စေ့စပ်ပွဲ ဟူသော သတင်းကြောင့် လင်းသည် ရုတ်တရက် စကားပက် မပြောနိုင်တော့ပေ။ မျက်လုံးများက အသက်မဲ့ကာ မျက်ရည်များ စီးကျလာတော့သည်။
"စေ့စပ်ပွဲ တဲ့လား ညီရဲ့ စေ့စပ်ပွဲ တဲ့လား .."
လင်းသည် ထိုစကားကိုရေရွတ်မိသည်။ မလှုပ်မရှား ထိုင်နေရင်းမှ ထိုစကားကို ရေရွတ်ကာ ငြိမ်သက်နေမိတော့သည်။
လင်းသည် မြတ်ဝန်းညီက ထိုကိစ္စကို သဘောတူလျှင် နောက်ဆုတ်ပေးပါမည် ဟု ဆိုခဲ့သည်။ ယခုအခါတွင် ထိုသတင်းသည် မြတ်ဝန်းညီက လက်ခံလိုက်ပြီဟု ယူဆဖွယ်ရာ ဖြစ်၍နေသည်။
" ဒီနေ့က စပြီး လင်းဘဝထဲမှာ ညီ မရှိတော့ဘူး"
လင်းသည် မျက်လုံးများကို မှိတ်လိုက်သည်။
"ဒါပေမယ့် ညီ့ကို ဆက် ချစ်လို့ရတယ်မလား"
ဆုံးရှုံးရတော့မည်ဟု သတိထားမိသော အခါ လင်းသည် ခြောက်ခြားစွာပင် ဖြစ်၍နေသည်။
" ဒီလိုမျိုး ထွက်သွားမယ်ဆိုရင် အစကတည်းက လင်းရဲ့ ဘဝထဲကို ဝင်မလာပါနဲ့လားညီရယ်..."
မြတ်ဝန်းညိသည် အမှန်တကယ်ပင် မိသားစု ကို ရွေးချယ်သွားခဲ့သည် ကို တွေးမိသော အခါ လင်းသည် မျက်ရည်များကြားမှ ပြုံးမိပြန်သည်။
"ညီ ပျော်မယ်မလား"
ဖုန်းသည် အဆက်မပြတ် မြည်နေသည်။ ဖုန်းခေါ်နေသော သူသည် မြတ်ဝန်းညီ။
မည်သည့်အကြောင်းကြောင့် ဖုန်းခေါ်သည်ကို မသိသော်လည်း လင်းသည် မကိုင်ချင်ပေ။ မြတ်ဝန်းညီ၏ အသံကိုလည်း မကြားချင်ပေ။ မကြားချင် ဟူသည်ထက် မကြားနိုင်ဟု ဆိုလျှင် ပို၍ မှန်ပေလိမ့်မည်။ လင်းသည် ထိုဖုန်းကို လျစ်လျူ ရှုပစ်လိုက်သည်။ မြတ်ဝန်းညီထံမှ အဝင်ဖုန်းများကိုလည်း မဖြေတော့ပေ။
*******
မြတ်ဝန်းညီသည် တစ်ပါတ်လောက်အထိ ဖုန်းဆက်သည်။ လင်းအတွက်မူ ထို ဖုန်းတို့ကို လက်ခံရလေတိုင်း ဝမ်းနည်းစိတ်တို့ပိုလာရသည်။ တစ်ချိန်တည်းမှာပင် တစ်ဖက် မိန်းကလေးကိုလည်း အားနာစိတ်တို့ ဖြစ်ရသည်။ ထိုဖုန်းကို ကိုင်၍ မြတ်ဝန်းညီနှင့် အဆက်အသွယ် ရဖြစ်လျှင် လင်းသည် မြတ်ဝန်းညီ အပေါ် ထပ်မံကာ စိတ်ယိုင်မိလိမ့်မည်။