"လော်ယွင်ရှီး ... ဒီတစ်ပတ်ပိတ်ရက်အားလား "
ယွင်ရှီး အလုပ်လုပ်နေတုန်း message ဝင်လာလို့ ဖတ်ကြည့်လိုက်တော့ ဖေးယွီဆီကပင်။
"အင်း အားတယ် ဘာလို့လဲ "
"ဘာမှမဟုတ်ဘူး အိမ်ရောက်မှ ပြောမယ် "
ထိုတစ်ကြောင်းပဲပို့ပြီးတော့ ဆက်မပို့လာတာကြောင့် ယွင်ရှီးက " အင်း ခဏနေမှ တွေ့မယ်" ဆိုပြီး ပြန်ပို့လိုက်သည်။
နောက်နာရီဝက်လောက်ဆိုရင် အလုပ်ဆင်းတော့မည်ဖြစ်သည်။ ယွင်ရှီး အလုပ်စဝင်တာ ဒီနေ့နဲ့ဆိုရင် တစ်လပြည့်ပြီပင်။ စစချင်းတုန်းက အဆင်မပြေမှုတွေရှိခဲ့ပေမယ့် ရုံးကလူတွေက သေချာသင်ပြပေးတာကြောင့် ၃ ရက်အတွင်း သူအကုန်လုပ်တတ်သွားပြီပင်။
ပြီးတော့ အခုအလုပ်က အရင်ကလုပ်ခဲ့တဲ့နေရာနဲ့မတူ။ အလုပ်ကို တိတိကျကျနဲ့ သေချာလုပ်ရတဲ့အပြင် သူဌေးက ဝန်ထမ်းတွေအပေါ်ကိုလည်း လေးလေးစားစားဆက်ဆံ၏။
ထပ်ပြီး နောက်ထပ်ကောင်းတာတစ်ခုက ဖေးယွီ အခုလုပ်နေသည့် နေရာနဲ့ ဒီနေရာက သိပ်မဝေးလှ။ ထို့ကြောင့် ရုံးတက် ၊ ရုံးဆင်းတိုင်း ယွင်ရှီးဟာ ဖေးယွီနှင့်အတူပြန်လေ့ရှိ၏။
ညနေ ၅ နာရီ ထိုးပြီဖြစ်တာကြောင့် ယွင်ရှီးအလုပ်တွေကို လက်စသတ်လိုက်ပြီးတော့ ပြန်ဖို့ပြင်လိုက်သည်။
ရုံးကနေ ၁၅ မိနစ်လောက်လျှောက်ပြီးတဲ့အခါ သူနဲ့ဖေးယွီအတူတူစီးနေကျ မှတ်တိုင်လေးဆီရောက်လေ၏။ဖေးယွီကတော့ ထုံးစံအတိုင်း ထိုနေရာလေးမှ ယွင်ရှီးကို စောင့်နေခဲ့သည်။
"ဖေးယွီ "
ယွင်ရှီး အနားကိုတိုးသွားပြီး ခေါ်လိုက်တော့ ဖေးယွီက 'ရောက်လာပြီလား' ဆိုတဲ့ ပုံစံလေးနဲ့ ကြည့်လာလေ၏။
ယွင်ရှီးဘက်စ်ကားကိုစောင့်နေရင်းနဲ့ ဘေးဘီကို ကြည့်မိလိုက်တော့ ဘေးနားက ပုံးပေါ်မှာတင်ထားတဲ့ သတင်းစာလေးတစ်စောင်တွေ့လိုက်၏။ မှောက်ပြီးထားထားတာကြောင့် သတင်းစာရဲ့ နောက်ဖုံးကိုပဲ မြင်ရပေမယ့် ဘာရယ်မဟုတ်ပဲ သူ မတ်ရပ်လေးရပ်လျက်သားလေးဖြင့် ဖတ်ကြည့်လိုက်မိ၏။