ရဲကို အကြောင်းကြားပြီးတဲ့နောက် ဖေးယွီ ယွင်ရှီးရဲ့အနားကိုသွားကာ တစောင်းအနေအထားဖြင့် လှဲချလိုက်ပြီးတော့ ယွင်ရှီးနဲ့ မျက်နှာချင်းဆိုင်အနေအထားအတိုင်းနေလိုက်သည်။
ယွင်ရှီးရဲ့ မျက်တောင်တွေဟာ စိုစွတ်နေပြီးတော့ နဖူးနားက ဒဏ်ရာသည်လည်း သွေးထွက်နေလေ၏။
ဖေးယွီ အဝတ်စအဖြူလေးယူပြီးတော့ ထိုနေရာလေးကို သွေးတိတ်အောင်လို့ ခပ်ဖွဖွလေး ဖိထားပေးမိသည်။
ဖြူစင်လှတဲ့ ဒီလူသားကို ကံကြမ္မာက ဘာလို့များ ဒီလောက်ထိ နှိပ်စက်ရတာလဲ။
"မလုပ်နဲ့ ... မလုပ်ပါနဲ့ "
ကြောက်လန့်တကြားနဲ့ ယောင်နေတဲ့ အသံလေးကိုကြားရတော့ ဖေးယွီ စိတ်ပူစွာဖြင့်ဖက်ထားပေးမိသည်။
"ဘာမှမဖြစ်တော့ပါဘူး အရာအားလုံး အဆင်ပြေသွားမှာပါ ... မင်းရော ကိုယ်ရော အဆင်ပြေသွားမှာ "
ဖေးယွီ သူ့ရဲ့အနွေးဓာတ်ကို ယွင်ရှီးအားပေးလိုက်ပြီးတော့ အိပ်မက်ဆိုးကနေလွတ်မြောက်အောင်လို့ ဘေးနားကနေ စကားလေးတွေပြောပေးမိသည်။
ပုံမှန်အတိုင်းပြန်ဖြစ်သွားမှ ယွင်ရှီးနဲ့နဖူးလေးကို မြတ်မြတ်နိုးနိုးနမ်းရှိုက်ပြီးတော့ သူပေးဖို့လုပ်ထားခဲ့တဲ့ လက်စွပ်လေးကို ဘယ်လက် လက်သူကြွယ်လေးမှာ ဝတ်ပေးလိုက်သည်။
"အမှန်တော့ မနေ့ညက တစ်ညလုံး ခင်ဗျားကိုခေါ်ဖို့ နာမည်ကို စဉ်းစားနေခဲ့တာ ... ဒါပေမယ့် ကျုပ်က အဲ့လိုနေရာမှာမတော်တော့ ကော နဲ့ ယွင် ဆိုတဲ့ နာမည်လွဲလို့ စဉ်းစားလို့မရခဲ့ဘူး။ အဲ့တာကြောင့် အဲ့နာမည်နှစ်မျိုးကိုပဲ ခေါ်ဖို့လုပ်ခဲ့တယ်"
"ပြီးတော့ ဒီလက်စွပ်ကိုမြင်တဲ့အခါ ကျုပ်ကိုပြုံးပြမယ့် ခင်ဗျားရဲ့အပြုံးကိုတွေးပြီး တစ်ညလုံးအိပ်မပျော်ခဲ့တာ ... အခုတော့ ခင်ဗျားမသိအောင် ဒါကိုဝတ်ပေးလိုက်ရတယ် "
ဖေးယွီ ယွင်ရှီးရဲ့ လက်တွေကို ဆုပ်ကိုင်ရင်းနဲ့
ငိုနေမိသည်။"အဲ့တာကိုသိလား ... ခင်ဗျားနဲ့ကျုပ် ပထမဆုံးတွေ့တဲ့နေ့လေ .. ခင်ဗျားကိုမြင်မြင်ချင်း အတွေးတစ်ခုပဲဝင်လာခဲ့တာ ... အာ ဒီလူက ငါကာကွယ်ရမယ့်လူဆိုပြီးတော့ "