး"
လင်းက မျက်စောင်းထိုးကြည့်လိုက်တော့ သုတက ထိုင်ရာမှ ထသည်။
"မမ ကျွန်တော် သွားတော့မယ်နော်၊ ညနေမှ လာကြိုမယ်"
ကလေး အရွယ်ဖြစ်သော ကြောင့် လင်းသည် ခေါင်းကိုသာ ခါရင်း ရယ်မိသည်။
"ပြီးတော့လေ "
"ဘာလဲ"
"ကျွန်တော် မမ အတွက် အန္တရာယ်တစ်ခု ရှင်းပေးခဲ့တယ် "
"ဘာရယ်"
"ဟိုတလောက စာအုပ်ဆိုင်မှာ မမ ထွက်ပြေးသွားတာ လူကြီး တစ်ယောက်ကြောင့်မလား "
"ဘယ်လို"
လင်းသည် နားမလည်စွာ မေးလိုက်သောအခါ သုတက ရယ်ပြန်သည်။
"မမ ဒီနေ့ကစပြီး အနှောင့်အယှက် မရှိတော့ဘူး၊ အဲ့လူကြီးကို ကျွန်တော် ရှင်းလိုက်ပြီ "
"ဘာရယ် "
"ဪ.. အဲလူကြီးကို .."
"ဘာလုပ်လိုက်တာလဲ "
လင်းသည် စိတ်ပူစွာဖြင့် အော်လိုက်မိသောအခါ သုတ က ဆူပုတ်သွားသည်။
"မမကလည်း သူက ကုမ္ပဏီ ကားပါကင် ရှေ့မှာ တွေ့တာ၊ မမကို လာနှောက်ယှက်တာ မလား၊ အဲဒါကြောင့် ကျွန်တော်သူ့ကို စက်ဘီးနဲ့တိုက်ခဲ့တယ်"