Part_14(Unicode)

3.5K 486 32
                                    


"သား ဘယ်လို လူတွေနဲ့ ပေါင်းနေတာလဲ"

"‌ဗျာ"

အလိုမကျသည့်ဟန်ဖြင့် မေးလာသော မေးခွန်းကြောင့် မြတ်ဝန်းညီ သည် ရုတ်တရက် ပြောစရာ မတွေ့တော့ပေ။ အဖြေပြန်မရသော အခါ ထိုမေးခွန်းကိုပင် နောက်တစ်ကြိမ်ကြားလိုက်ရပြန်သည်။

"သားက ဘယ်လိုလူတွေနဲ့ပေါင်းနေတာလဲ"

"မေမေ လင်းက .."

"အဲလိုလူတွေနဲ့ သားက အခုလို ရင်းနှီးနေတာလား"

မြတ်ဝန်းညီသည် ပြန်ဖြေရမည်ကိုပင် ခက်ခဲသွားရသည်။

" လင်းက လူကောင်းတစ်ယောက်ပါ"

" လူကောင်း လူဆိုးကို ပြောနေတာမဟုတ်ဘူး၊ အဲလို လူမျိုးတွေနဲ့ ရင်းနှီးနေတာကို ပြောနေတာ"

"........."

"မေမေကတော့ သူနဲ့ မပေါင်းစေချင်ဘူး "

"သူက ဘဝကို ရိုးရိုးသားသားရပ်တည်နေတာပါ၊ မေမေ ထင်သလို သူက.. "

"ဒါပေမဲ့ သူနဲ့ရင်းနှီးလာရင် သားကို ပတ်ဝန်းကျင်က ပြောလာကြလိမ့်မယ်"

"မေမေ .."

"ပြီးတော့ မေမေလည်း အဲလိုလူတွေကို သဘောမကျဘူး "

နောက်ဆုံးစကားကြောင့် မြတ်ဝန်းညီသည် သက်ပြင်းခိုးချလိုက်မိသည်။

"လင်းက မေမေတွေ့ဖူး မြင်ဖူးတဲ့ သူတွေလိုမျိုးမဟုတ်ပါဘူး၊ မေမေ ‌ထင်နေတဲ့ မိန်းမလျာမျိုး ..."

"တော်တော့"

မြတ်ဝန်းညီသည် ထွက်သွားသော မိခင်ဖြစ်သူကို ကြည့်ကာ ငိုင်နေမိသည်။ တစ်ညလုံးလည်း အိပ်မပျော်တော့ပေ။

မနက်စောစော မနက်စာ စားနေချိန်တွင်လည်း မြတ်ဝန်းညီ၏ စိတ်တို့သည် မကြည်မလင်။

" အခြားသူတွေနဲ့ ခဏ လွှဲထားလို့မရဘူးလား"

"အရေးကြီးလို့ပါ"

မြတ်ဝန်းညီသည် ထိုမျှလောက်သာ ပြောကာ မနက်စာကို ဆက်စားနေသည်။ လင်း၏ ပွဲသို့ သွားရန်အတွက် အချိန်မီ ပြန်သည့် အကြောင်းကိုမူ မပြောပြတော့။

"မေမေ မှာတာ မမေ့နဲ့နော်"

မြတ်ဝန်းညီသည် ကော်ဖီသောက်ရင်းမှ ခွက်ကို အသာချကာ ခေါင်းညိတ်လိုက်သည်။ သို့သော် လိုလိုလားလားဖြင့် ပြုံးပြုံးရွှင်ရွှင် လက်ခံခြင်းမျိုး မဟုတ်ပေ။

"မြတ်ဝန်းညီ"

"သိပါပြီ"

နေဝန်းညီ သည် ထိုအကြောင်းကို မသိသောကြောင့် မြတ်ဝန်းညီ ကို တစ်လှည့်၊ မိခင်ဖြစ်သူကို တစ်လှည့်ကြည့်ရင်းသာ ရှိနေတော့သည်။

*****

ရွှေအိုရောင် ပိုးသား ဂါဝန်အရှည်သည် နောက်အထိတွဲကာ လှပနေသည်။ ရင်ဘတ်အနားစတွင် ကျောက်အဖြူရောင်လေးများကို စနစ်တကျတပ်ထားသည်က ကြည့်မိလျှင် စိန်ပွင့်များကဲ့သို့ တလက်လက်။ ခါးနေရာမှ စကာ ခပ်လျော့လျော့ ကားသွားသော ဂါဝန်သည် အထက်တန်းကျစွာ ကျော့ရှင်းနေသည်။ ပေါင်လည်လောက်မှစကာ လှိုင်းတွန့်လေးများကို ခပ်စိပ်စိပ် ပုံ‌ေဖာ် ထားသည်က အမြင်မရိုင်းဘဲ ခေတ်ဆန်သည်။ ရွှေအိုရောင် ဂါဝန်အောက်ပိုင်းတွင် ခပ်ကြဲကြဲ တွေ့ရသော ကျောက်အဖြူလေးများကြောင့် ခြေလှမ်းလိုက်တိုင်း ဝတ်စုံက တလက်လက်။

ထိုဝတ်စုံမှ နံပါတ်ကို မြင်ရသော အခါ မြတ်ဝန်းညီက သဘောတကျပင် ပြုံးလိုက်သည်။ ပွဲတစ်လျှောက်လင်းကို မတွေ့ရသေး‌သော်လည် ဝတ်စုံကို မြင်ရုံမျှဖြင့်ပင် ကျေနပ်ရပါသည်။

မြတ်ဝန်းညီ အတွက် ဘော်ဒါ ကိစ္စ၊ သင်တန်းကိစ္စ တို့သည် အရေးကြီးသည်။ ထိုဘော်ဒါသည် မြတ်ဝန်းညီ ကိုယ်တိုင် တည်ထောင်သူများထဲတွင် ပါဝင်
နေသောကြောင့် ကိစ္စအဝဝ တို့သည် မြတ်ဝန်းညီ အတွက် တာဝန်ယူရမည့် ကိစ္စတို့ပင်ဖြစ်သည်။ သို့ရာတွင် အိမ်မှ အရေးတကြီး ပြန်လာရခြင်းသည် ထိုကိစ္စကြောင့်မဟုတ်ပေ။ အရေးတကြီး ကိစ္စများကြောင့်ဟု အကြောင်းပြခဲ့သော်လည်း ထိုကိစ္စသည် လင်း၏ ပြိုင်ပွဲသို့ သွားလိုသည့် စိတ်သာဖြစ်ပေသည်။

ဆုကြေညာမည့် အချိန်သည် မြတ်ဝန်းညီ၏ဘဝတွင် အစိုးရိမ်ရဆုံးနှင့် စိတ်အလှုပ်ရှားရ‌ဆုံးအချိန် ဖြစ်နေသည် ။ ငယ်စဉ်ကပင် ပြိုင်ခဲ့သည့် ပြိုင်ပွဲများစွာကို စိတ်မလှုပ်ရှားဘဲ နေခဲ့နိုင်သော်လည်း လင်း၏ ပြိုင်ပွဲတွင်မူ ထိုင်၍လည်းမရ၊ ထ၍လည်း မရနိုင်သည်အထိ စိတ်လှုပ်ရှားနေမိသည်။

ဆုကြေညာသံ အဆုံးတွင် လက်ခုပ်သံများ အစီအရီထွက်လာသည်။  မြတ်ဝန်းညီသည် ချက်ချင်းပင် မတ်တပ်ရပ်ကာ လင်းကို ရှာရန်ပြင်သည်။



16/11/2020

AN/

အချို့ အပိုင်းတွေမှာ၊ အချို့စာတွေကို ဖြတ်ချလိုက်ရတာမျိုး ရှိတဲ့ အတွက် တိုသွားတာကို ဗွေမယူကြပါနဲ့နော် 🥺

တီကောင်ကို ဖြောင့်အောင် မဆွဲတတ်တဲ့ အသွေးဟာ လင်းရဲ့ ဝတ်စုံလေးကို ဆွဲကြည့်ခဲ့ပါတယ်။ ပုံလေးကိုတော့ ရခဲ့ပေမဲ့  အမှတ်တရလေးပဲ သိမ်းထားလိုက်ပါတယ်ရယ်။ 😁😁

ဝေးသည်ဖြစ်စေ နီးသည်ဖြစ်စေ  (Completed)Where stories live. Discover now