(၂၀)

3.4K 451 3
                                    


{Unicode}

အခန်း(၂၀) - ပျော်ရွှင်ခြင်းတို့ ဖူးပွင့်လန်းစေမည်



နှစ်သစ်ကို နှုတ်ဆက်ရမည့် ညတွင် နှစ်ဦးသားမှာ ကိုယ့်မိသားစုနှင့်အတူ ညစာ စားကြရသည်။ ချစ်ရသူနှင့် အတူ အချိန်ကုန်ဆုံးရမည် အရေးကြီးညဖြစ်ပါလျက် ချန်ရှောင်းမှာ မပြန်ချင်ပြန်ချင်နှင့် ပြန်လိုက်သွားရ၏။

ချန်မာမားသည် သူ့ခေါင်းကို အသာပုတ်ခါ

"တစ်ယောက်ကို တစ်ယောက် မမြင်ရလို့ ခံစားရတာက သဘာဝပဲ .. ဒါပေမဲ့ ရှေ့ရေးကို တွေးထားတတ်ရမယ် .. စဥ်းစားကြည့်လေ .. နေ့တိုင်းမြင်ဖန် တွေ့ဖန်များလာရင် ငြီးငွေ့မလာဘူးလားလို့"

"စကားကို ရှေ့နောက်ညီအောင်လည်း ပြောပါဦး .. ခုနလေးတင် ကျွန်တော့ကို အဲ့အိမ်ဆီ ထည့်ပေးလိုက်ချင်လွန်းလို့ တက်ကြွနေတာ ဘယ်သူမို့လို့တုန်း"

ချန်ရှောင်းကို လှေကားထိပ်အထိ လိုက်ပို့သည့် ကုမုန့်ယန်သည် သူ့လက်ကို အသာဖျစ်ညှစ်နေ၏။ ချန်ရှောင်းမှာ လက်တင်မက သူ့နှလုံးသားလေးကိုပါ လာဖျစ်ညှစ်ခြင်းခံလိုက်ရသည့်အတိုင်း ယားကျိကျိဖြစ်သွားရသည်။ သူသည် ကုမုန့်ယန်၏ လက်ကို ပြန်ဆွဲယူလိုက်ကာ လက်ဝါးဖြန့်စေလိုက်ပြီး သူ့လက်ချောင်းထိပ်လေးနှင့် စက်ဝိုင်းသဏ္ဍာန် ခပ်ဖွဖွပွတ်ဆွဲလိုက်၏။

"အဟွတ် .. အဟွတ် !"

ချန်ပါပါး၏ ရုတ်တရက် ချောင်းဟန့်လိုက်သံကြောင့် ကုမုန့်ယန်သည် ရှက်ရှက်နှင့် သူ့လက်ကို ကမန်းကတန်း ပြန်ရုတ်လိုက်ရသည်။ သူ့လည်ပင်းတွေကပါ ခပ်ရဲရဲဖြစ်လို့လာ၏။

ချန်ရှောင်းမှာ စိတ်ထဲက ကျိတ်ပြီး သဘောခွေ့နေသည်။

~ အို အို .. အရှက်သည်းတဲ့ အပျက်ကောင်လေး ပြန်ရောက်လာပြီ .. နောက်ကျရင် အိမ်ကို မကြာခဏခေါ်ပြီး ညှင်းဆဲဦးမှ ထင်ပါရဲ့ ~

ဆိုင်တစ်ဆိုင်တွင် နှစ်သစ်ကူးညစာ အတူတကွ စားပြီးသွားကြသည့်အခါ ချန်ရှောင်းတို့မိသားစုသည် ဖြည်းဖြည်းလေး လမ်းလျှောက်ပြီး ပြန်လာကြ၏။ လမ်းတစ်လျှောက်ရှိ ဈေးဆိုင်တွေလည်း ပိတ်သွားကုန်ကြပြီ၊ မီးရှူးမီးပန်းကစားနေကြသည့် ကလေးတစ်အုပ် နှစ်အုပ်လောက်ကိုသာ လမ်းပေါ်တွင် တွေ့ရတော့သည်။ အိမ်တိုင်းလိုလိုမှာလည်း TV ဖွင့်ထားကြကာ နှစ်သစ်ကူးဖျော်ဖြေပွဲ အစီအစဥ်တွေကို ကြည့်နေကြကာ ရယ်ရယ်မောမော စကားပြောဆိုသံတွေဖြင့် သက်ဝင်လှုပ်ရှားလျက်ရှိကြ၏။

ဟိုဘက်အခန်းက ကိုလူချော {မြန်မာဘာသာပြန်}Where stories live. Discover now