<9>

433 78 15
                                    

(Zawgyi)




ဒီနေ့ ထယ့်မိဘတွေနဲ့ တွေ့ရမယ်ဆိုတော့ သူ့စိတ်တွေလှုပ်ရှားနေမိသည်။ သူနဲ့ထယ်ရဲ့ချစ်သူသက်တမ်းက ၄နှစ်လောက်ကြာနေပြီဆိုတော့ ထယ်မိဘတွေက သူတို့နှစ်ယောက်ကို လက်ထပ်စေချင်နေကြသည်။

ဒါပေမယ့် သူက ပါမောက္ခဖြစ်မှလက်ထပ်ချင်မိသည်။ ထယ်တို့ မိဘအသိုင်းအဝိုင်းထဲဝင်ဆန့်ဖို့ဆိုရင် သူ့မှာ ပါမောက္ခရာထူးလေးတော့ရှိသင့်တယ်မလား။ ထယ်တို့မိဘအသိုင်းအဝိုင်းက ဆရာဝန်တွေချည်းပဲဖြစ်သည့်အပြင် ထယ့် အဖေက ဒီဆေးရုံရဲ့ဆေးရုံအုပ်ဖြစ်လေသည်။

သူ့လိုလူလတ်တန်းစား မိသားစုကဆင်းသက်လာသူတစ်ယောက်က ငွေမရှိရင်တောင် ရာထူးလေးရှိမှဖြစ်မယ်မလား။ ဆေးတက္ကသိုလ်ကိုတောင် ပညာသင်ဆုရလို့ သူ တက်နိုင်ခဲ့ခြင်းဖြစ်သည်။ ရွှေဇွန်းကိုက်ပြီးမွေးလာတဲ့ ထယ်နဲ့သူက မိုးနဲ့မြေလိုကွာခြားလွန်းလှလေသည်။

ထယ်နဲ့သူ ချစ်သူတွေဖြစ်တော့ မနာလိုသူတစ်ချို့က ဆေးရုံအုပ်သားထယ့်ကို သူက အပိုင်ချိုင်လိုက်တယ်လို့ ပြောကြလေသည်။ ထယ့်ကို သူ အဖြူထည်သက်သက်မေတ္တာဖြင့် ချစ်ခဲ့ခြင်းဖြစ်သည်။

ဆေးရုံအုပ်ရဲ့သားဆိုပြီး မာနထောင်လွှားခြင်းမရှိပဲ ကလေးတစ်ယောက်လို ပကတိရိုးသားလွန်းတဲ့ ထယ့်ကို သူ မြင်မြင်ချင်းပဲချစ်ခဲ့လေသည်။သူ ဒီဆေးရုံကို စပြောင်းပြောင်းချင်းနေ့မှာပဲ ထယ့်ကိုတွေ့ခဲ့လေသည်။

ဆွယ်တာ ကြက်သွေးရောင်နဲ့ ဘောင်းဘီအဖြူရောင်လေးဝတ်ထားတဲ့ ထယ့်ကို ဆရာဝန်လို့မထင်ပဲ ဆေးရုံကိုလာတဲ့ လူနာ ဒါမှမဟုတ် လူနာစောင့်လို့ပဲထင်ခဲ့မိသည်။

သူနာပြုတွေထိုင်တဲ့ ကောင်တာနားမှာ ရစ်သီရစ်သီလုပ်နေတဲ့ ထယ့်ကို

"ဒီမယ် ညီလေး တစ်ယောက်ယောက်ကိုများရှာနေတာလား...."

"မဟုတ်ပါဘူး ကျွန်တော်...."

"မဟုတ်ဘူးဆိုရင်လည်း ဒီနားမှာ ရစ်သီရစ်သီလုပ်မနေပါနဲ့လား... အလုပ်လုပ်နေတဲ့သူတွေ အနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ...."

အူလည်လည်နှင့်သူ့ကိုကြည့်ပြီး ထွက်သွားတဲ့ ထယ့် ကို နောက်နေ့ ဂျူတီကုတ်နဲ့တွေ့တော့မှပဲ ဆရာဝန်မှန်းသိပြီး မျက်နှာပူပူနဲ့တောင်းပန်ခဲ့ရသည်။ ဒီလိုကနေစပြီး ခင်မင်ခဲ့ရာကနေ သူနဲ့ထယ်တို့ချစ်သူဘဝကိုရောက်ခဲ့ကြလေသည်။ ထယ် နဲ့ ချစ်သူဖြစ်ပြီးမှသာ ထယ့်ကို ဆေးရုံအုပ်ရဲ့သားမှန်းသိလိုက်ရသည်။

Tomorrow ( Completed )Where stories live. Discover now