လင်းသည် မြတ်ဝန်းညီ၏ အိမ်သို့ ရောက်နေသည်။ လင်းသည် ရောက်ရောက်ချင်းမှာပင် ပင်ပန်းလာသော ခေတ္တာ အိပ်ပျော်သွားမိသည်။ အိပ်ရာမှ နိုးလာသော အခါ မြတ်ဝန်းညီအား မတွေ့ရတော့ပေ။
"ညီ "
လင်းသည် လမ်းလျှောက်သွားရင်း ဧည့်ခန်းနားသို့ ရောက်သောအခါ အသံတစ်ချို့ကို ကြားလိုက်ရသည်။
"မေမေရယ် သဘောတူဖို့ ဆုံးဖြတ်ထားပြီးပြီပဲ"
"ဒါကြောင့်မလို့ မတားတော့တာပေါ့ ဒါပေမယ့် သားငယ် ကို စိတ်ပူတယ်"
သားငယ် ဟူသော စကားကြောင့် လင်းသည် မြတ်ဝန်းညီ အကြောင်းပြောနေသည်ဟု သဘောပေါက်သွားရသည်။
"သားငယ်မှာ သားသမီးရတနာဆိုတာ ရှိလာမှာ မဟုတ်တော့ဘူး"
"မေမေရယ်"
"သားက ကလေး ချစ်တတ်တယ်၊ အခု တော့ သာမာန် မိသားစု ဘဝကိုလည်း မရနိုင်တော့သလို ဖခင် တစ်ယောက် ဖြစ်ခွင့်လည်း မရှိတော့ဘူး"
လင်းသည် သက်ပြင်းသာ ချကာသာ ထွက်လာလိုက်သည်။ မြတ်ဝန်းညီ၏ မိခင်နေရာမှ ကြည့်လျှင်လည်း မြတ်ဝန်းညီ ကို အတော်ကလေး မျှော်လင့်ထားပုံ ရပါသည်။ လင်းကို လင်ခံလိုက်ရသော်လည်း အချိန်ယူရန် လိုပေလိမ့်မည်။
လင်းသည် လမ်းလျှောက်လာရင်း တွေးနေမိသည်။ မြတ်ဝန်းညီသည် အမှန်တကယ်ပင် အဆင်ပြေပါရဲ့လား ဟု အကြိမ်ကြိမ် တွေးမိသည်။ တစ်ချိန်တွင် သားသမီး လိုချင်လာခဲ့သည်ရှိသော် ထို ကိစ္စသည် လင်းတတ်နိုင်သည့် ကိစ္စမျိုးလည်း မဟုတ်နေပါချေ။
************
မြတ်ဝန်းညီသည် လင်း အိပ်ပျော်နေစဉ် သော်တာ အား သွားခေါ်နေရသည်။အပြန်လမ်းတွင်တော့ သော်တာသည် မြတ်ဝန်းညီအား မေးခွန်းများစွာ မေးလာလေသည်။
"ကိုကြီး "
"အင်း"
"ကိုကြီးတွဲနေတာက မိန်းကလေး မဟုတ်ဘူးဆို "
"ညည်းက ဘယ်လိုသိတာလဲ "
"မေမေ ပြောသံကြားတာ၊ ဒါနဲ့ တကယ်လားဟင် "
"အင်း ဟုတ်တယ်"
မြတ်ဝန်းညီက ခေါင်းညိတ်ပြလိုက်သောအခါ သော်တာက တစ်စုံတစ်ခုကို စဉ်းစားဟန်ပြုသည်။