အခန်း-(၅၃)

16.2K 1.6K 51
                                    

Recommended song - Cash cash by Rachel Gardner B.i )

••••

ထိန်တင် နိုးလာသောအခါ ထွန်းစ ရှိမနေတော့ပါ။ ထို့ကြောင့် ထိန်တင်သည် အိပ်ရာပေါ်မှ မထနိုင်သေးဘဲ ထွန်းစနှင့် အတူအိပ်ခဲ့သည်မှာ အိပ်မက်များလားဟုပင် တွေးတောနေမိသည်။ သို့သော် ထိန်တင့် ရင်မှာ လူငွေ့အချို့ ဟပ်နေသကဲ့သို့ နွေးနေ၏။ ထိန်တင်သည် ထွန်းစအားညလုံးပေါက် ဖက်တွယ်ထားခဲ့သော်လည်း မိုးလင်းသောအချိန်တွင် ထွန်းစသည် ထွက်ခွာသွားပြီး လက်မောင်းများကြားထဲ၌ ဖက်လုံးတစ်လုံးကိုသာ ပစ်ထားခဲ့သည်။ ထို့ကြောင့် ဖက်လုံးနှင့် ထိန်တင့် ကိုယ်တွင် ထွန်းစ၏ ကိုယ်သင်းနံ့များ စွဲကျန်နေသည်မှာတော့ ငြင်းမရသည့် အမှန်တရားပေ။

ထွန်းစ၏ ပင်ကိုယ်ရနံ့မှာ ထုံပျပျ ရှိပြီး ယောက်ျားဆန်သည်။ အုံ့မှိုင်းနေသော တောအုပ်တွင်းမှ သစ်မြစ်ကောင်းတစ်ခုကဲ့သို့ လျှို့ဝှက်ဆန်သော ရနံ့မျိုးပင်။ တစ်ခါ ရှုရှိုက်ပြီးလျှင် ထပ်ထပ် ရှုရှိုက်ချင်မိသည်။ ထွန်းစသည် ရေမွှေးများစွာ စွတ်တတ်သဖြင့် သူ့ ကိုယ်ရနံ့ဟာ တော်ရုံမသိသာပေ။ ထိန်တင့် လိုမျိုး သူနှင့် အမြဲနေထိုင်ခဲ့သူမှသာလျှင် သိရှိနိုင်သည်။

ထိန်တင်သည် ကုတင်ပေါ်မှ နွမ်းခွေစွာ ထလာခဲ့သည်။ အိပ်ရာသိမ်း၍ ကိုယ်လက်သန့်စင်ကာ အခန်းပြင် ထွက်စဉ်တွင် ကော်ရစ်တာ၏ အစွန်ပိုင်း၌ ထွန်းစကို တွေ့ရ၏။ ထွန်းစက စာရေးမတစ်ဦးနှင့် စကားပြောနေသည်။

ထိုစာရေးမဟာ ထိန်တင် မျက်မှန်းတန်းမိသည့် ငယ်ငယ်ချောချော ကောင်မလေးဖြစ်သည်။ သူတို့ ပြောနေသည့် စကားဝိုင်းဟာ မည်မျှပင် ရိုးသားသည် ဆိုစေ၊ ထိန်တင့် ရင်မှာတော့ မီးစနှင့် ထိုးမွှေသကဲ့သို့ ပူလောင်သွားသည်။ ထွန်းစ၏ အကြောင်းကို သိထားသူမို့ ပိုမို စိတ်ပူမိ၏။

သူမှ လွဲ၍ တခြားသူများနှင့် အတူရှိလျှင် ထွန်းစ၏ အပြုအမူများဟာ အဆိပ်ပြင်းလွန်းလှသည်။ ကိုယ်တိုင် ဖန်တီးယူထားသည်မျိုးမဟုတ်ဘဲ သူ့ အလိုလို ဖြစ်တည်လာသည့် ဟန်ပန်များဟာ ချုပ်နှောင်နိုင်စွမ်းပြည့်ဝ၍ လွတ်မြောက်နိုင်ရန်မှာ ခက်ခဲသည်။

Maiden SA ( Complete )Where stories live. Discover now