''ယာယာတို့ကလဲ ဒီအချိန်ကြီးထိ ဘာတွေလုပ်နေကြလဲမသိဘူး....ဒီမှာအိပ်ချင်နေပါပြီဆို...''ခြေထောက်ကလေးကို ဆောင့်အောင့်ကာပြောနေတဲ့နိုင်က အလိုမကျဟန်နှင့် နှုတ်ခမ်းလေးကိုလဲစူထားသေးသည်။
ဆေးရုံဝတ်စုံဝမ်းဆက်ကလေးနှင့် ဆွဲဖွထားသောကြောင့် ထိုးထိုးထောင်ထောင်ဖြစ်နေသော ဆံပင်လေးများက ငှက်သိုက်လေးလိုပင်ပွရှုပ်နေသည်မှာ တကယ်ကိုချစ်စရာကောင်းလွန်းတဲ့ ကလေးပေါက်စလေးအတိုင်းပင်။
ညနေစောင်းထဲက ဆေးရုံရဲ့ကော်ရစ်တာမှာလာထိုင်နေတာ အခု ညသန်းခေါင်တောင်ရောက်နေပြီဆိုတော့ နိုင် အိပ်ချင်နေရှာမှန်း ရန်ရှင်းသိပါသည်။
ကိုဆေးတို့အတွဲဘာလုပ်နေကြမယ်ဆိုတာ မသိပေမယ့် နေမကောင်းတဲ့ကလေးကို အပြင်ထွက်ခိုင်းတာကတော့ မဖြစ်သင့်ဘူးလို့ရန်ရှင်းထင်သည်။
ဒါပေမယ့်လဲ ရန်ရှင်းက ကြားထဲကနေ ဘယ်လိုလုပ် အထွန့်တက်ခွင့်ရှိမလဲလေ ။
ရန်ရှင်းဆိုတာက ကိုဆေးရဲ့အကူအညီကြောင့်သာ အခုလိုနေနိုင်တဲ့ကောင်မျိုးဆိုတော့လဲ ဘာမှပြောပိုင်ခွင့်မရှိပေ ။
အဲ့ဒါမို့လို့ နိုင့်ကို သဘောကျမိပေမယ့် ရန်ရှင်းရဲ့ခံစားချက်တွေအားလုံးကို ဘယ်သူမှမသိအောင် သော့ခတ်ကာ ချိတ်ပိတ်ပစ်လိုက်သည်။
ခန့်နိုင်မင်းယံဆိုတာ ရန်ရှင်းပန်ဆင်ခွင့်မရတဲ့ တော်ဝင်သဇင်ပန်းလေးသာ ။
''အရမ်းအိပ်ချင်နေရင် အကို့ပခုံးပေါ်မှီအိပ်လေ....''
''အဲ့လိုလုပ်လို့ရလားဟင်.....''
ဘယ်ဘက်ပခုံးလေးကိုပုတ်ပြပြီးပြောတော့ ချစ်စရာကောင်းတဲ့ကောင်ငယ်လေးက မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့လှည့်ကြည့်လာကာ အတည်ပြုသလိုလေးမေးနေတာမို့ ရန်ရှင်းခေါင်းညိတ်ပြလိုက်သည်။
''အဲ့လိုလုပ်လို့ရတာမို့လို့ မြန်မြန်မှီအိပ်ပြီး မျက်လုံးမှိတ်ထားနော်....''
''ကျေးဇူး ကိုကို....''
ကျေးဇူးတင်စကားပြောပြီး ရန်ရှင်းပခုံးပေါ် ခေါင်းလေး မှီတင်လာသောကောင်ငယ်လေးကြောင့် အိပ်ရလွယ်အောင် ပခုံးလေးကိုအနည်းငယ်လျှောပေးလိုက်သည်။
YOU ARE READING
Say-So(S2) Completed
RomanceThis may contain mature contents so read at your own risk !!!