အခန်း-(၄)

41.6K 3.4K 203
                                    

"ဝုန်း"

အိမ်ပေါ်က ဆင်းပြီးပြီးချင်း၌ အမျိုးအမည်မခွဲတတ်သော ပေါက်ကွဲသံတစ်ရပ်သည် ကျောနောက်သို့ ကပ်လျက်ပါလာခဲ့၏။

အဟုတ် လန့်ပြီး ထွန်းစ၏ ဘေးသို့ ကပ်လိုက်သည်နှင့် သူ့ ကိုယ်မှာ လေ၏ အဟုန်အလိုက် မြောပါသွားသကဲ့သို့ တွင်းနက်တစ်ခုထဲ ကျသွားသည်။ မတော်တဆ ပြုတ်ကျသွားသည် မဟုတ်ဘဲ ထွန်းစက သူ့ကို ဆွဲ၍ ခုန်ချလိုက်ခြင်း ဖြစ်သည်။

"ရှူး"

ထွန်းစက သူ့ပုခုံးများကို ပွေ့ဖက်၍ တိတ်တိတ်နေရန် သတိပေးသည်။ သူ အကြောက်လွန်၍ ဘာအသံမှ မထွက်မိ။ သူတို့ ရောက်နေသော တွင်း၏ အပေါ်ရှိ ထန်းလက်မိုးများကိုသာ မော်ကြည့်နေရသည်။ သူ့အထင် သည်နေရာဟာ ဗုံးကျင်း ဖြစ်လောက်မည်။

ဗုံးဒဏ်ကြောင့် ဖွာကျလာသော ထန်းလက်တို့၏ အစများမှာ သူ့တို့၏ မျက်စေ့ရှေ့တွင် ဖြစ်သည်။ အပူဟပ်၍ အမြင်များ ဝေဝါးလာသဖြင့် မျက်လုံးကို စုံမှိတ်လိုက်လျှင် ပါးပြင်ပေါ်သို့ စိုရွှဲစွာ ကျလာသည့် မျက်ရည်များ .. ပူပြင်းလှသည်။

သို့ရာတွင် သူ့ပုခုံးပေါ်ရှိ လက်များကတော့ နွေးထွေးနေသည်။

မကြာခင် ထန်းလက်၏ အပေါ်မှ ဖြတ်ပြေးသံများကို ကြားရသည်။ သူက ထွန်းစကို အားကိုးတကြီး ကြည့်သော်အခါ ထွန်းစသည် အပြုံးတစ်ခုကို ဖျော့ဖျော့ပေး၍ သူ့ပုခုံးကို ပိုမိုဖက်ပွေ့ထားခဲ့သည်။ သစ်စိမ်းနံ့ ပျံ့ပျံ့မွှေးသော ကိုယ်သင်းနံ့မှာ ထွန်းစ၏ ခန္ဓာမှ ထွက်လျက် ရှိနေ၏။

ထိုနေ့က စိုထိုင်းနေသော မြေကြီးတွင်းထဲ၌ သူတို့ ထိုင်နေခဲ့သည်မှာ အတော်ပင် ကြာသည်။ အပြန်ခရီး၌ ရထားပေါ်ရောက်ကာမှ ထိန်တင်၏ နောက်ကျောတစ်ခုလုံး အဝတ်သားများ စုတ်ပြဲ၍ ဟာလာဟင်းလင်းဖြစ်နေကြောင်း စိတ်မကောင်းစွာ တွေ့ရှိရသည်။

"ငါတောင်းပန်ပါတယ် .. ငါ့ကြောင့်"

လျှိုကျိုးသံ တိုးတိုးကို ထိန်တင်က အားနာမိသည်။ သူ့သဘောနှင့် သူလိုက်ခဲ့သော ဤခရီးရှိ ဖြစ်လာသမျှသည် ထွန်းစ၏ အပြစ်တို့မဟုတ်ပါ။ သို့သော် ထွန်းစက သူ့ကိုယ်သူ အပြစ်တင်လိုစိတ် ရှိနေလိမ့်မည်။

Maiden SA ( Complete )Where stories live. Discover now