ငှက်ဖြစ်ချင်တယ် Intro

1.3K 48 8
                                    

ရန်ကုန် တိရိစ္ဆာန်ဥယျာဥ်။

ထဘီအနီ၊ ရင်ဖုံးအင်္ကျီအနီနှင့် ဆံထုံးကိုပါ ကလစ်အနီထိုးထားသော အမျိုးသမီးသုံးဦးသည် ဦးထုပ်ကိုယ်စီဆောင်းထားသော ကလေးငယ်များအား သုံးယောက်တစ်တွဲ ညီညီတန်းစီရန်နှင့် လက်တွဲမဖြုတ်ကြရန် မ​ှာကြားနေသည်။ အယောက်နှစ်ဆယ်ခန့်ရှိသော ကလေးငယ်များအားလုံးသည် ​​ကျောင်းယူနီ​ဖောင်း​​ဖြစ်​သော ရှပ်လက်တိုအဖြူနှင့် စကပ်၊​ဘောင်းဘီအနီကိုဆင်တူဝတ်ဆင်ထားကြသည်။ ရှပ်လက်တို၏ ဘယ်ရင်ဘတ်ပေါ်တွင်မူ 'K power' ဟူသော နာမည်​ကြီးမူကြိုကျောင်း၏ အမည်ကို ရေးထိုးထားသည်။

"ရေမြင်းကြီးက ကောင်းလိုက်တာနော်။ငါတို့လိုဝလုံးရေးစရာလည်း မလိုဘူး။ပါးစပ်လေး ဟလိုက်တာနဲ့ စားစရာက ပါးစပ်ထဲတန်းရောက်လာရော''

ဦးထုပ်ပန်းရောင်လေးနှင့် ကလေးမလေးသည် တစ်ကိုယ်စာရေကန်ကျဥ်းကျဥ်းလေးထဲတွင် ရှိနေသော ရေမြင်းကြီးကို အားကျ​​ေနသော မျက်လုံးလေးများ​​ဖြင့် ကြည့်ရင်း ဘေးက သူငယ်ချင်းအား  ပြောလိုက်သည်။အဖြူရောင် နံပြားဦးထုပ်လေးဆောင်းထားသော ထိုကလေး​ငယ်မှာမူ ခွန်းတုံ့​ပြန်​​​​​​ခြင်းမရှိဘဲ ရေမြင်းကိုသာ စိုက်ကြည့်နေသည်။

"သားတို့၊သမီးတို့ရေ.....ရေမြင်းလေးကို ဘယ်သူအစာကျွေးချင်လဲဟေ့။ကျွေးချင်တဲ့သူ ဆရာမတို့အနားလာ။တန်းစီ​ပြီး ညီညီညာညာလာကြနော်''

ကလေးများအားလုံးလိုလိုပင် သူတို့ဆရာမသုံးဦးထံ တက်ကြွသော ခြေလှမ်းများဖြင့် သွားနေကြသည်။သို့သော် ထိုနံပြားဦးထုပ်အဖြူလေးနှင့်  ကလေးငယ်မှာ မလှုပ်မယှက် ။ဖြူနုနုလက်တုတ်တုတ်ခိုင်ခိုင်လေး နှစ်ဖက်တွင် ရွှေလက်ကောက်တစ်ကွင်းစီဝတ်ထားပြီး သွေးကြောစိမ်းလေးများထင်းနေသည့် ပါးဖောင်းဖောင်းလေးမှာ ရဲတွတ်နေသည်။ ဗိုက်ပူပူလေးထက်တွင်မူ လည်ဆွဲကတ်ပြားလေးမှာ ​​လေတိုက်လိုက်တိုင်း တလွင့်လွင့်​​ဖြစ်နေသည်။

မောင်ခွန်းမြတ်စံ။

လည်ဆွဲကပ်ပြားပေါ်ရှိ ကလေးလေး၏ ဓာတ်ပုံအောက်တွင် ရေးထားသော အမည်လေးဖြစ်သည်။

"သားတို့ သမီးတို့က အခုလို ရေမြင်းလေးကို
အစာကျွေးတော့ ကုသိုလ်တွေအများကြီး ရသွား
တာပေါ့။
ကဲ...ရေမြင်းလေးကို အစာကျွေးပြီး ဆုတောင်းကြရအောင်။
ဆရာမကတော့ ဤကုသိုလ်ကောင်းမှုကြောင့်
ဆရာမ ဖေဖေနဲ့ မေမေ ကျန်းမာပါစေလို့
ဆုတောင်းမယ်။
သားတို့သမီးတို့လည်း ရေမြင်းလေးကို
အစာကျွေးပြီးရင် ဆုတောင်းကြနော်''

ထိုအခါမှသာ ခွန်း​မြတ်စံလေးမှာ ရေမြင်းကို အစာကျွေးရန် ဆရာမနားသွားလေတော့သည်။ရေမြင်းကြီးသည် ခွန်း​​မြတ်စံကျွေးသော ကန်စွန်းရွက်ကို ပါးစပ်အကျယ်ကြီးဟထားကာ ခံယူနေသော်လည်း မျက်လုံးများမှာ အပေါ်တစ်နေရာတည်းကိုသာ ​ကြည့်နေသည်ဟု ခွန်း​မြတ်စံထင်သည်။ရေမြင်းကြီး ကြည့်နေသော နေရာသို့ လိုက်ကြည့်သော် ကောင်းကင်ပြာပြာတွင် ငှက်ကလေးများ ပျံသန်းနေသည်ကို တွေ့ရသည်။ရေမြင်းကြီးကို အစာကျွေးပြီးနောက် ခွန်း​မြတ်စံဆုတောင်းလိုက်သည်။

"ရေမြင်းကြီးလည်း ငှက်ကလေးတွေလို အတောင်ပေါက်ပြီး သူပျံချင်တဲ့နေရာကို ​ပျံနိုင်ပါစေ''

ငှက်ဖြစ်ချင်တယ် (completed)Where stories live. Discover now