24.

1.1K 89 2
                                    

ဆေးရုံရဲ့ vip အခန်းကျယ်တစ်ခု၌ အသက်ရှုသံနှစ်ခုမှလွဲ၍ အပ်ကျသံပင်ကြားရလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်နေသည် ။

ကုတင်ပေါ်မှာလှဲနေပြီး သူ(မ)ဗိုက်လေးကို ခပ်ဖွဖွကိုင်ထားတဲ့ မခင်နှောင်းရိပ်ကလဲ စကားစ မလာသလို ကုတင်ဘေးကထိုင်ခုံ၌ ထိုင်နေသော ဆေးကလဲ စကားတစ်ခွန်းမှဖွင့်မဟမိခဲ့ချေ ။

မခင်နှောင်းရိပ်စိတ်ထဲမှာ ဘာတွေ တွေးနေမယ်မှန်း ဆေးမသိပေမယ့် ဆေးအခုခံစားနေရတာတော့ အလိမ်ခံလိုက်ရသလို ခံစားချက်မျိုးခံစား​နေရသည်။

ဆေးကို သဘောကျပါတယ်လို့ ဝန်ခံထားတဲ့သူက အခုတော့ မခင်နှောင်းရိပ် ဗိုက်ထဲက ကလေးရဲ့အဖေဖြစ်နေပြီတဲ့လေ ။

သပွတ်အူလိုရှုပ်ထွေးတဲ့ဆက်ဆံရေးမျိုးမှန်း အစထဲကသိခဲ့ပေမယ့် အခုလိုလက်ဆုပ်လက်ကိုင်ပြစရာသက်သေအထောက်အထားတွေကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတော့ ဆေးစိတ်ထဲ အနည်းငယ်တော့ မတင်မကျဖြစ်မိနေပြန်သေးသည် ။

charmနဲ့ပတ်သတ်လာရင် စိတ်ထဲမှာ အမြဲလိုလို မတင်မကျနဲ့ တစ်ခုခု ခံစားနေမိတာ ဘာဖြစ်လို့လဲဆိုတဲ့အဖြေကို သေချာရှာဖွေသင့်ပြီထင်ပါရဲ့ ။

''အိမ်ပြန်နားတော့လေ မောင်လေး
အမက တစ်ယောက်ထဲအဆင်ပြေပါတယ် သူနာပြုတစ်ယောက်လဲ ငှားထားတာပဲဟာ အမအဆင်ပြေပါတယ် ''

တိုးဖျော့ဖျော့လေသံလေးနဲ့စကားဆိုလာတဲ့ မခင်နှောင်းရိပ်ရဲ့အသံကိုကြားမှ အတွေးစများကိုရုတ်သိမ်းလိုက်ကာ ကုတင်ပေါ်မှာလဲလျောင်းနေတဲ့ မခင်နှောင်းရိပ်အား ဆေး ကြည့်လိုက်သည်။

''ကျွန်တော်ကရပါတယ် အိမ်ကလူတစ်ယောက်တော့ မခင်နှောင်းရိပ်အနားမှာရှိသင့်တာပေါ့
မနက်ဖြန်မနက်ကျမှ ကျွန်တော်ပြန်ပြီး အိမ်ကဝန်ထမ်းတွေကိုလွှတ်လိုက်ပါ့မယ် ''

''အမကို အမလို့ပဲခေါ်ပါလားဟင် ''

ဆေးရဲ့စကားအဆုံး မခင်နှောင်းရိပ်ပြောလိုက်တဲ့ စကား​ကြောင့် ဆေးအနည်းငယ် ကြောင်သွားရသည် ။

''မခင်နှောင်းရိပ်လို့ နာမည်အပြည့်အစုံခေါ်တာ အမအတွက် သူစိမ်းဆန်တယ်လို့ခံစားရတယ်
ဘယ်လိုပဲဖြစ်ဖြစ် အမတို့ကတစ်အိမ်ထဲမှာအတူနေတဲ့သူတွေပဲဟာ.....နာမည်အပြည့်အစုံအစား အမလို့ ရင်းရင်းနှီးနှီးခေါ်ပေးပါလား ''

Say-So(S2) Completed Where stories live. Discover now