အခန်း-(၃၄)

17.2K 1.7K 80
                                    

Recommended song - Noah by The Jubalaires .

•••••

ရိုချယ်သည် ခြံတံခါး၏ ရှေ့တွင် ရပ်လျက် ဝမ်းသာအားရ ပြုံးပြနေသည်။ ထိုစဉ် သံဘောင်များကြား၌ ဆန့်တန်းထားသော လက်တစ်ဘက်က လှုပ်ရှားသွားကာ ရိုချယ့် ပုခုံးနှစ်ဘက်ကို ဖိကိုင်လာ၏။

မှောင်မည်းနေသော ညအရိပ်ဟာ ထိုလူ၏ အလယ်အလတ် အသားအရည်ကို ခပ်ညိုညို ရှိသွားစေသည်။ မျက်ရစ်မပါသော မျက်ဝန်းသေများက တောက်ပနေကာ ထောင့်နှစ်ဘက်၌ သိသာစွာ ရဲကျိန်းနေ၏။ ရိုချယ်သည် သူမအား ကြည့်၍ ခပ်မိန့်မိန့် ပြုံးလာသော ထိုသူကို အနည်းငယ် ကြောက်ရွံ့သွားမိသည်။ သူ့ အပြုံးဟာ နတ်ဆိုးတစ်ကောင်၏ စိတ်ကျေနပ်နေသော ဟန်ပန်မျိုးဖြစ်သည်။

ထိုလူသည် ညီညာလှပသော နှုတ်ခမ်းများကို ဟ၍ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ထိုအခါ ဖြူ၍ ကြည်လင်သော သွားတန်းများက ဖွေဖွေးလျလျ ပေါ်လာ၏။ သူ့ သွားများထဲတွင် ရှေ့သွားနှစ်ချောင်းက မသိမသာ ကြီးကာ ပုလဲလုံးများကဲ့သို့ နုဖန့်နေသည်။ သူ့မျက်နှာက ချောမောသော်လည်း သူ့ရယ်သံမှာမူ အကျည်းတန်၍ ကြောက်ဖွယ်ကောင်းနေသည်။

ရိုချယ်သည် အနောက်သို့ ခြေတစ်လှမ်း ဆုတ်၍ ခွာလိုက်စဉ်တွင် ပုခုံးပေါ်ရှိ လက်ချောင်းများက ပိုတင်းကြပ်သွားသည်။

"ကိုကို .. "

" ကိုကို .. ဟုတ်သလား။ ကလေးမက ထွန်းစကို ကိုကိုလို့ခေါ်တာလား"

ထိုလူ၏ အသံမှာ သြရှအောင်မြင်၍ ခပ်နက်နက် ခပ်အက်အက် ရှိသည်။ လေသံ၏ အရွေ့၌ တစ်ချက် တစ်ချက်တွင် ပျက်ရယ်ပြုမှုများလည်း ရောယှက်နေ၏။ ပိုးတိုးသံ တကျီကျီများကြားတွင် ရိုချယ်သည် ကိုကို့အား ဉဿုံကြောက်လာမိသည်။ သို့ဖြစ်၍ သူ့ လက်များကို အတင်းခွာ၍ နေရာမှ ပြေးထွက်ဟန် ပြုသည်။ သို့သော် တစ်ဘက်မှ လူက ကလေး၏ ပုခုံးများကို ပိုမိုအားထည့် ဆုပ်ကိုင်၍ ခြံတံခါး သံတိုင်များဆီသို့ ဆွဲကပ်ပစ်သည်။

ရှည်လျားနူးညံ့သော ဆံပင်ကောက်လေးများက ဝေ့ဝဲသွားခိုက်တွင် ရိုချယ်၏ နဖူးဟာ သံတိုင်သို့ ပြင်းထန်စွာ ဆောင့်မိသွားသည်။

Maiden SA ( Complete )Where stories live. Discover now