"လင်း"
"ပြော"
"မနက်ဖြန် ငြိမ်းငြိမ်းတို့ကို ခေါ်ထားလိုက်ရင်ကောင်းမလား"
"ဘာလို့လဲ"
"ကျွန်တော် အတန်းတွေ ဝင်ရတော့မယ်လေ"
"အဲဒီတော့"
"အဲဒါ လင်းဘေးမှာ ဘယ်သူမှ မရှိတာနဲ့၊ ငြိမ်းငြိမ်းတို့ကို ခေါ်ထားမလားလို့လေ"
လင်းသည် ပုံဆွဲနေရာမှ ရပ်ကာ မြတ်ဝန်းညီကို လှည့်ကြည့်လာသည်။
"လင်း ဘေးမှာ ဘယ်သူမှမရှိတော့ရော ဘာဖြစ်လို့လဲ"
"ဪ လင်း အကူအညီ လိုရင် "
"အကူအညီ "
"အင်းလေ"
လင်းက အသံထွက်အောင်ရယ်တော့သည်။ ဘာလို့ထရယ်မှန်းလည်း သူမသိ။
"ညီညီ "
"ဟင်"
"လင်း က ဒုက္ခိတမလို့လား "
"အဲလိုလည်းမဟုတ်ဘူးလေ"
လင်းက သက်ပြင်းဖွဖွ ချကာ စာအုပ်ကို ပိတ်လိုက်သည်။
"လင်း နားလည်ပါတယ်၊ လင်းကို စိတ်ပူနေကြမှာကိုလည်း နားလည်တယ်၊ ဒါပေမယ့် လင်း အဆင်ပြေတယ်လေ၊ ပြီးတော့ လင်းအတွက် အခြားသူတွေ အလုပ်ပျက်မှာကို တကယ်မကြိုက်ဘူး၊ အခု လင်းကို စောင့်နေတော့ ညီညီ အလုပ်က ပျက်ပြီ၊ ငြိမ်းငြိမ်းတို့ မနက်ဖြန် တစ်နေကုန်လင်းအနားမှာရှိနေရရင် သူတို့ လည်း အလုပ်လုပ်ရတာ ကြန့်ကြာကုန်တယ်လေ "
"လင်းကလည်း..."
"လင်းကလည်း မနေနဲ့၊ မနက်ဖြန် တစ်ယောက်မှ ဒီမှာ မြင်ချင်ဘူး"
လင်းက စကားဆုံးသည်နှင့် စာအုပ်ကို ပြန်ဖွင့်ကာ ပုံပြန်ဆွဲနေသည်။ မြတ်ဝန်းညီသည် လင်းအား ဆက်မပြောတော့။ ဆက်မပြောရဲတော့ ဟု ဆိုလျှင် ပို၍မှန်လိမ့်မည်။
******
ဆေးရုံမှဆင်းမည့်ရက်တွင် လင်းသည် တစ်ကိုယ်တည်း ရှိနေသည်။ အနားတွင် မည်သူမှ မရှိသော်လည်း လင်းအတွက် ထူးခြားသွားသည်တော့ မဟုတ်ပေ။
"ဘယ့်နှယ် အလုပ်အပျက်ခံပြီး အနားမှာ စောင့်နေကြရအောင် နေ့ချင်းညချင်း ဒုက္ခိတဖြစ်သွားတာလည်းမဟုတ်ဘူး၊ တကယ် လိုအပ်ရင် ပြောမှာပေါ့ ဘယ်လိုဟာလေးတွေမှန်းကိုမသိဘူး"