Part_20 ( Zawgyi)

1.4K 154 12
                                    

မြတ်ဝန်းညီသည် ည စဉ်ရက်ဆက်ပင် လင်းအိမ်ရှေ့သို့ ရောက်လာတတ်သည်။ ထို့နောက် ခြံတံခါးအပြင်ဘက်မှ လင်းရှိရာကို မှန်းကြည့်ရင်း မတ်တပ်ရပ်နေတတ်သည်။

ရာသီဥတုသည် အေးစက်နေသည်။ အကဲပိုလာသော ဆောင်းသည် နှင်းစက်များ ကျသံကိုပင် ကြားရလောက်သည် အထိ အအေးက ပြင်းထန်လာသည်။

မြတ်ဝန်းညီသည် အလုပ်ကိစ္စများ ပြီးသည့် အချိန်မှသာ လင်း၏ အိမ်ဘက်သို့ သွားနိုင်သည်ဖြစ်ရာ ထိုအချိန်သည် ညအချိန်များသာ ဖြစ်နေတတ်သည်။ ကံကောင်းခြင်းဟုပင်ဆိုရမည်လား မသိပေ။ လင်း နေထိုင်ရာ  လမ်းသည် လူသွားလူလာ ကျဲပါးသည်ဖြစ်ရာ မြတ်ဝန်းညီ ရောက်လာသော အချိန်တွင် တံခါးများပင် ပိတ်ထားကြနေပြီ။ ထို့ကြောင့် မြတ်ဝန်းညီသည် မည်မျှပင် အိမ်ရှေ့တွင် ရပ်နေပါစေ အရေးတယူပြုကာ ကြည့်မည့်သူမရှိပေ။ မြတ်ဝန်းညီ ရောက်လာသည့်အချိန်သည် နေ့အချိန်သာ ဖြစ်ပါလျှင် ထိုလမ်းထဲရှိလူတို့သည်လည်း လင်းနှင့် မြတ်ဝန်းညီအား သတိထားကာ စောင့်ကြည့်လာနိုင်သည်။

မြတ်ဝန်းညီ ရောက်လာသော နေ့များတွင် လင်းလည်လည်း အိပ်၍မပျော်နိုင်ပေ။ တံခါးရှေ့မှ ကျောခိုင်းကာ လှည့်ပြန်သွားမည့် အချိန်ကို စောင့်ရင်း ထိုအချိန်မှသာ စိတ်ချနိုင်သည်။ တစ်ညလုံး စောင့်မနေခြင်းကိုပင် ကျေးဇူးတင်ရပေမည်။

ထိုညတွင်မှ အအေးက ပိုလွန်းသည်။ ဆောင်းရာသီသည် ခိုက်ခိုက်တုန်အောင် ချမ်းစေသည်။ သို့ရာတွင် မြတ်ဝန်းညီသည် အင်္ကျီခပ်ပါးပါးဖြင့် အပြင်ဘက်တွင် ရှိနေမြဲပင်။

လင်းသည် နာရီကို ကြည့်မိသော အခါ တစ်နာရီပင် ထိုးလုပြီ။ မြတ်ဝန်းညီသည် ဆယ့်နှစ်နာရီ မထိုးမီ ပြန်တတ်သော်လည်း ထိုညတွင်မူ မပြန်သေး။ တစ်နာရီ ထိုးလုလု အချိန်အထိ အအေးဒဏ်ကို တုရင်း မတ်တပ်ရပ်နေသော မြတ်ဝန်းညီကို မြင်ရသောအခါ လင်းသည် ပြတင်းပေါက် မှန်တံခါးမှ ကြည့်ရင်း သက်ပြင်းအခါခါ ချမိသည်။

ရုတ်တရက် ခြံတံခါးကို မှီရင်း ယိုင်ကျသွားသော မြတ်ဝန်းညီ။ ထိုမြင်ကွင်းကို မြင်သော အခါ လင်းသည် ဆက်၍ မနေနိုင်တော့ပေ။ ချက်ချင်းပင် တံခါးကို ဖွင့်ကာ အပြေးထွက်လိုက်တော့သည်။

ဝေးသည်ဖြစ်စေ နီးသည်ဖြစ်စေ  (Completed)Where stories live. Discover now