ငြိမ်းငြိမ်းနှင့် ကျော့ကျော့ဝေက ပုစွန်ကင်စားလိုက် ၊ အုန်းရည်သောက်လိုက်၊ ရေထဲဆင်းလိုက်၊ ပြန်တက်လာလိုက်ဖြင့် အပျော်ကြီးပျော်နေကြသည်။
လင်းကတော့ ညီ့ပုခုံးပေါ်မှီရင်းသာ ပင်လယ်ကို ထိုင်ငေးနေသည်။
"လင်း ခဏလေး မျက်လုံးမှိတ်ထား"
"ဘာလို့လဲ"
"လုပ်ပါလင်းရဲ့ "
လင်းသည် မြတ်ဝန်းညီ၏ အလိုကျ မျက်လုံးမှိတ်လိုက်သည်။
"မျက်လုံး ဖွင့်ကြည့်"
လင်းသည် မျက်လုံးဖွင့်လိုက်သော အခါ မြတ်ဝန်းညီ၏ လက်ထဲတွင် လက်စွပ်နှစ်ကွင်း ကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
"ညီ"
"ဒါ ကိုယ်တို့ အတွက် သီးသန့်မှာထားတာ၊ လင်းနဲ့ တော်လားကြည့်ရအောင်"
ညီက လက်စွပ်ကို ညာဘက် လက်ခလယ်တွင် ဝတ်ပေးရင်း သွားလေးများပေါ်သည် အထိ ကျေနပ်စွာ ပြုံးရယ်လိုက်သည်။
"ကွက်တိပဲ"
"ဘာလို့ လက်ခလယ်နဲ့ တိုင်းလုပ်တာလဲ"
"ပိုင်ရှင်ရှိကြောင်း ပြချင်လို့လေ"
"ဘယ်လို"
"ညာဘက် လက်ခလယ်မှာ လက်စွပ် ဝတ်ထားရင် ပိုင်ရှင်ရှိတယ်လို့ ပြောတာတဲ့၊ အခု ကိုယ်တို့ နှစ်ယောက်လုံး ပိုင်ရှင်ရှိတယ်လို့ ကြေညာပြီးသား ဖြစ်သွားပြီ "
လင်းသည် မြတ်ဝန်းညီနှင့် အနေကြာလာလေလေ စကားတတ်မှန်းသိလာလေလေပင်။
လင်းသည် ထိုစကားကို ကြားရသော အခါ အနည်းငယ် ခေါင်းငုံ့ကာ ပြုံးလိုက်မိသည်။
ထိုသို့ ကြေညာစရာမလိုအောင် လင်း၏ စိတ်ကိုရော နှလုံးသားကိုပါ အပိုင်ပေးထားပြီးသား ဖြစ်ကြောင်းကို တော့ ဖွင့်ဟ ထုတ်ပြောရန် မတွေးတော့ပါချေ။
"ညီ ခရုသွားကောက်ရအောင်"
"အင်း"
မြတ်ဝန်းညီက မတ်တပ်ရပ်လိုက်သည်။ ငြိမ်းငြိမ်း နှင့်ကျော့ကျော့ဝေ က မော့ကြည့်လာသည်။
"လိုက်ကြဦးမလား၊ ခရုသွားကောက်မလို့"
"မလိုက်တော့ပါဘူးဆရာ၊ ကျော့တို့ ဆက်စားလိုက်ဦးမယ်"