အခန်း-(၃၇)

16.5K 1.6K 160
                                    

( Recommended song - Perfect by Ed sheeran )

ဒီအခန်းမှစပြီး နောက်ထပ် လာမဲ့ အခန်းအားလုံးကို ဘယ်နေရာပေါ်မှာမှ spoil မလုပ်ဖို့ ကျနော် အနူးညွှတ်တောင်းဆိုပါတယ်ခင်ဗျာ။

*Romance scenes များမပါ xD

••••

ထိန်တင်သည် ဖြူအီလှသော လောင်းကုတ်၏ လက်ဖျားကို ကြယ်သီးစေ့တပ်ရင်း ခြံတံခါးဝသို့ လှမ်းလာသည်။ နံနက်ခင်း တေးချိုသာ၏ ပဲ့ကိုင်ရှင်ဖြစ်သည့် ဉသြငှက်တို့မှာ ပင်အိုများတွင် တန်းစီလျက်မှ သခင်လေးကို ကြိုဆိုသည့်အလား ပိုမို မြည်တွန်လိုက်ကြ၏။

ထိန်တင်သည် စာတိုက်ပုံးထဲမှ စာများကို ထုတ်ယူကာ အိမ်တော်ထဲသို့ ပြန်ဝင်လာခဲ့သည်။ စာများထဲတွင် ထိန်တင့်အမည်နှင့် ပေးစာဟာ ထွန်းစထံမှ ဖြစ်သည်။ ကျန်စာများမူ လူကြီးများနှင့် သက်ဆိုင်သည့်အတွက် ထိန်တင် သေချာမသိ။

"စာတွေရောက်ပြီလား ရိုနန်"

လေးငယ်က ဧည့်ခန်းထဲသို့ လှမ်းလာကာ ထိန်တင့်ကို မေးသည်။ ထိန်တင်က စာများကို စစ်နေရင်းမှ ခေါင်းငြိမ့်ပြကာ လေးငယ်ဆီသို့ ထူးဆန်းစွာ ကြည့်မိသည်။

"လေးငယ်နာမည်နဲ့ စာပါတယ်"

"ဟင်။ လေးငယ်ဆီကို ဘယ်သူမှ ပို့စရာမရှိပါဘူး"

လေးငယ်က ထိန်တင့်အနီးသို့ ချဉ်းကပ်လာကာ နဝေတိမ်တောင်မျက်နှာထားနှင့် သူ့အတွက်စာကိုယူသည်။ ထို့နောက် ထိန်တင့်ရှေ့မှာပင် ဖွင့်ဖတ်၏။

"ပို့သူရဲ့ နာမည်လဲမပါဘူး"

လေးငယ်သည် အဖြူလွလွစာရွက်ကို ဖတ်နေလျက်မှ မျက်ခုံးတန်းများ စုကြုံ့သွားသည်။ လေးငယ်၏ နှုတ်ခမ်းလွှာတစ်စုံမှာ ပွင့်ဟလာပြီး မျက်ဝန်းများက ဝင်းဝင်း လက်၍ တုန်တုန်လှုပ်လှုပ် ရမ်းခါနေသည်။

"ဘယ်သူ့ဆီကစာလဲ လေးငယ်"

ထိန်တင်က လေးငယ်၏ ဘေးသို့ ယှဉ်ရပ်မည်ပြုစဉ် လေးငယ်သည် စာရွက်ကို လျှင်မြန်စွာ ခေါက်ချလိုက်၏။

"ဘာမှမဟုတ်ဘူး ရိုနန်"

ထိန်တင်က ကိုယ်ရှိန်သတ်လိုက်ရင်း လေးငယ်ကို အကဲခတ်ကြည့်သည်။ သိသာစွာ ပျက်ယွင်းနေသော အမူအရာများဟာ လေးငယ်၏ မျက်နှာတွင် ပေါ်တလှည့်၊ မြှုပ်တလှည့် စီပတ်နေ၏။ လေးငယ်သည် ထိုစာရွက်ကို လက်တွင်း သေချာစွာ ခေါက်၍ သူ့အခန်းထဲသို့ ဂယောက်ဂယက် ဝင်သွားသည်။

Maiden SA ( Complete )Where stories live. Discover now