"သောက်လိုက်ဦး "
ကမ်းပေးလာသည့် ရေဘူးလေးကို ယွင်ရှီးလက်နှစ်ဖက်ဖြင့်ယူလိုက်ပြီးတော့ မနားတမ်းသောက်နေမိသည်။ ဖေးယွီကတော့ ရေသီးသွားမှာစိုးတာကြောင့်
သေချာလေးဂရုတစိုက်နဲ့ကြည့်နေပေး၏။"ဖြည်းဖြည်းသောက်လေ"
ရေတစ်ဘူးလုံးကုန်သွားတဲ့နောက်မှာ ယွင်ရှီးက မောဟိုက်စွာဖြင့်သက်ပြင်းချလိုက်သည်။ ပြီးနောက် မျက်လွှာချကာ တစ်ခုခုကို အချိန်အကြာကြီးတွေးနေ၏။
ဖေးယွီကတော့ ယွင်ရှီးရဲ့အခြေအနေကိုကြည့်ပြီး ဘာစကားမှမပြောသေး။
"သေသွားခဲ့ရမှာ သေသွားခဲ့ရမှာ "
ယွင်ရှီးဟာ ရုတ်တရက် ကိုယ့်ခေါင်းကိုလက်သီးအခါခါထုရင်း ထိုစကားကိုပဲထပ်ခါတလဲလဲရေရွတ်လာတာကြောင့် ယွင်ရဲ့လက်တွေကို ဖေးယွီချုပ်လိုက်သည်။
"ဘာလို့ဒီလိုလုပ်နေတာလဲ ... သတိထားဦး "
ယွင်ရှီးသတိကပ်အောင်လို့ အော်လိုက်ပေမယ့်
ရပ်မသွားတဲ့အပြင် ပို၍ဆိုးလာတဲ့အခြေအနေကြောင့် မတတ်နိုင်တဲ့အဆုံး ဖေးယွီသူ့ကိုဖက်လိုက်သည်။ ဒါတောင် ကိုယ့်ကိုကိုယ်အပြစ်ပေးနေတာမရပ်နိုင်သေး။"တော်တော့လို့ ... ဒီလိုလုပ်နေတာ ခင်များအတွက် မကောင်းဘူး "
ဖေးယွီက ယွင်ရှီးကိုဖက်လျက်သားလေးနဲ့ပဲ သူ့ရဲ့ခေါင်းလေးကို ခပ်ဖွဖွလေးပွတ်သပ်ပေးရင်း စိတ်ငြိမ်သွားအောင်လို့ပြုလုပ်ပေးသည်။ ခဏအကြာ ယွင်ရှီးသည်လည်း သောင်းကျန်းနေရင်းကနေ တဖြေးဖြေးငြိမ်ကျသွားလေရဲ့။
×××
"အခု အဆင်ပြေသွားပြီလား "
ခုနကတည်းက ဘာစကားမှမပြောပဲ သူမေးသမျှကို ခေါင်းညိတ် ၊ ခေါင်းခါသာလုပ်နေတဲ့ ယွင်ရှီးကြောင့် ဖေးယွီမှာဘာလုပ်ပေးရမှန်းမသိဖြစ်နေသည်။
"ကျုပ် ဟိုမန်နေဂျာဆိုတဲ့လူကို မှတ်သွားအောင် ပညာပေးလိုက်ရမလား "
ထိုစကားကိုပြောလိုက်တော့ ယွင်ရှီးက သူ့ကို မို့အစ်နေတဲ့ မျက်ဝန်းတွေနဲ့ ချက်ချင်းကြည့်လာတော့သည်။