မြတ်ဝန်းညီ ဆိုသောသူသည် လင်းကို နားလည်ပေးခဲ့သောသူ၊လင်းကို ပြုံးစေခဲ့သောသူ၊ လင်းကို ရယ်မော စေခဲ့သောသူ။ ထိုပတ်ဝန်းကျင် ထိုအသိုင်းအဝိုင်းတွင် လင်အတွက် ပထမဆုံးသော ရင်းနှီးကာ ယုံကြည်ရသောသူပင်။လက်လွတ်စပယ် မပြောတတ်သော မြတ်ဝန်းညီက ထိုစကားများကို ဆိုလာသော အခါ လင်းသည် ပျက်ရယ်လည်း မပြုနိုင်ပေ။
သို့ရာတွင် လင်းတို့အနေဖြင့် ဂရုထားစရာ ကိစ္စများစွာ ရှိနေသေးသည်။ ပတ်ဝန်းကျင် ဆိုသည်ကို လင်ူသည် ဂရုစိုက်ခဲ့သူ မဟုတ်၊ သို့သော်လည်း မြတ်ဝန်းညီနှင့် ပတ်သတ်လာသော အခါ အင်မတန်ပင် သတိထားခဲ့သည်။ လင်းသည် ထိုပတ်ဝန်းကျင်နှင့် နေသားတကျ ရှိနေပြီးသော သူဖြစ်သောကြောင့် အချို့စကားများကို လျစ်လျူရှုနိုင်သည်။ သို့ရာတွင် မြတ်ဝန်းညီကား ထိုသို့မဟုတ်။
လင်းသည် ခေါင်းကို ဖြည်ညင်းစွာပင် ခါလိုက်ရင်း သက်ပြင်းချလိုက်သည်။
ဟင့်အင်း ညီညီ့ကို လက်ညှိုးထိုးလာရင်တော့ လင်း သည်းခံနိုင်မယ်မထင်ဘူး။
" မဖြစ်နိုင်ဘူး"
"ဘာလို့ မဖြစ်နိုင်ရမှာလဲလင်း"
"ညီညီ သိတယ်မလား၊ လင်းက...."
လင်းသည် စိတ်ကို ထိန်းထားသော်လည်း အသံက အနည်းငယ်မျှတုန်ယင်နေသည်။
"သိတယ်၊ ကျွန်တော်သိတယ်၊ ဒါပေမယ့် ကျွန်တော် လင်းကို ချစ်တယ်လေ"
လင်းသည် အလိုမကျစွာဖြင့် မြတ်ဝန်ညီအား ကြည့်လိုက်သည်။
"လောကမှာ အချစ်တစ်ခုတည်းနဲ့ မပြီးဘူး ညီညီ၊ အထူးသဖြင့် လင်းတို့ကို လူတွေက .."
လင်း၏ စကားမဆုံးခင်မှာပင် မြတ်ဝန်းညီက ခေါင်းခါသည်။ ထို့နောက် လင်း၏ လက်ကို လှမ်းကိုင်ရန် အပြုတွင် လင်းသည် လက်ကို အနောက်သို့ ဆုတ်လိုက်သည်။
"ကျွန်တော် လင်းကို ချစ်မိပြီလို့ သိလိုက်ကတည်းက ကြုံလာရမယ့် အခြေအနေတွေကို တွေးထားပြီးသားပါ"
လင်းနှင့် မြတ်ဝန်းညီသည် အချိန်တော်တော်ကြာစကားပြောဖြစ်သည်။ သို့သော် အကြောင်းရင်း တို့သည် လေးနက်နေကာ ရယ်မောစရာပင် ရှာမတွေ့နိုင်ပေ။ အကြောင်းအရာ တစ်ခုကို သုံးနာရီ တိတိ ဆွေးနွေးပြီးသော အခါ လင်းက ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။