အခန်း-(၆၀)

16.7K 1.5K 72
                                    

( Recommended song - Only love can hurt like thus by Paloma Faith )

•••

"ခဏလေး လာပြီ .. လာပြီ"

ပူနွေးသော နေရောင်ခြည်၏ တိုးဝှေ့မှု ဒဏ်မှ လွတ်မြောက်စေရန် ခရမ်းဖျော့ရောင် လိုက်ကာစများကို ဆွဲဖယ်နေလျက်မှ သူ လှမ်းအော်လိုက်သည်။

တံခါးချပ်မှာ ဆက်တိုက် အော်မြည်နေ၍ ဧည့်သည်ဟာ အလောတလျင် နိုင်လှသည်။

"ဒီကောင်ကတော့ .. ငါလာမယ်လို့ ခဏနေအုံး"

လိုက်ကာအစွန်းကို ချိတ်မှာ ချိတ်တင်ရင်း တံခါးရှေ့သို့ ပြေးကာ ဆွဲဖွင့်ပေးလိုက်သည်။

တံခါးရှေ့မှာ ရပ်နေသူကား သူ မျှော်လင့်ထားသော လူမဟုတ်ပါ။ အံ့သြထိတ်လန့်စိတ်နှင့် ခပ်အမ်းအမ်း ငြိမ်သက်သွားခိုက်တွင် ထိုလူက အကဲခတ်သယောင် စူးစိုက်ကြည့်လာ၏။

"ထွန်းစ .."

ရိုနန်ထိန်တင်က သူ့အား ခပ်တည်တည် ခေါ်သည်။

"မင်း .. ဘယ်နှယ့်လုပ် ဒီရောက်လာတာပဲ"

အတတ်နိုင်ဆုံး သတိထား၍ လေသံ လျှော့ပြောလိုက်သည်နှင့် တစ်ဆက်တည်းမှာ သူ့ လက်ချောင်းတွေ အေးစက်လာသည်။ ရိုနန်ထိန်တင်က ဘာမှ မပြောဘဲ သူ့ကို စေ့စေ့စပ်စပ် ကြည့်နေသည်။

"အဲ့ဒါက ငါမင်းကို မေးရမှာပါ။ မင်း သည်တိုက်ခန်းကို ဘယ်တုန်းက ဝယ်လိုက်တာလဲ"

သူက မျက်ခုံးနှစ်ဖက်ကို အသာပင့်ရင်း တံခါးဘောင်တွင် လက်မီကာ ..

"ဟို .. ဝယ်ထားတာ မဟုတ်ဘူး။ ငါ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူ သည်မြို့မှာ မရှိတုန်း ခဏနေခိုင်းထားတာ။ ငါလည်း မြို့တော်ကို သိပ်မကြာခင် ပြန်မှာဆိုတော့ အိမ်စောင့်ပေးရုံပဲ "

ထိန်တင် ခေါင်းတညိမ့်ညိမ့် လုပ်သည်။

"အထဲဝင်လေ"

ကိုယ်ကို ရို့၍ ဘေးဖယ်လိုက်လျှင် သူနှင့် မတိမ်းမယိမ်းရှိသော ထောင်ထောင်မောင်းမောင်း အရပ်နှင့် ရိုနန်ထိန်တင်က တစ်လှမ်းချင်း လှမ်းဝင်လာ၏။ ထိုစဉ် တံခါးဘုပေါ်မှ သူ့ လက်သူ သတိထားမိ၍ ချက်ချင်း ပြန်ရုတ်လိုက်ရသည်။ ရိုနန်ထိန်တင်ကတော့ မြင်မည့် ပုံမပေါ်ပါ။

Maiden SA ( Complete )Where stories live. Discover now