(၂၂)

3K 410 3
                                    


{Unicode}

အခန်း(၂၂) - အချပ်ပို နှစ်၊ နောက်နှစ်ရဲ့ ကလေးများနေ့မှာလည်း ငါတို့ အတူရှိကြမယ်(ကလေးအရွယ်)

"ဟေး .. ဖက်တီးလေး .. မင်း ဒီလာပြီး ကစားကြည့်ချင်လား"

အပေါ်အောက် စွပ်ကျယ်သားအတို ဝမ်းဆက်လေးဝတ်ထားသည့် နေညိုရောင်အသားအရည်နှင့် ကလေးငယ်လေးသည် ကလေးအုပ်အလယ်တွင် မတ်မတ်ရပ်၍နေကာ သစ်ပင်ရိပ်အောက်နားတွင် ခြေဆန့်ထိုင်နေသည့် ဝကစ်ကစ် ကလေးငယ်တစ်ယောက်ကို လှမ်းအော်မေးနေသည်။

ဝကစ်ကစ် ကလေးငယ်သည် သူ့ဘေးနားတွင် အခြားသူများရှိသေးသလားဟူသည့်ပုံနှင့် အရင် ဝှေ့ဝဲကြည့်လိုက်သေး၏၊ မည်သူမျှမရှိဘူးဆိုခါမှ မယုံကြည်နိုင်ဟန်ဖြင့် သူ့ကိုယ်သူ လက်ညှိုးနှင့် ထိုးပြကာ

"င .. ငါ ?"

"အင်းပေါ့ .. မင်းကို မေးနေတာ .. ငါတို့နဲ့ လာကစားချင်လားလို့ ?"

ဝကစ်လေးသည် မျက်နှာရဲရဲနှင့် ခေါင်းငုံ့သွားပြီး ခဏအကြာတွင် ခေါင်းကို ခပ်ဖြည်းဖြည်း ခါပြလာ၏။

"နေ .. နေပါစေတော့ .... "

"ဟေး .. ချန်ရှောင်း .. သူ့ကို ထားလိုက်စမ်းပါကွာ .. အမြဲတမ်းလိုလို အဲ့နားမှာပဲ အရုပ်ကြီးလို ထိုင်နေပြီး တစ်ခုခုမေးရင်လည်း ချက်ချင်းနားမလည် .. ဘာမှလည်း ပြန်မပြောနဲ့ .. အရမ်းပျင်းစရာကောင်းတာကြီး .. ငါတို့ဘာသာပဲ ကစားကြရအောင်"

ထိုသို့ ပြောခံလိုက်ရသည့်အခါ ဖက်တီးလေး၏ ခေါင်းမှာ ပိုလို့ ငုံ့ကိုင်းကာသွားသည်။ နားရွက်တစ်ခုလုံးမှာလည်း နီရဲလို့လာကာ

~ ငါ ဘာလို့ ဒီလောက် အဖြစ်မရှိရတာလဲ ~

ဘယ်မှ ထွက်ပေးမဆော့တတ်သည့် သူ့အမေကိုသာ အပြစ်တင်ချင်တော့၏။

ကလေးတွေသည် ရယ်ကာမောကာနှင့် ပြေးလွှားဆော့ကစားနေကြ၏။ သူ့နှလုံးသားလေးသည် ပိုလို့တောင် လေးလံထိုင်းမှိုင်းလို့လာကာ ကျောက်ခဲတစ်ခဲနှင့် မြေကြီးပေါ် တောင်ခြစ်မြောက်ခြစ် ခြစ်နေလိုက်သည်။

"ဟေး .. လာ .. ငါတို့နှစ်ယောက် အတူဆော့ကြရအောင်"

သူ့ ခေါင်းပေါ်နားလေးဆီမှ ရုတ်တရက် ပေါ်လာသည့်အသံကြောင့် အံ့ဩတကြီးနှင့် မော့ကြည့်လိုက်မိသည်။ မျက်နှာပေါ် ရွံ့တွေပေလူးနေသည့် ကောင်ငယ်လေးသည် သူ့ဆီ လက်တစ်ဖက်ဆန့်ထုတ်ပေးနေ၏။ ကောင်ငယ်လေး၏ အနောက်ဘက်ဆီတွင် နေရောင်ခြည်ကလည်း ဖြာကျလျက်ရှိရာ ရွှေရောင်အလင်းတန်းတွေ လျှံထွက်နေသည့်အတိုင်း ထင်မြင်ရစေသည်။

ဟိုဘက်အခန်းက ကိုလူချော {မြန်မာဘာသာပြန်}Where stories live. Discover now