Extra

2.6K 131 17
                                    

ကလောရှိ အပန်းဖြေအိမ်၏ ဧည့်ခန်း၌ ခွန်လကျ်ာတို့ လူစုံတက်စုံ ဝိုင်းဖွဲ့ထိုင်နေကြသည် ။

ဧည့်ခန်းထဲရှိ လူအကုန်၏ မျက်နှာထက်၌ တစ်ခုခုကို အလေးအနက်တွေးတောနေဟန်ရှိကာ ပတ်ဝန်းကျင်လေထုကလည်း သိသိသာသာသိပ်သည်းပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။

နွေရာသီအားလပ်ရပ်ဖြစ်၍ မစောနန္ဒာပိုင်ဆိုင်တဲ့ ကလောရှိ အပန်းဖြေအိမ်သို့ မိသားစုအကုန်လုံးရောက်လာကြကာ ပျော်ပျော်ပါးပါး အပန်းဖြေဖို့စဉ်းစားထားပေမယ့် ပန်းငယ်၏ ချစ်သူကောင်လေး ရောက်ချလာတဲ့အချိန်မှာတော့ တစ်မျိုးတစ်ဖုံပြောင်းလဲသွားသည် ။

''မေမေ ဘယ်လိုသဘောရလဲဟင် ၊ သမီးတို့ကိုသဘောတူပေးမှာလား ''

ပန်းငယ်၏စကားကြောင့် မခင်နှောင်းရိပ်က ခေါင်းလေးညိတ်ပြပြီးနောက် သူ(မ)၏မူပိုင်အပြုံးချိုချိုလေးဖြင့်ပြုံးကာ သမီးဖြစ်သူ၏ ခေါင်းလေးကိုခပ်ဖွဖွလေးပွတ်သပ်ကာဖြင့်

''မေမေ့သမီးက လူကြီးတောင်ဖြစ်နေပြီပဲဟာ ၊ သမီးဆုံးဖြတ်ချက်မှန်သမျှကို မေမေက အားပေးတာမို့လို့ သမီးသဘောအတိုင်းပါပဲကွယ် ''

''ဟီး....အဲ့ဒါမို့ မေမေ့ကိုချစ်နေရတာ ''

အသက်၃၀အရွယ် ပန်းနှောင်းနွယ်က သူ(မ)အမေ၏ရင်ခွင်ထဲသို့တိုးဝင်ကာ ခါးလေးကိုဖက်ပြီး အမေဖြစ်သူ၏ပါးလေးကို တရွှတ်ရွှတ်နမ်းကာဖြင့် အလွန်အမင်းပျော်ရွှင်နေဟန်ပင်။

မခင်နှောင်းရိပ်ကလည်း ပျော်ရွှင်နေသော သမီးငယ်လေးမျက်နှာကို အမြတ်တနိုးနှင့်ကြည့်၍ ကျချင်နေသော မျက်ရည်စလေးများကို မျက်လုံးကလေးပုတ်ခတ်ပုတ်ခတ်လုပ်ကာဖြင့် သိမ်းဆည်းနေသည်မှာ သမီးငယ်လေးအား သူစိမ်းတစ်ယောက်၏လက်ထဲ ထည့်ပေးရတော့မှာကို ဝမ်းနည်းနေတာကတစ်ကြောင်း ၊ သမီးငယ်လေးကို တစ်ဘဝစာစိတ်ချလို့ရသွားပြီမို့ ပီတိဖြစ်တာကတစ်ကြောင်းနှင့် ခံစားချက်တို့ရောထွေးနေဟန်ပင် ။

''တီတီစောကလည်း ဘာလို့ငိုနေတာလဲ ၊ ပန်းငယ် စိတ်မကောင်းဖြစ်အောင် ''

မျက်ရည်စများကို လက်ကိုင်ပုဝါဖြင့်သုတ်ကာ ရှိုက်ရှိုက်ငိုနေတဲ့ မစောနန္ဒာအနားသို့ ပန်းငယ်ကရောက်သွားပြန်ပြီး မစောနန္ဒာအား အတင်းဖက်ကာဖြင့်ချော့မော့နေပြန်သည်။

Say-So(S2) Completed Where stories live. Discover now