အခန်း-(၆၄)

19.3K 1.9K 174
                                    

Spoil ခြင်းသည်းခံပါ။

Recommended song - Hold on by Chord overstreet.

••••

ထိန်တင်သည် လေးငယ်၏ သေဆုံးမှူအား ထပ်ခါတလဲလဲ စစ်ဆေးခဲ့သည်။ သူ ယူဆခဲ့မိသော သံသယမှာ မယုံကြည်နိုင်ဖွယ်ရာဖြစ်၍ နောက်ထပ်အဖြေတစ်ခု ရလိုရငြား လှည့်လည် စုံစမ်းခဲ့သော်လည်း မြှားဦးများမှာ သူ ငြင်းဆန်နေသော သူဆီသို့သာ တိုက်ရိုက်သွားနေခဲ့ပါသည်။ ထို့ကြောင့် ထိန်တင်သည် ထွန်းစ၏ ပြောင်တင်းလှသော ရှောင်ဖယ်မှူအား ဒေါသထွက်ခဲ့မိသည်။ ကနဦးတွင် ထွန်းစသည် သူ့အား တမင် လိမ်နေသည်ဟု ထင်ခဲ့သော်လည်း အသည်းနှလုံးများကို စတေးရက်သည်အထိ ပြတ်သားလာချိန်မှာတော့ ထွန်းစ၏ စိတ်ကျန်းမာရေးအပေါ် ထိန်တင် သတိထားမိလာသည်။

ထွန်းစတွင် စိတ်ဒဏ်ရာများ ရှိခဲ့သည်ကို ထိန်တင် ကောင်းစွာ သိသည်။ ထွန်းစ၏ ငယ်ဘဝကိုလည်း သူ နားလည်ထားပါသည်။ ထို့ကြောင့် စိတ်ကျန်းမာရေးနှင့် ပတ်သတ်၍ မသိုးမသန့်ဖြစ်လာပြီးနောက်တွင် ထွန်းစထက် ပို၍ ထွန်းစ၏ အပြုအမူများကို စေ့စေ့ ကြည့်ထားသူ ထိန်တင့်အဖို့ သဲလွန်စများမှာ ရှာရ လွယ်ကူသွားခဲ့သည်။

ထွန်းစတွင် ထွန်းစကိုယ်တိုင် မသိသော အလေ့အကျင့်များ ရှိသည်။ ယင်းတို့အနက်မှ တစ်ခုမှ ဖြစ်သော အချိန်ဇယားရေးခြင်းသည် ထိန်တင့်အတွက် ကောက်ရိုးတစ်မျှင် ဖြစ်သွားခဲ့ပါသည်။

ထွန်းစက အမြဲတစေ အချိန်ဇယားရေးတတ်သည် မဟုတ်သော်လည်း များသောအားဖြင့် ရေးမှတ်တတ်သည်။ ထိုသို့ ရေးမှတ်တတ်သည်ကို သူ့ကိုယ်သူ မသိပါ။

မှတ်မှတ်ရရ အထက်တန်းကျောင်းသား ဘဝမှာပင် ထွန်းစ အချိန်ဇယားရေးနေသည်ကို ထိန်တင်  တစ်ခါ တွေ့ဖူးသည်။ ထိုစဉ်က စာမေးပွဲနီးနေသည်ဖြစ်၍ ဖိဖိစီးစီး စာလုပ်ဖြစ်အောင် မှတ်ထားသည်ဟုသာ ယူဆခဲ့မိသည်။ အမှန်တော့ ထွန်းစဟာ သူ့ ရောဂါ၏ အကျိုးဆက်အရ အချိန်နှင့် နေ့ရက်များကို ဝေဝါးနေသဖြင့် ထိုသို့ ရေးခဲ့ခြင်းဖြစ်ပါသည်။

လေးငယ် ဆုံးပြီးနောက် ကာလများတွင် ထိန်တင်သည် ထွန်းစ အိတ်ထဲမှ အချိန်ဇယားရေးသည့် စာအုပ်လေးတစ်အုပ်ကို အမှတ်မထင် တွေ့ခဲ့မိသည်။ တစ်ဖက်သား၏ ကိုယ်ရေးကိုယ်တာကိစ္စအား ထုတ်ဖတ်ရန် ဆန္ဒမရှိသော်လည်း လေးငယ်၏ သေဆုံးမှုနှင့် ပတ်သတ်၍ ထွန်းစအပေါ် သံသယမကင်းဖြစ်နေမိသောကြောင့် စာအုပ်ကို ထိန်တင် ယူဖတ်လိုက်ပါသည်။

Maiden SA ( Complete )Where stories live. Discover now