စားပွဲပေါ်ရှိ ဖုန်းသည် တုန်ခါနေသည်။ မြတ်ဝန်းညီသည် ထိုဖုန်းကို မျက်လုံးအသာ စွေကြည့်လိုက်သော အခါ လင်း ထံမှ ဖြစ်၏။ နှစ်ခါ အထိ ဝင်လာပြီးသောအခါ ထပ်၍ ဝင်လာခြင်းမရှိတော့ပေ။ မြတ်ဝန်းညီသည် စာသင်နေစဉ်တွင် ဖုန်းမကိုင်သည့် အကျင့်ရှိသည်။ စာသင်နေစဉ် ဝင်လာသော ဖုန်းများကို အတန်းချိန်ပြီးမှသာ ပြန်လည်ခေါ်ဆို တတ်လေသည်။
"အိမ်စာတွေ သေချာလုပ်ထားမယ်နော်၊ အိမ်စာမပြီးတဲ့သူ လပြည့်နေ့ မလိုက်ရဘူး"
"ဟုတ်"
မြတ်ဝန်းညီ၏ စကားအဆုံးတွင် ကလေးများ၏ အသံကို တညီတညာတည်း ကြားလိုက်ရသည်။ ထိုအခါတွင်တော့ မြတ်ဝန်းညီသည် ထိုကလေးများကို ကြည့်ရင်း ပြုံးမိလိုက်လေသည်။
အတန်းချိန်ပြီး သွားသော အခါမှ လင်းထံမှ ဖုန်းကို ပြန်ခေါ်ရလေသည်။
"လင်းရေ ကျွန်တော် အတန်းဝင်နေလို့ မကိုင်မိလိုက်တာ "
" အင်း လင်းလည်း ညီညီ အလုပ်များနေတယ်ထင်လို့ ချလိုက်တာ"
"ဒါနဲ့ လင်းဖုန်းဆက်တာက.."
"ဪ ဒီ လပြည့်နေ့ လင်းတို့ ဘိုးဘွားရိပ်သာမှာ ဆွမ်းလှူ မလို့လေ၊ ညီညီ အားရင် လိုက်ခဲ့မလားလို့ပါ၊ ငြိမ်းငြိမ်းတို့ကလည်း လိုက်ခဲ့ပါလား တဲ့"
လပြည့်နေ့ တွင် မြတ်ဝန်းညီသည် ကလေးများကို ခေါ်ကာ ငပလီ သို့ ခရီးထွက်ရန် စီစဉ်ထားပြီး ဖြစ်၍နေသည်။
"ကျွန်တော် အဲ့နေ့ ကလေးတွေကို ငပလီ လိုက်ပို့ဖို့ စီစဉ်ထားတာ"
"အင်း ဒါဆိုလည်း နောက်တစ်ခေါက်ပေါ့"
လင်းက ဖုန်းချ ပြီးသော အခါ ငြိမ်းငြိမ်းနဲ့ ကျော့ကျော့က ပိတ်စ ညှပ်နေရာမှ လှမ်းကြည့်လာသည်။ လင်းက ခေါင်းခါ ပြရင်း ဆိုသည်။
"ကဲ ရှင်တို့ ဆရာက လပြည့်နေ့ ငပလီကို သွားမလို့တဲ့"
"တကယ်"
ကျော့ကျော့ဝေက ဝမ်းသာ အားရ အော်ကာ ငြိမ်းကို လက်တို့သည်။
"လိုက်ချင်လိုက်တာ"
"မမလင်း ငြိမ်းတို့ လိုက်လို့ရလားဟင်"